Wednesday 4 March 2015

James Bond ရုပ်ရှင်၌ အသုံးပြုမည့် မော်တော်ကားအတွက် Aston Martinကို စိန်ခေါ်ရန် Bentley ခြေလှမ်းပြင်


နာမည်ကျော် သူလျှိုစွန့်စားခန်း ဇာတ်လမ်းဖြစ်သည့် James Bond ရုပ်ရှင်များတွင် ပါဝင်ခွင့်ရရန် မျှော်လင့်ချက်ဖြင့် ဇိမ်ခံပြိုင်ကား မော်ဒယ်လ်သစ် တစ်မျိုးကို Bentleyက မိတ်ဆက်ပြသခဲ့သည်။
မတ်လ၂ ရက် ညက ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာ မော်တော်ယာဉ် ပြပွဲတွင် Bentleyက မွမ်းမံ အဆင့်မြှင့်တင်ဆဲဖြစ်သည့် Exp 10 Speed 6 အမျိုးအစား နှစ်ယောက်စီး ပြိုင်ကားကို ပြသလာခဲ့ခြင်း ဖြစ်သည်။ အဆိုပါ မော်တော်ကားသည် တစ်နာရီလျှင် မိုင်(၂၀၀)နှုန်းမျှထိ မြန်နှုန်းမြင့် မောင်းနှင်နိုင်မည်ဖြစ်ပြီး လာမည့်(၃)နှစ်အတွင်း ဈေးကွက်ထဲတွင် ရောင်းချသွားနိုင်ရန် Bentleyက ရည်ရွယ်ထားသည်။

James Bond ဇာတ်လမ်းများတွင် ပြိုင်ဘက်ကြီး Aston Martin၏ ပြိုင်ကားများကသာ နေရာယူ လွှမ်းမိုးထားမှုကို ယခုမော်တော်ကားက ဖီဆန်နိုင်မည်ဟု Bentleyက မျှော်လင့်ထားသည်။ James Bond ဇာတ်ကားများတွင် Goldfinger မှ စပြီး အသစ်ထွက်ရှိမည့် Spectre ဇာတ်ကားထိ Aston Martin ၏ မော်တော်ကားများကိုသာ အသုံးပြုခဲ့သည်။
Bentley၏ အမှုဆောင်များက မိမိတို့သည် အရွယ်အစားအားဖြင့် သေးငယ်ပြီး ပြိုင်ကားပုံစံဖြစ်သည့် မော်ဒယ်လ် တစ်မျိုးကို ထုတ်လုပ်ကာ Aston Martin၊ Ferrari နှင့် Maserati တို့ကို ပြိုင်ဆိုင်သွားမည်ဟု ယမန်နှစ် အတွင်းက ပြောကြားခဲ့ဖူးသည်။ Bentelyသည် Bentaygaဟု အမည်ပေးထားသည့် 4x4 ဘက်စုံသုံး မော်တော်ကား မော်ဒယ်လ်သစ် တစ်မျိုးကို ထုတ်လုပ်ရန်လည်း ပြင်ဆင်နေသည်။
မော်တော်ကား ဝါသနာအိုးများက Exp 10 Speed 6 မော်ဒယ်လ်ကို Bentley၏ Babyဟု ချစ်စနိုး အမည်ပေး ခေါ်ဝေါ်နေကြပြီး Aston Martin ကို အမှန်တကယ် စိန်ခေါ်နိုင်လိမ့်မည်ဟု ထင်ကြေး ပေးနေကြသည်။
Bentleyကို ဂျာမန် မော်တော်ကား လုပ်ငန်းစုကြီး Volkswagenက ပိုင်ဆိုင်ပြီး ဗြိတိန်တွင် အခြေစိုက်ထားသည်။ Bentley ၏ အရောင်းဌာန ဒါရိုက်တာ ကီဗင်ရို့စ်က “စိတ်လှုပ်ရှားစရာ အင်္ဂလိပ်အမျိုးသားတစ်ယောက်၊ ဆွဲဆောင်မှု သိပ်ရှိတယ်။ ဒါဟာ James Bondနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ အသိတရားတွေထဲက တစ်ခုပါ။ Aston Martinနဲ့ James Bond ရုပ်ရှင်တွေရဲ့ ပေါင်းစည်းမှုကနေ ဘက်ပြောင်းလာအောင် ဆွဲထုတ်ဖို့ ဆိုတာကတော့ နှစ်ပေါင်းများစွာ အချိန်ယူ ကြိုးစားခဲ့ပြီးပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့ ဆက်ပြီး လုပ်ဆောင်နေဆဲပါ။ လုပ်ရမှာတွေလည်း အများကြီး ကျန်ပါသေးတယ်။ အရွယ်အစား ပိုသေးငယ်သွားပြီး ဆွဲဆောင်မှုရှိတဲ့ ကားမော်ဒယ်လ်နဲ့ ဆိုရင်တော့ ဖြစ်နိုင်ခြေ ပိုများလာမှာပါ”ဟု မှတ်ချက်ပြုခဲ့သည်။
Exp 10 Speed 6 သည် အရွယ်အစား သေးငယ်သော်လည်း ဈေးနှုန်းကြီးမားမည်ဖြစ်ပြီး စတာလင်ပေါင် (၁၂၀၀၀၀)နှင့် (၁၄၀၀၀၀)ကြား သတ်မှတ် ရောင်းချဖွယ် ရှိနေကြောင်း သိရှိရသည်။
_Ref: Dailymail

No comments:

Post a Comment