Wednesday 1 April 2015

နိုင်ဂျီးရီးယား ရွေးကောက်ပွဲတွင် သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် လက်ရှိအာဏာရ သမ္မတ အရေးနိမ့်


အကြိတ်အနယ် ရှိခဲ့သည့် နိုင်ဂျီးရီးယား ရွေးကောက်ပွဲ ရလဒ်များ ထွက်ပေါ်လာသည့်နောက် အတိုက်အခံ အင်အားစုဖြစ်သည့် ယခင် စစ်အာဏာရှင်ဟောင်း မူဟမ်မာဒူ ဘူဟာရီက အောင်ပွဲခံနိုင်ခဲ့ကြောင်း သိရှိရသည်။
လက်ရှိသမ္မတ ဂွတ်လက်ခ် ဂျိုနသန်သည် အသက်(၇၂)နှစ်ရှိ အငြိမ်းစား ဗိုလ်ချုပ် ဘူဟာရီထံ မတ် ၃၁ရက် ညပိုင်းက ဖုန်းခေါ်ပြီး ဂုဏ်ပြုစကား ပြောကြားခဲ့သလို ရွေးကောက်ပွဲတွင် မိမိ အရေးနိမ့်ကြောင်း ဝန်ခံခဲ့သည်။

မဲရလဒ်များ တရားဝင် မကြေညာသေးချိန်တွင် ဘူဟာရီက ဂျိုနသန်အပေါ် မဲအရေအတွက် (၂)သန်းကျော် အသာရခဲ့ကြောင်း သတင်းများက ခန့်မှန်း ဖော်ပြခဲ့သည်။ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ၏ ချီးကျူးမှုကို ခံရသည့်တိုင် ယခုရွေးကောက်ပွဲတွင် မဲလိမ်မှုများ ရှိခဲ့ကြောင်း စွပ်စွဲမှုအချို့လည်း ထွက်ပေါ်ခဲ့သေးသည်။
ဂျိုနသန်က “မျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲတစ်ခု ကျင်းပပေးမယ်လို့ ကျွန်တော် တစ်နိုင်ငံလုံးကို ကတိပြုခဲ့တယ်။ အခု ကျွန်တော့် ကတိကို ကျွန်တော် တည်ရပါမယ်”ဟု ရွေးကောက်ပွဲ ရှုံးနိမ့်မှုကို လက်ခံကြောင်း မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။ ၎င်းက ဘူဟာရီအတွက် အကောင်းဆုံးဖြစ်ရန် ဆန္ဒပြုကြောင်းလည်း ဆိုသည်။
ဘူဟာရီ၏ ဘက်စုံတိုးတက်ဖွံ့ဖြိုးရေးကွန်ဂရက်ပါတီ (APC)မှ တာဝန်ရှိသူ တစ်ဦးကလည်း ဂျိုနသန်ကို တုံ့ပြန် ချီးကျူးခဲ့ပြီး “သူဟာ ဒီလုပ်ဆောင်မှုမှာ သူရဲကောင်းတစ်ဦးအနေနဲ့ ဆက်ရှိနေမှာပါ။ အခုဆိုရင် နှစ်ဖက် တင်းမာမှုတွေဟာ တဖြည်းဖြည်းချင်း ကျဆင်းလျော့နည်းလာပါပြီ”ဟု မှတ်ချက်ပြုခဲ့သည်။
ဘူဟာရီ၏ ရွေးကောက်ပွဲ အောင်နိုင်မှုသည် နိုင်ဂျီးရီးယားသမိုင်းတွင် အထူးခြားဆုံး အလှည့်အပြောင်းတစ်ရပ်လည်း ဖြစ်လာသည်။ ယခင်က ရွေးကောက်ခံခွင့် သက်တမ်းကျန်နေသည့် နိုင်ဂျီးရီးယားသမ္မတ တစ်ဦးသည် မည်သည့်အခါတွင်မျှ အတိုက်အခံတစ်ဦးကို ရှုံးနိမ့်ခဲ့သည့် အစဉ်အလာ မရှိခဲ့ချေ။
ဘူဟာရီ အနိုင်ရကြောင်း သတင်းထွက်ပေါ်လာပြီးနောက် ၎င်းကို ထောက်ခံသူများသည် APCပါတီ အဆောက်အအုံများရှေ့ စုရုံးကခုန်ခဲ့ကြပြီး မြောက်ပိုင်းရှိ ကာနိုနှင့် ကာဒူနာ မြို့များတွင်လည်း အောင်ပွဲခံခဲ့ကြသည်။
နိုင်ဂျီးရီးယားသည် ၁၉၆၀ ပြည့်နှစ်တွင် ဗြိတိန်လက်အောက်မှ လွတ်လပ်ရေးရလာပြီးနောက် နိုင်ငံရေး သမိုင်းကြောင်း မကောင်းလှဘဲ အာဏာသိမ်းရန် အားထုတ်မှုများ ဖြစ်ပေါ်ခဲ့သလို ရွေးကောက်ပွဲ အများစုသည်လည်း မရိုးမသား ကိစ္စများကြောင့် နာမည်ပျက်ခဲ့ဖူးသည်။ APC ပါတီသည် ယခုရွေးကောက်ပွဲတွင် အနိုင်ရရှိပြီးနောက် ထောက်ခံသူများအနေဖြင့် ငြိမ်းချမ်း ပျော်ရွှင်စွာ အောင်ပွဲခံရန် ပန်ကြားခဲ့ပြီး အတိုက်အခံများကို ရန်လိုတိုက်ခိုက်မှု မပြုရန် သတိပေးခဲ့သည်။
နိုင်ဂျီးရီးယားတွင် ဘိုကိုဟာရမ် အကြမ်းဖက်သမားများ၏ ကြီးစိုးရန်မူမှုကို ခံခဲ့ရသည့် အနောက်မြောက်ပိုင်း ပြည်နယ် အများစုက ဘူဟာရီ ဦးဆောင်သည့် APC ပါတီကို လိုလားထောက်ခံခဲ့ကြသည်။ အထူးသဖြင့် ဘိုကိုဟာရမ်တို့၏ ဒဏ်ကို အဆိုးရွားဆုံး ခံနေရသည့် ဘိုနိုပြည်နယ်တွင် ဘူဟာရီက မဲအရေအတွက် (၉၄)ရာခိုင်နှုန်းထိ ရရှိခဲ့သည်။ ဘူဟာရီသည် စစ်အာဏာသိမ်းမှု တစ်ခုအပြီး နိုင်ဂျီးရီးယားကို ၁၉၈၄ နှစ်ဆန်းပိုင်းမှ ၁၉၈၅ ခုနှစ်၊ ဩဂုတ်လထိ အုပ်ချုပ်ခဲ့ဖူးသည်။
Ref: BBC

No comments:

Post a Comment