Sunday 15 March 2015

ဗုံးကျခြင်းကဲ့သို့ အလားတူဖြစ်ရပ်မျိုး ထပ်မံဖြစ်ပွားလျှင် အရေးယူဆောင်ရွက်သွားမည်ဟု တရုတ်အစိုးရသတိပေး

ဘေဂျင်း- တရုတ်ဗဟိုစစ် ကော်မရှင်ဒုဥက္ကဌ ဖန်ချန်လုံက မြန်မာနှင့်တရုတ် နယ်စပ်ပိုင်နက်အတွင်း လူသေဆုံးစေသည့် လေကြောင်းတိုက်ခိုက်မှုများ ထပ်မံမဖြစ်သင့်တော့ကြောင်းနှင့် သို့မဟုတ်ပါက တရုတ်စစ်တပ်အနေဖြင့် ၎င်း၏ပြည်သူများ လုံခြုံရေးကို ကာကွယ်ပေးနိုင်ရန် ခိုင်မာပြတ်သားသည့် အရေးယူဆောင်ရွက်မှု လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြန်မာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်သို့ သတိပေးပြော ကြားလိုက်သည်ဟု ဆင်ဟွာ သတင်းနှင့် ချိုင်းနားဒေးလ်လီး သတင်းဌာနများက ဖော်ပြသည်။
စစ်ကော်မရှင် ဒုဥက္ကဌ ဖန်သည် သောကြာနေ့က မြန်မာတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နှင့် တယ်လီဖုန်း ဆက်သွယ်ပြောကြားရာတွင် ယူနန်ပြည်နယ်အတွင်း မြန်မာစစ်လေယာဉ်မှ ပစ်ချခဲ့သည့်ဗုံးကျရောက်ပေါက်ကွဲမှု ကြောင့် တရုတ်လူမျိုးလေးဦး သေဆုံး ခဲ့သည့်ဖြစ်စဉ်နှင့် ပတ်သက်၍ ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည် ဟုဆိုသည်။
ဖန်က မြန်မာအစိုးရ အနေဖြင့် ထိုမတော်တဆ ဖြစ်စဉ်ကို အရေးတကြီး စုံစမ်းပေးရန် တောင်းဆိုခဲ့ပြီး ထိုသို့လုပ်ဆောင်ခဲ့သူများအား ပြင်းထန်စွာ အပြစ်ပေးရန်၊ သေဆုံးသူ တရုတ်မိသားစုများအား လျော်ကြေးပေးရန်နှင့် တောင်းပန်ရန်တိုက်တွန်းခဲ့သည်။
ထို့အပြင် ၎င်းက မြန်မာအနေဖြင့် ထိုဖြစ်ရပ်ကို ကောင်းမွန်စွာ ကိုင်တွယ်ပြီး တရုတ်နှင့် ပူးပေါင်းဆောင်ရွက်ကာ နယ်စပ်ဒေသများလုံခြုံရေးနှင့် တည်ငြိမ်ရေးသေချာအောင် လုပ်ဆောင်မည် မျှော်လင့်ကြောင်း ၎င်းက ဆိုသည်။
မြန်မာ ကာကွယ်ရေးဦးစီးချုပ်ကလည်း တရုတ်ဘက်မှ ခံစားမှုများကို နားလည်ပါကြောင်းနှင့် မြန်မာအစိုးရသည် ထိုဖြစ်စဉ်ကိုတရုတ်နှင့် လက်တွဲစုံစမ်းစစ်ဆေးသွားရန် လူပုဂ္ဂိုလ်များစေလွှတ်ပေးသွားမည်ဟု ပြောဆိုကြောင်း ဖော်ပြထားသည်။
ကိုးကား_ဆင်ဟွာ၊ ချိုင်းနားဒေးလ်လီး
7Day Daily

No comments:

Post a Comment