Monday 18 May 2015

ဖားကန့်ဒေသတွင် ကျောက်စိမ်း အလွန်အကျွံ တူးဖော်ခြင်းမပြုရန် အမျိုးသားလွှတ်တော်သို့ တင်သွင်းမည်


ဖားကန့်ဒေသ ကျောက်မျက်တူးဖော်ရေး လုပ်ငန်းခွင်ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဟိန်းမင်း)
ဖားကန့်ဒေသတွင် ကျောက်စိမ်းအလွန်အကျွံ မတူးဖော်ရန် အမျိုးသားလွှတ်တော်တွင် တင်သွင်းဆွေး နွေးမည် ဖြစ်ကြောင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မဲဆန္ဒနယ် အမှတ်(၁)မှ  အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန်က The Daily Eleven သို့ ပြောကြားသည်။



ဦးခက်ထိန်နန်က “အခုကျင်းပဆဲ အမျိုးသားလွှတ်တော်မှာ တင်ထားတာပေါ့။ ဆွေးနွေးဖို့ကတော့ အချိန် ရမှပါ။  ဖားကန့်ဒေသနဲ့ပတ်သက်ပြီး ကုမ္ပဏီတွေက ကျောက်စိမ်းတူးတာနဲ့ပတ်သက်ပြီး ပေလေးငါးရှစ်ရာ လောက်နက်တယ်။ ချိုင့်ဝှမ်းကြီးတွေ ဖြစ်ကုန်တယ်။ မြေစာတွေ တောင်လိုပုံတယ်။ ကျောက်စိမ်းကုန်လို့ အားလုံးပြန်ရင် ကျွန်တော်တို့ပြည်နယ် ကျွန်တော်တို့ဒေသမှာ မြေမျက်နှာပြင် ဧကသိန်းချီ ပျက်စီးနိုင် တယ်။ ချိုင့်ဝှမ်းတွေရေ အိုင်ကြီးတွေ ကျန်ခဲ့မှာ။ ရွာတွေရွှေ့ရမယ်။ အဆိုတင်မှာက မြေမျက်နှာပြင်တွေ နဂိုအတိုင်း ပြန်လည်ပြုပြင်ထားပေးဖို့ပေါ့။ နှစ်ရှည်ပင်တွေ ပြန်စိုက်နိုင်အောင်တော့ အဆိုတင်ဖို့ ရှိပါတယ်။ ဥရုချောင်းနဲ့ ပတ်သက်ပြီး ၂၀၁၂ ခုနှစ်က တင်ပြီးပြီ။ အစိုးရအဖွဲ့တွေနဲ့လည်း ထိတ်တိုက်တိုးခဲ့ရတယ်။ ဥရုမြစ်ကြီးလည်း နှစ်ပေါင်း ၂၀ လောက် ကုမ္ပဏီတွေက ပတ်ဝန်းကျင်ကို လုံးဝလျစ်လျူရှုပြီး တူးစားပြီး ပစ်ထားလာခဲ့တာ ဥရုမြစ်လည်း မြောင်းလောက်ပဲ ရှိတော့တယ်လို့ တင်ပြတယ်။ ကျောက်မျက်လည်း ဒီအတိုင်းတာတူးရင်နှစ် ၂၅၊ ၃၀ မှာ ကုန်သွားနိုင်တယ်။ ကျောက်စိမ်းမှာ အရေခွံဆိုတာ မရှိတော့ဘူး။ ကုန်းတစ်ပိုင်း ရေတစ်ပိုင်း ရေမုန်ထုခွန်စာလည်း မရှိသလောက် ဖြစ်နေပြီ။ ကမ္ဘာမှာ ကျွန်တော်တို့ နိုင်ငံ၊ ကျွန်တော်တို့ပြည်နယ် တစ်ခုတည်းပိုင်တဲ့ အဖိုးတန်ရတနာအချို့ဟာ ကုန်သွားပါပြီ။ ဖားကန့်ဒေသမှာ မြေမှန်ဆိုတာ မရှိတော့ဘူး၊ ကုန်သွားပြီ။ တရုတ်နိုင်ငံကတောင် နှစ်ပေါင်း ၃၀ လောက်ကြာရင် ကျောက်စိမ်း ကို တရုတ်ပြည်မှာ လာကြည့်ဖို့ ပြောနေပြီ။ ဒါကြောင့် ကျောက်စိမ်းတွေ ရာသက်ပန် မပျောက် ပျက်အောင် စနစ်တကျ တူးဖော်ရအောင်။ ဗုံးပေါလအော မတူးဖြစ်အောင်လို့ တင်ပြမှာပါ။ ကျောက် ရိုင်းတွေကို ဒီအတိုင်း ထုတ်ရောင်းရတာလည်း တရုတ်နိုင်ငံကို ရတနာသိုက်လို ရွှေ့ပြောင်းရတာနဲ့ တူနေတယ်။ ဒီဟာလည်း ကုန်ချောဖြစ်မှ ထုတ်လုပ်ရောင်းချ နိုင်မှာဖြစ်လို့  ဒါကို စနစ်တကျ ဆောင်ရွက်နိုင်အောင် ပြန်တင်ပြမှာပါ။ ဖားကန့်ဒေသကို စိုးရိမ်စရာပါ။ ဘက်ဖိုးဆိုရင်အား ၅၀၀ လောက်ပဲ။ အခုအား ၃၅၀၀ လောက်တွေနဲ့ တူးနေတယ်။ နေ့နေ့ညည တူးနေတော့ မြေကုန်တာ အင်မတန် မြန်နေတယ်။ တင်ပြစရာရှိတာ တင်ပြသွားမှာပါ။ စနစ်တကျတူးမှသာ ဈေးကွက်၊ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းထားနိုင်မှာပါ” ဟုဆိုသည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန်သည် ၂၀၁၂ မှာ ကျောက်စိမ်းကျောက်မျက်နှင့် သယ်ယူခြင်း၊ ၂၀၁၃ မှာ ငြိမ်းချမ်းရေးအတွက် ကချင်တိုင်းရင်းသား လက်နက်ကိုင်များနှင့် တပ်မတော်တို့ တိုက်လေယာဉ်များဖြင့် ထိုးစစ်ချက်ချင်းရပ်တန့် ရန်နှင့် ၂၀၁၄ ခုနှစ် ဇူလိုင်လတွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရာမှာ လူထုပါဝင်ဖို့ ပြည်ထောင်စု အစိုးရပါဝင်ဖို့ အဆိုတင်သွင်းခဲ့ကြောင်း သိရသည်။

