Wednesday 1 April 2015

သမ္မတ ပညာသင်ဆုအတွက် မေးခွန်းများ


သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် မြန်မာကျောင်းသားများအတွက် နိုင်ငံခြားပညာသင်ဆုအစီအစဉ်ကို အကောင်အထည်ဖော်နေရာ ယခုအခါ တတိယအသုတ် လူတွေ့စစ်ဆေးသောအဆင့်သို့ ရောက်နေပြီဖြစ်သည်။ နိုင်ငံတော်သမ္မတ ပညာတော်သင်ဆုရွေးချယ်ရေးကော်မတီကို နိုင်ငံတော်သမ္မတရုံးက ၂၀၁၄ ဧပြီ ၇ ရက်စွဲဖြင့် အမိန့်ကြော်ငြာစာထုတ်ပြန်ခဲ့ပြီး ကော်မတီဥက္ကဋ္ဌအဖြစ် ထွန်းဖောင်ဒေးရှင်းဘဏ်ဥက္ကဌ ဦးသိန်းထွန်း၊ အဖွဲ့ဝင်များအဖြစ် ကမ္ဘောဇဘဏ်ဥက္ကဋ္ဌဦးအောင်ကိုဝင်း၊ သမ္မရုံးဝန်ကြီးများဖြစ်သော ဦးစိုးသိမ်း၊ ဦးတင်နိုင်သိန်း၊ နိုင်ငံတော်သမ္မတအကြံပေးများဖြစ်သော ဒေါက်တာအောင်ထွန်းသက်၊ ဒေါက်တာရင်ရင်နွယ်၊ ဒေါက်တာရီရီမြင့်၊ ဒေါက်တာကျော်ရင်လှိုင်၊ ဒေါက်တာသန့်မြင့်ဦး၊ အတွင်းရေးမှူးအဖြစ် ပညာရေးဝန်ကြီး ဒေါက်တာခင်စန်းရီတို့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

ကော်မတီဖွဲ့စည်းခဲ့သည်မှာ တစ်နှစ်ခန့်ရှိနေပြီဖြစ်သလို တတိယအသုတ် လူတွေ့စစ်ဆေးသော အဆင့်သို့ ရောက်ရှိနေသော်လည်း နိုင်ငံတော်သမ္မတပညာတော်သင်ဆုသည် ပဟေဠိများဖြင့် ပြည့်နှက်နေဆဲဖြစ်သည်။ နိုင်ငံတော်သမ္မတ ပညာတော်သင်ဆုပေးအပ်မည့် ကျောင်းသားအရေအတွက်၊ ပညာသင်ထောက်ပံ့စရိတ်ပမာဏ၊ ပညာတော်သင်ဆုရွေးချယ်ခံရသူများအတွက် ကတိက၀တ်နှင့် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက် စသည့်အကြောင်းရာများနှင့် မူဝါဒရေးရာများကို ထုတ်ပြန်ကြေညာမှုမရှိသေးပေ။ ပညာရေးလေ့လာသူများနှင့် ပညာရေးဝန်ထမ်းများသာမက လူတွေ့ဖြေဆိုအောင်မြင်ထားသော ကျောင်းသားများသည် နိုင်ငံတော်သမ္မတ ပညာတော်သင်ဆုအစီအစဉ်နှင့် ပတ်သက်၍ တိကျသေချာသော သတင်းအချက်အလက်များ မရရှိထားကြောင်း ဝေဖန်ပြောဆိုနေကြသည်။

‘‘ဒီဇင်ဘာလထဲမှာ ရေးဖြေဖြေပြီးတော့ အင်တာဗျူးဖို့ နာမည်ပါလာတာ။ အဲဒီကနေ အင်တာဗျူးဖြေပြီးတော့ ဆန်ခါတင်ရွေးမယ်ပြောတယ်။ အခုကြားတာက စာချုပ်လိုမျိုးပေါ့။ ပညာသင်ကာလရဲ့ နှစ်ဆကို ဒီမှာပြန်လုပ်ပေးရမယ်ပြောတယ်။ ပညာသင်နေတဲ့အချိန် ကုန်ကျစရိတ်ကိုတော့ ဘယ်လိုပေးမယ်ဆိုတာ မပြောသေးဘူး။ နေစရိတ်၊ စားစရိတ်၊ ကျောင်းလခ အဲ့ဒါတွေကို အတိအကျတော့ မသိရသေးဘူး။ အခုက အင်တာဗျူးပဲ ဖြေရမယ်ဆိုတော့လေ’’ဟု စင်ကာပူနိုင်ငံရှိ နန်ယန်းတက္ကသိုလ်တွင် အင်ဂျင်နီယာပါရဂူဘွဲ့တက်ရောက်ရန် ပြင်ဆင်နေသော ကျောင်းသူတစ်ဦးကပြောသည်။

