Wednesday 1 April 2015

ငြိမ်းချမ်းရေးရောင်နီသန်းပြီလား



မတ်လ ၃၀ ရက် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲအပြီးတွင် နှစ် (၆၀) အကြာ ပြည်တွင်းစစ်ချုပ်ငြိမ်းရန် သတင်းစကားတစ်ခုကို ကြားခဲ့ရသည်။ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ရက်ပေါင်း ၅၀၀ ခန့် ကာလအတွင်း အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ပြီးနောက် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီချက်စာချုပ် (NCA) ကို အချောသပ်နိုင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများစောင့်မျှော်နေသော သတင်းကောင်းတစ်ခုလည်း ဖြစ်ခဲ့သည်။

မတ်လ ၁၇ ရက်မှ စတင်ပြုလုပ်ခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC)နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ သတ္တမအကြိမ် ဆွေးနွေးပွဲအပြီး မတ်လ ၃၀ ရက်က NCA ကို အချောသပ်နိုင်ခဲ့ကာ နှစ်ဖက်သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ကြောင်း နှစ်ဖက်ပြောခွင့်ရပုဂ္ဂိုလ်များက ဆိုသည်။ ယင်းအတွက်ကြောင့် သမ္မတဦးသိန်းစိန်အစိုးရသစ် လက်ထက်တွင် အကောင်အထည်ဖော်နေသည့် နိုင်ငံတကာကပါ စောင့်ကြည့်နေသည့် ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ပထမအဆင့်ကို ကျော်လွန်နိုင်တော့မည့်အနေအထားဖြစ်ပြီး သမိုင်းမော်ကွန်းရေးထိုးနိုင်မည်လားဆိုသည်မှာ စိတ်ဝင်စားစရာကောင်းလာသည်။

ယခုရရှိခဲ့သည့် အပစ်ရပ်သဘောတူစာချုပ်လက်မှတ်ရေးထိုးနိုင်ခြင်းမတိုင်မီက လျှောက်ခဲ့ရသည့် မြန်မာ့ငြိမ်းချမ်းရေးလမ်းကြောင်းက အနိမ့်၊ အမြင့်၊ အတက်၊ အကျများဖြင့် ပြည့်နှက်နေသည်။

ထို့ကြောင့် မြန်မာ့ငြိမ်းချမ်းရေးခရီးကို ပြန်ပြောင်းကြည့်မည်ဆိုလျှင် . . .

ဦးသိန်းစိန်သမ္မတအဖြစ် တာဝန်ယူပြီး လေးလနှင့် ၁၈ ရက်အကြာတွင် ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်၌ အင်အားစုအားလုံး ပါဝင်ဆောင်ရွက်ကြရန် ဖိတ်ခေါ်ခဲ့သည်။

ကမ္ဘာပေါ်တွင် သက်တမ်းအရှည်ကြာဆုံး ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခရပ်စဲရေးဆောင်ရွက်နိုင်ရန် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးဗဟိုကော်မတီ (UPCC)ကို ဖွဲ့စည်းခဲ့သည်။ UPCC တွင် ဥက္ကဋ္ဌအဖြစ် သမ္မတက ဆောင်ရွက်ပြီး ဒုတိယသမ္မတများ၊ လွှတ်တော်ဥက္ကဋ္ဌများနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ ပါဝင်သည်။

ထို့အပြင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းဦးဆောင်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC)ကိုလည်း ဖွဲ့စည်းခဲ့ပြီး အလုပ်အဖွဲ့အဖြစ် မြန်မာငြိမ်းချမ်းရေး  ပြန်လည်ထူထောင်ရေးဗဟိုဌာန (MPC)ကိုပါ တည်ထောင်ခဲ့သည်။

ထို့နောက်အစိုးရသစ်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ‘၀’ပြည်သွေးစည်းညီ ညွတ်ရေးတပ်မတော်(UWSP/UWSA)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/ SSA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) အပါအ၀င် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၄ ဖွဲ့တို့ အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးခဲ့သည်။

၁၇ နှစ်ကြာ အပစ်အခတ်ရပ်စဲထားသော ကေအိုင်အေနှင့်မူ ၂၀၁၁ ဇွန်လက တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့ပြီး ယခုအထိ အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးနိုင်ခြင်းမရှိသေးပါ။ ထို့အတူ ကေအိုင်အေမဟာမိတ် ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF/ TNLA) နှင့်လည်း အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်မရရှိသေးပေ။