အစိုးရ သတ္တုတွင်းဝန်ကြီးဌာန၏ စာရင်းများအရ ဖားကန့်ဒေသတွင် ပုဂ္ဂလိက ကုမ္ပဏီ ၈၀၈ ခု တစ်ဧက လုပ်ကွက်ပေါင်း ၁၅၆၃၈ ကွက်၊ အကျိုးတူကုမ္ပဏီ ၂၂၂ ခု လုပ်ကွက်ပေါင်း ၃၀၂ ကွက်ရှိပြီး ကျောက်မျက် ကုမ္ပဏီအများစုမှာ ယခုအချိန်တွင်ပြန် လည်လုပ်ကိုင်နေကြပြီ ဖြစ်သည်။

ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဖားကန့်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ဦးအင်ဖရောင်ဂမ်က “ဖားကန့်ဟာ ကျွန်တော့် မဲဆန္ဒနယ်မှာပါတော့ ကျောက်စိမ်းစနစ်တ ကျတူးဖော်ရေး၊ ဥရုမြစ်ရေ စီးရေလာကောင်းမွန်ရေး၊ သဘာ၀၀န်းကျင် ထိန်းသိမ်းရေးကော်မတီကို ကျောက်စိမ်းရုံး လက်အောက်ခံ မဟုတ်ဘဲ သစ်တောလက်အောက်ခံဖြစ်ရေး၊ ဥရုမြစ်ဆယ်ယူရေး၊ ကျောက်စိမ်းနဲ့ ပတ်သက်တဲ့ အခွန် စနစ်စတဲ့ အများကြီး အဆိုတင်တယ်။ ဖားကန့်ဟာ ရွာတွေ၊ ချောင်းတွေ၊ တောင်တွေအများကြီး တူးကုန် လိုက်ပြီ။ ထိန်းထိန်းသိမ်းသိမ်း တူးသင့်နေပါပြီ။ မြေမှန်ကြောက ကျောက်စိမ်းကုန်ပြီ။ မြေအောက်မှာ ဘယ် လောက် ကျန်နိုင်တယ်ဆိုတာ မသိဘူး။ ရေခွံ၊ ရေမှုန်ထု စတဲ့ကျောက်စိမ်း အမျိုးအစားလည်း ဒီနောက်ပိုင်း မမြင်ဖူးအောင် ရှားသွားပြီ။ ကျွန်တော်တွေ့နေရသလောက် ကြက်သွေးကြောနှင့် အမဲကြောလောက်ပဲ ကျောက်စိမ်းကြောရှိတော့တယ်။ စိတ်မ ကောင်းဖြစ်ရတာက ကျောက်မျက်ပြပွဲတွေမှာ အစိုးရနှင့် အကျိုးတူ ကုမ္ပဏီတွေက ကျောက်စိမ်း အဖိုးတန်ကြီးတွေ ပါဝင်ပြသတာ မတွေ့ရသလောက်ပဲ။ အခုက နေရာတိုင်း မှာ အချိန်ပြည့် စက်ယန္တရားကြီးတွေနဲ့ တူးနေတော့ မြန်မြန်ကုန်တယ်။ ထိန်းသင့်ပါပြီ”ဟု ပြောကြားသည်။