နိုင်ငံတော်သမ္မတ ပညာတော်သင်ဆု အစီအစဉ် ဆန်ခါတင်စာရင်းတွင် ရွေးချယ်ခံထားရသော ကျောင်းသားများသည် အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျ စသည့် ကမ္ဘာ့ထိပ်တန်းနိုင်ငံများတွင် တက္ကသိုလ်တက်ရောက်ရန် ပြင်ဆင်နေကြသည်။ ယင်းကဲ့သို့ ကမ္ဘာ့ထိပ်တန်းနိုင်ငံများတွင် ဘွဲ့ကြိုဒီဂရီသင်တန်းအများစု၏ ကျောင်းလခသည် တစ်နှစ်လျှင် ဒေါ်လာ ၁၅,၀၀၀ မှ ၃၃,၀၀၀ ကြား၊ ဆေးပညာဘာသာရပ်များကဲ့သို ဘာသာရပ်အချို့သည် တစ်နှစ်လျှင် ကန်ဒေါ်လာ ၅၀,၀၀၀ မှ ၆၀,၀၀၀ ကြားကုန်ကျမည်ဖြစ်သည်။

‘‘အခု ကျွန်တော် စဉ်းစားမိတာက ပညာသင်ဆုအတွက် ဘယ်လောက် အကုန်အကျခံပြီးပေးမှာလဲ။ ဘယ်နှယောက်ပေးမှာလဲ။ မြန်မာနိုင်ငံမှာ ပြန်လည်အကျိုးပြုဖို့ ဘယ်လိုဘာသာရပ်တွေကို ပေးမှာလဲဆိုတဲ့ သတင်းအချက်အလက်တွေ ရှာမတွေ့တာပါ။နောက် ဒီနှစ်ရွေးချယ်လိုက်ပြီဆိုပါစို့။ အစိုးရများ အပြောင်းအလဲဖြစ်သွားရင် သူတို့ကို ဆက်ထောက်ပံ့မှာလား၊ ဒီပရောဂျက်က ရပ်သွားမှာလား၊ ဆေးကျောင်းသားတွေဆို ခြောက်နှစ်ကနေ ခုနစ်နှစ်အထိ တက်ရမှာ၊ ကုန်ကျစရိတ်ကလည်း နေစရိတ်စားစရိတ်မပါ တစ်ယောက်ကို တစ်နှစ်ကျပ်သိန်း ၅၀၀ ကနေ သိန်း ၆၀၀ ကြားသူတို့ကို  ဘယ်လိုပုံစံနဲ့ ငွေထောက်ပံ့မှာလဲ။ အဓိကအားဖြင့် ဘယ်ရန်ပုံငွေတွေကထောက်ပံ့မှာလဲ။ ခွင့်ပြုချက် ရပြီးကြပြီလား။ ဒီရန်ပုံငွေတွေကိုကော အကျိုးရှိရှိသုံးစွဲမှာလား။ စိတ်ပူမိတာပါ’’ဟု Crown Education ၏ နိုင်ငံတကာ ပညာရေးဝန်ဆောင်မှုကျွမ်းကျင် သူဦးအောင်ကျော်ဆန်းက ဆိုသည်။

နိုင်ငံတော်သမ္မတပညာတော်သင်ဆုဖြင့် နိုင်ငံတကာတက္ကသိုလ်များတွင် ကျောင်းဝင်ခွင့်လျှောက်ထောက်ထားရန် လာရောက်စုံစမ်းသောကျောင်းသား တစ်ရာကျော်ရှိနေပြီး အမေရိကန်၊ သြစတြေးလျနှင့် ဗြိတိန်နိုင်ငံတို့သို့ သွားရောက်ပညာသင်ယူလိုသော ဆန္ဒရှိနေကြကြောင်း ၎င်းက ပြောသည်။

ပညာတော်သင်ဆု အစီအစဉ်၏ ပထမအဆင့်စာမေးပွဲအဖြစ် ဗြိတိသျှကောင်စီက တာဝန်ယူစစ်ဆေးသော အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှုဆိုင်ရာစာမေးပွဲ Aptis Test တွင် ရမှတ်ကောင်းရရှိရုံဖြင့် အထက်ပါနိုင်ငံများသို့ သွားရောက်ပညာသင်ယူနိုင်မည် မဟုတ်ပေ။

