Wednesday 1 April 2015

အပစ်ရပ်စဲရေးမူကြမ်း သဘောတူညီမှု ရရှိခြင်းကို ကြိုဆို


တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အတွက် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ အကြား ညှိနှိုင်းရေးဆွဲထားသော အပစ်ရပ်စဲရေး မူကြမ်းပါ အချက်အားလုံးကို အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ ၁၆ ဖွဲ့ ပါဝင်ဖွဲ့စည်းထားသည့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT တို့အကြား အပြီးသတ် ညှိနှိုင်းသဘောတူညီမှု ရရှိ သွားခဲ့ခြင်းကို အထူးကြိုဆိုအပ်ပေသည်။

စင်စစ်အားဖြင့် အစိုးရသက်တမ်း လေးနှစ်ကာလအတွင်း ရောက်ရှိလာချိန် အထိ မီးရှူးမီးပန်း ဖောက်သကဲ့သို့ ပေါ်ပြူလာဆန်ဆန် စီမံကိန်း၊ ဆောင်ရွက်ချက်များ ဖြင့်သာ အချိန်ကုန်သွားခဲ့သည်ဟု ဝေဖန် ပြောဆိုခံနေရသည့် လက်ရှိအစိုးရ၏ လုပ်ဆောင်ချက်များတွင် ငြိမ်းချမ်းမှု တည်ဆောက်ရေးလုပ်ငန်း တစ်ခုသာ ဟုတ်ဟုတ်ညားညား အောင်မြင်မှုရရှိသည်ဟု ဆိုနိုင်ပေသည်။
ဤသို့ဆိုခြင်းအားဖြင့် အစိုးရလုပ်ဆောင်သမျှ အချည်းနှီးဟု ဆိုလိုရင်း မဟုတ်ဘဲ ရည်ရွယ်ချက် ကောင်းမွန်သော်လည်း အကောင်အထည်ဖော်မှု အပိုင်းတွင် ကြီးစွာ အားနည်းချက် ရှိနေသောကြောင့် စီမံကိန်း၊ စီမံချက်အများစုမှာ ပေးကားပေး၏မရ ဖြစ်သွားခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် နိုင်ငံရေးအရ အမှတ်ယူရမည့် ကိစ္စရပ်များတွင် လူထုဆက်ဆံရေး နည်းနာ ကျေညက်ခြင်း မရှိသည့်အပြင် အစိုးရအဖွဲ့အတွင်းမှ သဘောထား တင်းမာသူ (ဝါ) အာဏာရှင် စရိုက်သဘာဝ အကင်းမသေသေးသူများ၏ အမြင်ဟောင်း၊ အတွေးဟောင်း၊ အဓိပ္ပာယ် ကောက်ယူမှုအဟောင်း၊ လုပ်နည်းလုပ်ဟန် အဟောင်းများကြောင့် အသွင်ပြောင်းကာလ ကြုံတွေ့ရသည့် ပြဿနာများကို ချဉ်းကပ်ဖြေရှင်းပုံ အလွဲများဖြင့် ကိုယ့်သိက္ခာ ကိုယ်ပြန်ချသကဲ့သို့ ဖြစ်သွားခဲ့ သည်ကိုလည်း တွေ့ရသည်။
ထိုသို့ တုံ့ပြန်ဖြေရှင်းပုံ အလွဲများကြောင့် နိုင်ငံရေးအရ အစိုးရဂုဏ်သိက္ခာ တက်စေမည့် ဖြေရှင်းမှုများနှင့် ဝေးကွာသွားကာ ယခင်နိုင်ငံတော်နှင့် ပြည်သူလူထု အတွက် စေတနာပါသော ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှုများပါ မှေးမှိန်သွားပြီး ပြည်သူလူထု၏ ယုံကြည်လေးစားမှုပါ အထူးတလည် လျော့ကျသွားခဲ့သည်။
မည်သို့ပင်ဖြစ်စေ နှစ်ပေါင်း ခြောက်ဆယ်ကျော်ကြာ အစိုးရအဆက်ဆက်ကို လက်နက်ကိုင် ဆန့်ကျင်ပုန်ကန်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့နှင့် အပစ်ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့ခြင်းမှာ လက်ရှိအစိုးရ၏ အကြီးမားဆုံး အောင်မြင်မှုတစ်ခုဟု ဆိုနိုင်သည်။
ထိုအတွက် ၂၀၁၁ ခုနှစ်မှသည် ယနေ့ကာလအထိတိုင် ငြိမ်းချမ်းမှု တည်ဆောက်ရေး လုပ်ငန်းစဉ်တစ်ခုလုံးတွင် ကျရာနေရာ အသီးသီးမှ ကိုယ်ရောစိတ်ပါ အားဖြည့်ကူညီ ဆောင်ရွက်ပေးခဲ့ကြသူများ၊ လူသိများ ထင်ပေါ်စွာ ဦးဆောင် လှုပ်ရှားခဲ့ကြသူများ၊ လူမသိ၊ သူမသိ တစ်ပိုင်တစ်နိုင် ပံ့ပိုးရွက်ဆောင်ခဲ့သူများ အားလုံးနှင့် အပစ်ရပ်စဲရေး သဘောတူညီချက်ကို စိတ်ပါလက်ပါ ညှိနှိုင်းသဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည့် အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် မြန်မာငြိမ်းချမ်းရေး စင်တာတို့ကို နိုင်ငံတော်နှင့် နိုင်ငံသားများကိုယ်စား The Voice က အထူး ကျေးဇူးတင်ရှိကြောင်းနှင့် အလေးအနက် မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါကြောင်း သိစေအပ်ပေသည်။
The Voice Daily

No comments:

Post a Comment