အစိုးရသစ်လက်ထက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးရာတွင် ယခင်က ၀န်ကြီးဦးအောင်မင်းနှင့် ဦးအောင်သောင်းတို့က ဦးဆောင်ခဲ့သည်။ နောက်ပိုင်းတွင် ဦးအောင်မင်းက အစိုးရကိုယ်စားလှယ်အဖွဲ့ကို အဓိကဦးဆောင်ခဲ့ပြီး ဦးသိန်းဇော်က လွှတ်တော်ကိုယ်စားပြုအဖြစ် ဦးဆောင်တက်ရောက်ခဲ့သည်။

တိုးတက်မှုများ

အစိုးရသစ်လက်ထက်တွင် သမိုင်း၌ မရှိခဲ့ဖူးသည် ငြိမ်းချမ်းရေးဖြစ်စဉ်တိုးတက်မှုတစ်ခုကို မြစ်ကြီးနားတွင် မြင်တွေ့ခဲ့ရသည်။ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် ကေအိုင်အိုကို ၂၀၁၃ စက်တင်ဘာ ဆွေးနွေးပွဲတွင် ကေအိုင်အိုဘက်မှ အဆိုပြုသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ထိပ်သီးညီလာခံကို ပြည်တွင်း၌ တရားဝင်ပြုလုပ်ရန်ဆိုသည့်အချက်ကို အစိုးရက သဘောတူညီခဲ့ခြင်းဖြစ်သည်။

ထို့နောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ထိပ်သီးညီလာခံကို ပထမဆုံးအကြိမ်အဖြစ် ကေအိုင်အိုဗဟိုဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့တွင် ၂၀၁၃ အောက်တိုဘာလနှောင်းပိုင်းက ပြုလုပ်နိုင်ခဲ့သည်။

ယင်းညီလာခံကြီးတွင် အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် အဖွဲ့ဝင် ၁၆ ဖွဲ့ပါဝင်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ (NCCT)ကို ဖွဲ့စည်းခဲ့သည်။

ယင်းနောက်ပိုင်းမှစတင်၍ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ချင်းစီမဟုတ်တော့ဘဲ တပ်ပေါင်းစုအသွင်ဖြင့် ငြိမ်းချမ်းရေးဆွေးနွေးနေခြင်းဖြစ်သည်။

ယခင်ကမရှိခဲ့သည့် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ပေါင်းစုတို့ တစ်ပြိုင်နက် ငြိမ်းချမ်းရေးဆွေးနွေးနိုင်ခဲ့ခြင်းသည် ပြည်တွင်းစစ်ရပ်စဲရေးအတွက် မျှော်လင့်ချက်ဖြစ်စေခဲ့ကြောင်းလည်း လေ့လာစောင့်ကြည့်သူများက သုံးသပ်ခဲ့ကြသည်။

ထို့အပြင် သမိုင်းအစဉ်အလာကြီးမားသည့် ကေအင်န်ယူကိုယ်စားလှယ်အဖွဲ့နှင့် သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်တို့ နေပြည်တော်တွင် အကြိမ်ကြိမ်တွေ့ဆုံခဲ့ခြင်း၊ အစိုးရသစ်လက်ထက်တွင် အဓိကပဋိပက္ခများ ပြန်လည်ဖြစ်ပွားနေသည့် ကေအိုင်အိုကိုယ်စားလှယ်အဖွဲ့က နေပြည်တော်တွင် ပထမဆုံးအကြိမ်သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့နှင့် တွေ့ဆုံခဲ့ခြင်းများသည်လည်း ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် မျှော်လင့်ချက်များ ပိုမိုအားကောင်းစေခဲ့သည်။

နှစ်ဖက်ယုံကြည်မှုထိခိုက်စေသည့်အကြောင်းရင်းအချို့

UPWCနှင့် NCCT တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲများကာလအတွင်း နှစ်ဖက်တည်ဆောက်နေသော ယုံကြည်မှုကို ထိခိုက်စေသည့်ကိစ္စရပ်များလည်း ဖြစ်ပွားခဲ့သည်။

ကေအိုင်အေဗိုလ်လောင်းသင်တန်းကျောင်း လက်နက်ကြီးဖြင့်ပစ်ခတ်ခံရခြင်း၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ(UNFC)နှင့် နီးစပ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့က ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်(FUA)ကို စစ်တိုင်းသုံးတိုင်းဖြင့် ဖွဲ့စည်းခဲ့ခြင်းတို့အပြင် တပ်မတော်နှင့်ကေအိုင်အေ၊TNLA၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့နှင့် ပြန်လည်ဖြစ်ပွားခဲ့သောတိုက်ပွဲများကြောင့်လည်း နှစ်ဖက်ယုံကြည်မှုလျော့နည်း၍ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ မကြာခဏကြန့်ကြာခဲ့ရသည်ကို တွေ့ရသည်။