နိုင်ငံတကာတက္ကသိုလ်အများစုတွင် တက်ရောက်ပညာသင်ယူရန် နိုင်ငံတကာအသိအမှတ်ပြု အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှု စာမေးပွဲများဖြစ်သော IELTS (သို့မဟုတ်) TOEFL ရမှတ်များ လိုအပ်မည်ဖြစ်သည်။ ထို့အပြင် မြန်မာကျောင်းသားများအနေဖြင့် နိုင်ငံတကာတက္ကသိုလ်များတွင် ဘွဲ့ကြိုနှင့် ဘွဲ့လွန်ဘာသာရပ်များကို တိုက်ရိုက်ဝင်ခွင့်ရရှိရန် စိန်ခေါ်မှုများလည်း ကြီးမားနေသည်။

‘‘အခုလျှောက်ထားတာက အင်္ဂလန်ရယ်၊ အမေရိကန်ရယ်၊ သြစတြေးလျရယ် လျှောက်ထားတယ်။ ကြားတာကတော့ ပညာသင်ကာလရဲ့ အချိန်နှစ်ဆကို ဒီမှာပြန်လုပ်ပေးရမယ် ကြားတယ်။ ဥပမာ ပညာသင်ချိန်ခုနစ်နှစ်ဆို ဒီမှာ ၁၄နှစ် ပြန်လုပ်ပေးရမယ်လို့ နားလည်ထားတယ်။ နောက်တစ်ခုက ဒီမှာ Aptis Test ပဲ ဖြေထားရတယ်။ နိုင်ငံခြားတက္ကသိုလ်တွေမှာက IELTS အမှတ်ပဲ လက်ခံတာဆိုတော့ ပြန်ဖြေဖို့ စီစဉ်နေတယ်။ ဒီမှာဒုတိယနှစ်ဆိုပေမယ့် ဟိုမှာ အစကနေ ပြန်တက်ရမှာလို့လည်း ကြားထားတယ်။ ဆေးဆက်တက်မှာဆိုတော့ ကုန်ကျစရိတ်ကို ဘယ်လိုပေးမလဲဆိုတာ မသိရသေးဘူး။ Comfirm တော့ ဘာမှမသိရသေးဘူး။ ဟိုကကြား၊ ဒီကကြားတာမျိုးပဲ ရှိသေးတယ်’’ဟု နိုင်ငံတော်သမ္မတပညာသင်ဆုဖြင့် ဆေးပညာဆက်လက်သင်ယူမည့် ကျောင်းသူတစ်ဦးက ပြောသည်။

ဘွဲ့ကြိုသင်တန်း တက်ရောက်မည့် မြန်မာကျောင်းသားများကို နိုင်ငံတကာတက္ကသိုလ်များက တိုက်ရိုက်ဝင်ခွင့်ပြုလေ့မရှိသလို ဘွဲ့လွန်သင်တန်းဖြစ်သော မဟာဘွဲ့နှင့် ပါရဂူဘွဲ့တက်ရောက်ရန် အရည်အချင်းသတ်မှတ်ချက်များ မြင့်မားနေခြင်းဖြစ်သည်။ ‘‘ဆေးကျောင်းသားတွေဆို အင်္ဂလိပ်စာ လိုအပ်ချက်မြင့်တဲ့အတွက် အဲဒီအင်္ဂလိပ်စာလိုအပ်ချက်ကို ပြည့်မီဖို့ ဒီမှာဘယ်လောက်ပြင်ဆင်ရမလဲ၊ အချိန်ဘယ်လောက်ယူရမလဲ မပြောနိုင်သေးဘူး။ အဲဒီအချိန်အထိ ဒီပညာသင်ဆုက  အကျုံးဝင်မှာလား မပြောနိုင်သေးဘူး။ ဆေးကျောင်းပြင်ဆင်ပေးတဲ့ ပရိုဂရမ်ကို တက်ရောက်တဲ့ ကျောင်းသားတိုင်းလည်း ဆေးကျောင်းရမယ်လို့ အာမမခံနိုင်ဘူး’’ဟု ပြည်ပနိုင်ငံများသို့ သွားရောက်ပညာသင်ယူမည့် မြန်မာကျောင်းသားများအား ၀န်ဆောင်မှုပေးနေသော ဦးအောင်ကျော်ဆန်းက ပြောသည်။