ဖားကန့်ဒေသတွင် ကျောက်စိမ်းတူဖော်သည့် ကုမ္ပဏီများက ဥရုမြစ်နှင့် ယင်းမြစ်လက်တက်များပေါ်တွင် စည်း ကမ်းမဲ့မြေစာများ စွန့်ပစ်နေခြင်းကြောင့် ဥရုမြစ်ကြမ်းပြင် ပေ၂၀ ကျော်မြင့်တက်လာကာ ဖားကန့် မြို့နှင့် ယင်းဒေသ ကျေးရွာများတွင် နှစ်စဉ်ရေလွှမ်းမိုး ခံရသည်မှာ ၁၀ နှစ်နီးပါး ရှိလာခဲ့ပြီဖြစ်သည်။

အလွန်အကျွံ ကျောက်စိမ်းတူးဖော်မှုကြောင့် ဖားကန့်ဒေသအတွင်းရှိ သဘာဝတောင်အလုံး ၅၀ လုံးခန့်နှင့် ချောင်းများ၊ ချောက်များ ပျောက်ကွယ်သွားပြီး သဘာဝဘေးအန္တရာယ်များဖြစ်သည့် ရေးကြီးခြင်း၊ အပူချိန် မြင့်မား လာခြင်များ ကြုံတွေ့နေရကြောင်း သိရသည်။ ကျောက်စိမ်းတူးဖော်မှုကြောင့် ဖားကန့်မြို့ပေါ်ရှိ မှော်မောင်းလျှံကျေးရွာ၊ ကာလီချောင်ရွာ၊ ဆွတ်ငိုင်ယန်ရွာ၊ ဖားကန့်ကြီးကျေးရွာတို့အပြင် အခြားသော ကျေးရွာဒေသများတွင် ကျေးရွာများပြောင်းရွှေ့ရခြင်း၊ ပျောက်ကွယ်သွားခြင်းများလည်း နေရာအနှံ့ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ဖားကန့်ဒေသကို အကြိမ်ကြိမ်လေ့လ ဖူးပြီး  မြစ်ကြီးနားတက္ကသိုလ်မှ ဘူမိဗေဒ ပါ ဂူဘွဲ့ရ ဒေါက်တာ အောင်နိုင် သူက “ကျောက်စိမ်းမှာ နက်ဖရိုက်၊ ဂျေဒိုက်ဆိုပြီး နှစ်မျိုးရှိတယ်။ ဖားကန့် ကျောက်စိမ်းက ကမ္ဘာ့အကောင်းဆုံး ဂျေဒိုက်အမျိုးအစားပါ။ ကျောက်စိမ်းက ကျောက်သက်တမ်း အနုအရင့်နှင့် မဆိုင်ဘူး။ ကျောက်လွှာကြီးတွေ တိုးတိုက်မှုကြောင့် တစ်ခုသော အပူချိန်၊ တစ်ခုသော ဖိအားရဲ့အောက်မှာ  ကိုက် ညီ မှုရှိတဲ့  ဒြပ်စင်တွေကြောင့် ဖြစ်လာတာပါ။ ပညာရှင်တွေရဲ့ စမ်းသပ်ချက်အရဆိုရင် နောက်မဖြစ်နိုင် တော့ဘူး။ မွေးမြူလို့မရဘူး။ တိုက်ကြီးတွေတိုက်ရင်တောင်မှ တိုက်တိုင်းမဖြစ်ဘူး။ တူညီတဲ့ အပူချိန်၊ ဖိအား၊ ဒြပ်စင်တွေလိုပါတယ်။ နောင်တစ်ချိန်မှာ သံယဇာတ ကျိန်စာသင့်မှာစိုးလို့ စာသင်တိုင်း လည်း တပည့်တွေကို ပြောပါတယ်။ ကျွန်တော်တို့ နိုင်ငံကျတော့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေကလည်း စနစ်တကျမရှိတော့ ၀မ်းနည်းစရာ ဖြစ်ပါတယ်။ သေချာတာကတော့ ကျောက်စိမ်းဟာ အတိုင်းအတာ တစ်ခု အထိပဲ ထွက်မှာပါ” ဟု သုံးသပ်ပြောကြားခဲ့သည်။

