Sunday 15 March 2015

ဧည့်စာရင်းစစ်မည်ဟု ဆိုကာ ဖမ်းဆီးခဲ့သော ကျောင်းသားသမဂ္ဂ အဖွဲ့ဝင် လေးဦးကို မသင်္ကာဖွယ် အခြေအနေဖြင့် သာယာဝတီအကျဉ်းထောင်တွင် စစ်ဆေးနေ

ဧည့်စာရင်းစစ်မည်ဟုဆိုကာ ဖမ်းဆီးခဲ့သော ကျောင်းသားသမ္ဂအဖွဲ့ဝင် လေးဦးကို မသင်္ကာဖွယ် အခြေအနေဖြင့် သာယာဝတီ အကျဉ်းထောင်တွင် စစ်ဆေးနေကြောင်း ပဲခူးတိုင်းဒေသကြီး ဒုတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းစိန်က The Daily Eleven သတင်းစာသို့ မတ် ၁၄ ရက်က ပြောကြားသည်။
ရဲမှူးကြီးဝင်းစိန်က “အဲဒီ ဖမ်းဆီးတဲ့အပိုင်းက ရန်ကုန်မှာ ဆန္ဒပြတဲ့ဟာနဲ့ မဆိုင်ဘူး။ ဒီကအဖွဲ့ထဲမှာ ဝင်လုပ်သွားတယ်။ အဲဒါကြောင့် မသင်္ကာအနေနဲ့ ဖမ်းပြီး စစ်ဆေးနေတာပါ”ဟု ပြောကြားသည်။
မတ် ၁၃ ရက် နံနက် ၁ နာရီခန့်က ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် လေးဦးအား ဧည့်စာရင်းစစ်မည်ဟုဆိုကာ အလုံရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး နေ့လယ်ပိုင်းတွင် ယင်းလေးဦးစလုံးကို ပဲခူးတိုင်းသာယာဝတီ အကျဉ်းထောင်သို့ ခေါ်ဆောင်ခဲ့သည်ဟု သိရသည်။

ဖမ်းဆီးခေါ်ဆောင်သွားသော ဗကသအဖွဲ့ဝင်များမှာ ကိုသီဟဝင်းတင်၊ မဟန်နီဦး၊ ကိုအောင်မိုးထွန်း (ခ) ကိုမိုးထက်နေ၊ ကိုထက်ညီညီအောင်တို့ဖြစ်ပြီး အလုံမြို့နယ် လွတ်လပ်ရေးရပ်ကွက်၊ အောင်ဇေယျလမ်းရှိ နေအိမ်မှ ဧည့်စာရင်းစစ်ရန်ရှိသည်ဟု အကြောင်းပြချက်ဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။
ယခု အဖမ်းဆီးခံရသည့် ဗကသအဖွဲ့ဝင်များမှာ ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းတွင် ပါဝင်ခဲ့ဖူးသူများဖြစ်ပြီး ဗကသများအဖွဲ့ချုပ်၏ ဗဟိုလုပ်ငန်းကော်မတီဝင်များ ဖြစ်ကြသည်။
စတင်ဖမ်းဆီးခံရစဉ်က ငါးဦးအထိ ရှိသော်လည်း ကျန်တစ်ဦးမှာ အေအက်(ဖ်)ပီ သတင်းဌာနမှ ကင်မရာရိုက်ကူးသူဖြစ်သောကြောင့် ပြန်လည်လွှတ်ပေးလိုက်ကြောင်း သိရသည်။
လက်ရှိတွင် ဗကသအထွေထွေအတွင်းရေးမှူး မဖြိုးဖြိုးအောင်၊ ဗကသဒုတိယဥက္ကဋ္ဌ ကိုမိုးထက်နေတို့ကို မတ် ၁ဝ ရက် လက်ပံတန်းဖြစ်စဉ်အတွင်း ဖမ်းဆီးခဲ့ပြီး ဗကသဥက္ကဋ္ဌ ကိုကျော်ကိုကိုအား လိုက်လံရှာဖွေ ဖမ်းဆီးနေသည့် သတင်းများလည်း ထွက်ပေါ်နေသည်။
“ဦးသမီးနဲ့ ဦးက မနေ့က ဖမ်းဆီးခေါ်ဆောင်သွားလို့ မနက်ပိုင်းမှာ အလုံရဲစခန်းမှာ ခဏတွေ့လိုက်ရတယ်။ အဲဒီနောက်ပိုင်းမှာ ဦးရဲ့သမီးနဲ့ သုံးဦးကို အခြားကို ခေါ်ဆောင်သွားတယ်လို့ သိလိုက်ရတယ်။ ဘယ်ကိုခေါ်သွားလဲဆိုတာတော့ မသိရဘူး။ ညနေ ၅ နာရီလောက် ရောက်တော့ ဦးသမီးနဲ့ အခြားသုံးဦးကို သာယာဝတီထောင်ကို ပို့လိုက်တယ်လို့ ကြားသိလိုက်ရတယ်။ ဖေ့စ်ဘွတ်ပေါ်မှာလဲ သာယာဝတီထောင်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ တက်လာတယ်။ ဦးတို့နဲ့က အလုံရဲစခန်းမှာ နောက်ဆုံးတွေ့ပြီးတဲ့အချိန်ကနေ အခုအချိန်အထိတော့ အဆက်အသွယ် မရသေးဘူး။ ဦးပြောချင်တာကတော့ ဦးသမီးတို့က လက်ပံတန်းမှာ ရှိခဲ့တာလည်း မဟုတ်ဘူး။ နောက်ပြီး ကျောင်းသားတွေ တောင်းဆိုထားတဲ့ အချက် ၁၁ ချက်ကိုလည်း အစိုးရ က လက်ခံပြီးနေပြီ။ ဒါပေမဲ့ အဲဒီ ၁၁ ချက်ကို ဆွေးနွေးတုန်းက ပါဝင်ခဲ့တဲ့သူတွေကို ဖမ်းဆီးတယ်ဆိုတာတော့ တစ်မျိုးကြီးဖြစ်နေတယ်။ ဒါက မဖြစ်သင့်ဘူးလို့ ထင်ပါတယ်”ဟု ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရသည့် ဗကသ အဖွဲ့ဝင် မဟန်နီဦး၏ ဖခင် ဦးထွန်းဦးက မတ် ၁၄ ရက်တွင် The Daily Eleven သတင်းစာသို့ ပြောကြားသည်။
အဆိုပါ ဖမ်းဆီးခြင်းခံခဲ့ရသည့် ဗကသအဖွဲ့ဝင်လေးဦး သာယာဝတီအကျဉ်းထောင်သို့ ရောက်ရှိနေခြင်းနှင့် ပတ်သက်၍ အလုံမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းရွှေမှ “ကျွန်တော်တို့က သူတို့ကို မနေ့က ကတည်းက ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေး လိုက်တာပါ။ သာယာဝတီထောင်ကို ပို့တယ်၊ မပို့ဘူးဆိုတာတော့ ကျွန်တော် မသိရပါဘူး။ ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ကပဲ သိပါလိမ့်မယ်”ဟု မတ် ၁၄ ရက်တွင် ပြောကြားသည်။
Eleven Media Group

No comments:

Post a Comment