 မြန်မာနိုင်ငံ၏ ဒီဂရီဘွဲ့၊ မဟာဘွဲ့နှင့် ပါရဂူဘွဲ့များသည် နိုင်ငံတကာတက္ကသိုလ်ဝင်ခွင့်အရည်အချင်း သတ်မှတ်ချက်နှင့် ကွဲလွဲမှုများရှိနေခြင်းဖြစ်သည်။ ယခင်ကတည်းက နိုင်ငံတကာတက္ကသိုလ်များတွင် သွားရောက်ပညာသင်ယူရန် ပြင်ထားပြီးဖြစ်သော ကျောင်းသားများအတွက် အဆင်ပြေနိုင်ဖွယ်ရှိနေသော်လည်း ယခုမှစတင်၍ ပြင်ဆင်သူများအတွက် စိန်ခေါ်မှုကြီးမားနေသည်။ အမေရိကန်၊ သြစတြေးလျ၊ ဗြိတိန်နိုင်ငံကဲ့သို့ ကမ္ဘာ့ထိပ်တန်းနိုင်ငံများရှိ တက္ကသိုလ်များတွင် သွားရောက်ပညာသင်ယူသော မြန်မာကျောင်းသားအရေအတွက်သည် အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် သိသိသာသာ နိမ့်ကျနေသည်။

ယင်းအခြေအနေကြောင့် နိုင်ငံတော်သမ္မတပညာတော်သင်ဆုသည် မြန်မာကျောင်းသားများအတွက် အကျိုးကျေးဇူးကြီးမားစေမည့် အစီအစဉ်ဖြစ်သော်လည်း ပညာသင်ဆုအစီအစဉ် အကောင်အထည်ဖော်နေမှုက မေးခွန်းထုတ်စရာဖြစ်နေခြင်းဖြစ်သည်။ နိုင်ငံတော်သမ္မတပညာတော်သင်ဆုအတွက် ရွေးချယ်မည့် ကျောင်းသားအရေအတွက်၊ ဘဏ္ဍာရေးပမာဏ၊ ပညာသင်စရိတ် ထောက်ပံ့မှုအသေးစိတ်အစီအစဉ်များကို ကျောင်းသားများအား ပွင့်လင်းမြင်သာမှုရှိစွာ ထုတ်ပြန်ကြေညာရန် လိုအပ်နေသည်။

‘‘ပထမအဆင့် အင်္ဂလိပ်စာစစ်ပြီးပြီ။ လူတွေ့အင်တာဗျူးအစီအစဉ်တွေရှိတယ်။ သင့်တော်တဲ့ အရေအတွက်ကို နိုင်ငံခြားတက္ကသိုလ်တွေရဲ့ လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်သွားမှာပါ။ သင်္ကြန်မတိုင်မီ အပြီးဆောင်ရွက်သွားဖို့ ရှိပါတယ်’’ဟု နိုင်ငံတော်သမ္မတပညာတော်သင်ဆု ရွေးချယ်ရေးကော်မတီအဖွဲ့ဝင် ဒေါက်တာအောင်ထွန်းသက်ကပြောသည်။

ပညာတော်သင်ဆု ရွေးချယ်မည့် ကျောင်းသားအရေအတွက်နှင့် ပညာတော်သင်ဆုဆိုင်ရာ ဘဏ္ဍာရေးအခြေအနေများကို နိုင်ငံတော်သမ္မတ ပညာတော်သင်ဆု ရွေးချယ်ရေးကော်မတီအဖွဲ့ဝင်အချို့နှင့် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများအား မေးမြန်းခဲ့သော်လည်း ဖြေဆိုနိုင်ခြင်း မရှိကြပေ။ နိုင်ငံတော်သမ္မတပညာတော်သင်ဆု ပထမဆုံးအကြိမ် အစီအစဉ်ကို ကျောင်းသား ၄,၈၀၀ ကျော် လျှောက်ထားကြပြီး အင်္ဂလိပ်စာအရည်အချင်းစစ်စာမေးပွဲ ဖြေဆိုခွင့်ရရှိသူ ၂,၇၀၀ ကျော်ရှိခဲ့သည်။

လူတွေ့အင်တာဗျူးတွင် ပထမအသုတ် ၁၄၂ ဦး၊ ဒုတိယအသုတ် ၁၂၂ ဦး၊ တတိယအသုတ် ၁၅၉ ဦး ဖြေဆိုထားကြပြီး စတုတ္ထအသုတ် ရှိ၊ မရှိ အဖြေမသိရှိရပေ။
7 day

No comments:

Post a Comment