ဖားကန့်ဒေသတွင် ကျောက်စိမ်းထွက် ရှိနိုင်သည့် ဒေသများမှာ ကံဆီး၊ လုံးခင်း၊ ဖားကန့်၊ ဆိပ်မူ၊ ဟောင်ပါး၊ တာမခံ စသည့် ကျေးရွာဒေသများဖြစ်ပြီး ကျောက်စိမ်းနှင့် ကျောက်စိမ်းမျိုးနွယ်ဝင် ထွက်ရှိနိုင်သည့် ဧကပေါင်း ၁၅၀၀၀ နေရှိပြီး ယင်းဧက အားလုံးမှာ ပုဂ္ဂလိကကုမ္ပဏီများနှင့် နိုင်ငံတော်နှင့် အကျိုးတူ ကုမ္ပဏီများ လက်သို့ ရောက်ရှိနေကြောင်း သိရသည်။ ၂၀၁၄ခုနှစ် အစိုးရမှ ကောက်ယူထားသော စာရင်း များအရ  ဖားကန့်ဒေသတွင် အိမ်ထောင်စု  ၃၃၁၂၈  ကျော်၊ လူဦးရေ ၃၁၂၅၂၈ ဦးကျော် ကျေးရွာ အုပ်စုပေါင်း ၂၁ စု ကျေးရွာပေါင်း ၁၁၆ ရွာအနက် ၅၄ ရွာသာ ပြည်ထဲရေး အမည်ပေါက်ဖြစ်ပြီး ကျေးရွာ ၆၆ ရွာမှာ ထပ်တိုးရွာများဖြစ်ကြောင်း အစိုးရရုံး မှတ်တမ်းများအရ သိရသည်။

၂၀၁၁ ခုနှစ် ဇွန် ၉ ရက်မှ စတင်ကာ အစိုးရတပ်မတော်နှင် ကချင်တိုင်းရင်းသား လက်နက်ကိုင် ကေအိုင်အေ အဖွဲ့တို့ မိုးမောက်မြို့နယ်တွင် စစ်ပွဲများ စတင်ဖြစ်ပွားခဲ့ရာ စစ်ပွဲများ ကချင် တစ်ပြည်နယ်လုံး ပျံ့နှံ့လာပြီး ဖားကန့်ဒေသတွင် ကျောက်စိမ်းတူးဖော်ခွင့်ကို ၂၀၁၂ ခုနှစ်မေ ၃၀ ရက်၌ စတင်ကာ အစိုးရမှ တရားဝင် ပိတ်သိမ်းကြောင်း ကြေညာခဲ့ပြီး ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁ ရက်မှ ပြန်လည် တူးဖော်ခွင့်ပြုခဲ့သည်။

နှစ်နှစ်ကျော်ကြာ ကျောက်မျက်တူးဖော်ရေး လုပ်ငန်းများ ရပ်ဆိုင်းနေစဉ် ကျောက်မျက် လုပ်ကွက်များ အတွင်းနှင့် အပြင်ဒေသများတွင် တိုက်ပွဲများဖြစ်ပွားခြင်း၊ ကျောက်မျက် ကုမ္ပဏီများတွင် ကြီးမား ပြင်းထန်သော  ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ပြီး ကုမ္ပဏီပိုင် စက်ယန္တရားများ လောင်စာဆီများ အဆောက် အအုံများ  ဖျက်ဆီးခံရခြင်း၊ ခိုးယူခံရခြင်း၊ ကျောက်မျက်ရိုင်းများ ခိုးယူခံရခြင်းများ၊ တိုက်ပွဲအတွင်း  အရပ် သားများ သေဆုံးခြင်း၊ ကျေးရွာအတွင်း လက်နက်ကြီးများထိမှန်ခြင်း၊ တရားမ၀င် ကျောက်မျက် တူးဖော် သူများ၊ အရပ်သားများ မိုင်းနင်းမိပြီး သေဆုံးခြင်း၊ ခြေလက် အင်္ဂါများ ချို့တဲ့သွားခြင်း၊ စာသင် ကျောင်းများ ပိတ်ခဲ့ရပြီး န၀မတန်း ကျောင်းသူတစ်ဦး တိုက်ပွဲအတွင်း သေဆုံးခြင်း၊ ကျေးရွာများ ရွာလုံးကျွတ် ဖားကန့်မြို့နှင့် စစ်ပွဲလွတ်ရာ နေရာများသို့ ထွက်ပြေးရခြင်း စသည်တို့ ဖြစ်ပေါ်ခဲ့သည်။

Eleven Media Group​ 

No comments:

Post a Comment