NCA ဆွေးနွေးပွဲများ

UPWC နှင့် NCCT တို့၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်စာချုပ်(NCA) ဆွေးနွေးပွဲများကို NCCT ဖွဲ့စည်းပြီးနောက်ပိုင်း တစ်နှစ်ကျော်ကာလအတွင်း တရားဝင်ခုနစ်ကြိမ်ပြုလုပ်ခဲ့သည်။ အလွတ်သဘောဆွေးနွေးပွဲများကိုလည်း အကြိမ် ၃၀ ထက်မနည်းပြုလုပ်ခဲ့ကြသည်။ မတ်လ ၁၇ရက်မှစတင်၍ ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သော ဆွေးနွေးပွဲအပြီး၌မူ NCAမူကြမ်းကို သဘောတူညီမှုရရှိခဲ့ပြီး အချောသတ်နိုင်ခဲ့ပြီဖြစ်ကြောင်း နှစ်ဖက်ကိုယ်စားလှယ်များက အတည်ပြုခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက NCAလက်မှတ်ရေးထိုးရန် ထိပ်သီးညီလာခံခေါ်ယူ၍ ဆုံးဖြတ်သွားမည်ဖြစ်သည်။ လက်ရှိ နှစ်ဖက်ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပထမအဆင့် NCA လက်မှတ်ရေးထိုးခြင်း၊ ဒုတိယအဆင့်နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ချမှတ်ခြင်းနှင့် တတိယအဆင့်နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများ ကျင်းပခြင်းဆိုသည့် အနေအထားဖြစ်သည်။

ထို့ကြောင့် NCAကို UPWCနှင့် NCCTအချောသပ်နိုင်ခဲ့ခြင်းသည် ငြိမ်းချမ်းရေးအတွက် ပထမခြေလှမ်း စတင်နိုင်တော့မည့်အနေအထားပင်ဖြစ်သည်။

လက်ရှိအနေအထားအရ NCAလက်မှတ်ရေးထိုးနိုင်သော်လည်း နှစ်ဖက်ဖြေရှင်းညှိနှိုင်းရန် အကြောင်းအရာများစွာကျန်ရှိနေသေးသည်။ အစိုးရက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ဖွဲ့ကို ဆွေးနွေးဖက်အဖြစ် သတ်မှတ်ထားသည်။ NCCTတွင် ပါဝင်ပြီး အစိုးရဘက်မှ တရားဝင်အသိအမှတ်မပြုထားသေးသည့် တိုင်းရင်းသားလက်နက်အကိုင်အဖွဲ့အချို့ အရေး၊ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်နှင့် သက်ဆိုင်သည့်ကိစ္စရပ်များ၊ ကြားကာလတပ်များ ရပ်တည်ရေးအစရှိသည့် အကြောင်းအရာများကို ဆက်လက်ညှိနှိုင်းရမည်ဟု NCCT ကိုယ်စားလှယ်များကပြောသည်။

နှစ် ၆၀ကျော်ကြာ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခရပ်စဲချုပ်ငြိမ်းရန် သမ္မတဦးသိန်းစိန်အစိုးရအဖွဲ့မှ ဆောင်ရွက်နိုင်ခြင်း ရှိ၊မရှိ စောင့်ကြည့်ရမည်ဖြစ်သည်။

MPCမှ အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက အစိုးရအဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးအတွက် အသင့်ဖြစ်နေပြီဖြစ်ကြောင်း သတ္တမအကြိမ်ဆွေးနွေးပွဲအပြီးတွင် မီဒီယာများအားပြောသည်။

‘‘ကျွန်တော်တို့ဘက်ကတော့ လက်မှတ်ထိုးဖို့ အဆင့်သင့်ဖြစ်နေပြီဆိုတာကို တင်ပြချင်တယ်’’ဟု ဆိုသည်။

နိုင်ငံရေးဆောင်းပါးရှင် စည်သူအောင်မြင့်က လက်ရှိအစိုးရ၏ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ယခုကဲ့သို့ မှတ်ချက်ပြုခဲ့သည်။

‘‘တိုးတက်မှုတော့ရှိတယ်။ လက်ရှိ အစိုးရရဲ့ အခင်းအကျင်းက ခြုံငုံပြီးပြောရရင်ကောင်းတယ်။  အရင်ဘယ်တုန်းကမှမပေးခဲ့ဖူးတာ အသိအမှတ်ပြုရမယ်’’ဟု ၎င်းကဆိုသည်။

‘‘တိုးတက်တယ်။ ဒါပေမဲ့နှေးတယ်။ တကယ်ရဖို့အထိတော့ မရောက်နိုင်သေးဘူး’’
7 day

No comments:

Post a Comment