Wednesday 1 April 2015

တရားဟောခွင့် ပိတ်ပင်လိုက်ခြင်းသည် နာယကဂုဏ်နှင့် မကိုက်ညီသည့် ပိတ်ပင်တားဆီးမှုဟု ရွှေညဝါ ဆရာတော် မိန့်


ရွှေညဝါဆရာတော်ဟု လူသိများသည့် အရှင်ပညာသီဟသည် ဗုဒ္ဓဘာသာ နှင့်မကိုက်ညီသည်များ ဟောကြားသည် ဆိုကာ ဗဟိုသံဃာ့နာယကက တရားဟောခွင့် ပိတ်ပင်လိုက်ခြင်းသည် နာယကဂုဏ်နှင့် ကိုက်ညီမှုမရှိသည့် ပိတ်ပင်တားဆီးမှု ဟု ရွှေညဝါဆရာတော်က တုံ့ပြန်မိန့်ကြားလိုက်သည်။
ရွှေညဝါဆရာတော်သည် တရားဟော ဓမ္မကထိကတစ်ပါး၏ ဂုဏ်အရည် အချင်းများနှင့် ကိုက်ညီမှုမရှိဟုဆိုကာ တစ်နိုင်ငံလုံး တရားဟောခွင့် အကန့် အသတ်မရှိ ပိတ်ပင်လိုက်သည့်အပေါ် ဆရာတော်က တုံ့ပြန်မိန့်ကြား ခြင်းဖြစ်သည်။

“ဆိုဆုံးမမှု ဆိုတာက မိစိတ်၊ ဖစိတ်၊ ဆရာသမားစိတ်၊ လူကြီးသူမ စိတ်ရှိပြီး တော့ မှန်မှန်ကန်ကန် ဆုံးမမယ် ဆိုရင်တော့ မလိုက်နာနိုင်စရာ အကြောင်း မရှိဘူး။ မိစိတ်၊ ဖစိတ်၊ ဆရာစိတ်၊ သမားစိတ် လူကြီးသူမစိတ်မရှိဘဲနဲ့ နာယကဂုဏ် မပြည့်စုံဘဲ ဟိုစည်းမျဉ်းထုတ်၊ ဒီစည်းမျဉ်းထုတ် ဘုရားဟော လည်း မဟုတ်ဘဲနဲ့ ထုတ်ချင်တဲ့ စည်းမျဉ်းထုတ်နေတာ ဘာလို့လိုက်နာ ရမှာလဲ” ဟု ဆရာတော်က မိန့်သည်။
တရားဟောခွင့် ပိတ်ပင်မှုကို ဖေဖော်ဝါရီလ ၂၃ ရက်တွင် နိုင်ငံတော် သံဃမဟာနာယက ၄၇ ပါး စုံညီအစည်းအဝေးက ဆုံးဖြတ်ခဲ့ကာ မတ်လ ၂၅ ရက် ရက်စွဲဖြင့် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
“ပိတ်တာကို ဝိနိစ္ဆယအဖွဲ့ကပဲ လုပ်တာပါ၊ ပို့တဲ့စာကိုတော့ တိုင်းတွေက ဝိနိစ္ဆယအဖွဲ့တွေကို သာသနာရေးက ပို့ပေးတာပဲရှိတယ်။ တရားဟောခွင့်ကို ဝိနိစ္ဆယက ခွင့်ပြုရင်တော့ ပြန်ဟောခွင့် ရမှာပါ” သာသာနာရေးဦးစီးဌာန ညွှန်ကြား ရေးမှူး ဦးစိုးမင်းထွန်းက ပြောသည်။
ဗဟိုသံဃာ့နယက၏ တရားဟောခွင့် အကန့်အသတ်မရှိပိတ်မှုကို “မိဘ ဆရာသမားစိတ် တကယ်ရှိရင် တပည့်သား မြေးတွေ တစ်ကြိမ်တစ်ခါမို့ မလိမ္မာတာလေးတွေ သည်းခံလိုက်ပါ။ ခွင့်လွှတ်လိုက်ပါ ဆိုပြီးတော့ အကာအကွယ်ပေးပြီးတော့ ပြောခဲ့တာမျိုး သံဃနာယကတွေမှာ နာယက ဂုဏ်ဆိုတဲ့ ထကြွ၊ နိုးကြား၊ သနား၊ သည်းခံ၊ ဝေဖန်၊ ထောက်ရှုဆိုတဲ့ နာယ ကဂုဏ် ဒီကနေ့ရှိသလား၊ မိစိတ်၊ ဖစိတ်၊ ဆရာသမားစိတ် တကယ်ရှိသလား” ဟု ရွှေညဝါ ဆရာတော်က မေးခွန်းထုတ်သည်။
ဗဟိုသံဃာ့နယက၏ ထုတ်ပြန်မှုတွင် ဗုဒ္ဓဘာသာနှင့် မသက်ဆိုင်သည့် တရားများ ဟောကြားသည်ဟု ထည့်သွင်း ဖော်ပြထားရာ “ပါဠိတော်တွေ မြတ်စွာဘုရားဟောခဲ့တဲ့ တရားတော်တွေကို မူရင်းအတိုင်း လတ်တလော အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ စကားပြောသလို ဟောသွားတာ။ အောက်ခြေ လူတန်းစာတွေ နားလည်နိုင်ဖို့ အများကြီး ဟောခဲ့ ပြောခဲ့တယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဘဝဖြစ်စဉ်တွေ၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်ပြီး အတုယူဖွယ်တွေ၊ ဗိုလ်ချုပ်အောင်ဆန်း ရဲ့ သတ္တိတွေ၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မြင့်မြတ်တဲ့ စိတ်ထား ရိုးသားကြိုးစား မှုတွေနဲ့ သူ့ရဲ့ မြန်မာနိုင်ငံအပေါ်ထားတဲ့ စိတ်တွေကိုဟောတာ။ အဲဒါကို သဘောမကျတာ” ဟုလည်း ရွှေညဝါဆရာတော်က မိန့်ကြားသည်။
ရွှေညဝါဆရာတော်သည် ၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီလကလည်း သီတင်းသုံးရာ ကြည့်မြင်တိုင်ကျောင်းတိုက်မှ ထွတ်ခွာ ရန်နှင့် တရားဟောခွင့် တစ်နှစ် ပိတ်ပင်ခံခဲ့ရသေးသည်။
Credit to 7day

No comments:

Post a Comment