Sunday 15 March 2015

မြန်မာအစိုးရ တိုက်လေယာဉ်များ၏ ဗုံးဆန် တရုတ်နိုင်ငံဘက်အခြမ်းသို့ ကျရောက်ခြင်းမရှိဟု နိုင်ငံတော်သမ္မတရုံးဆို

တပ်မတော်၏ တိုက်လေယာဉ်များက ဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့များကို ဗုံးကြဲတိုက်ခိုက်ရာတွင် တရုတ်နိုင်ငံဘက် အခြမ်းသို့ ဗုံးဆန်ကျရောက်ရှိခြင်း မရှိကြောင်း နိုင်ငံတော်သမ္မတရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
တရုတ်-မြန်မာ နယ်စပ်အနီးတွင် မြန်မာတပ်မတော်က ကိုးကန့် လက်နက်ကိုင်တပ်များကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်သောကြောင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်Lincang နယ်စပ်မြို့ရှိ ကြံစိုက်ခင်းကို မတ် ၁၃ ရက်နေ့က ဗုံးထိမှန်ပြီး တရုတ်နိုင်ငံသားလေးဦး သေဆုံးပြီး ကိုးဦး ဒဏ်ရာရရှိသွားကြောင်း တရုတ်အစိုးရ၏ နိုင်ငံပိုင်သတင်းဌာနများတွင် ဖော်ပြထားခြင်းနှင့် ပတ်သက်ပြီး ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

“နှစ်နိုင်ငံအရေး ဖြစ်တဲ့အတွက် ကျွန်တော်တို့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ သေသေချာချာလေး စိစစ်နေပါတယ်၊ တပ်မတော်က ရရှိတဲ့ GPS စနစ်တွေ၊ ရေဒါတွေနဲ့ မြေပြင်သတင်းအချက်အလက်တွေအရ လေယာဉ်တွေဟာ အဲဒီဘက်ကို မရောက်ပါဘူး” ဟု ၎င်းကဆိုသည်။
အဆိုပါ တရုတ်နိုင်ငံသားများ သေဆုံးခြင်းနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေး ဒုဝန်ကြီး Liu Zhenmin က တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကို ခေါ်ယူတွေ့ဆုံကာ ဗုံးကြဲတိုက်ခိုက်မှုတွင် တာဝန်ရှိသူကို အပြစ်ပေးပြီး အလားတူဖြစ်ရပ်များ ထပ်မံမဖြစ်ပေါ်စေရေးနှင့် နှစ်နိုင်ငံ နယ်စပ်ဒေသ လုံခြုံရေးနဲ့ တည်ငြိမ်ရေးတွေအတွက် ထိထိရောက်ရောက် ချက်ချင်းဆောက်ရွက်ရန် မြန်မာအစိုးရကို တိုက်တွန်းကြောင်း တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနတွင် ဖော်ပြထားသည်။
ယင်းသို့ တရုတ်အစိုးရက သတိပေး ပြောကြားခြင်းနှင့် ပတ်သက်ပြီး မြန်မာအစိုးရ အနေဖြင့် အဖြစ်မှန် ပေါ်ပေါက်ရေး ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပြီး တပ်မတော်ထံမှ ခိုင်မာသော အချက်အလက်များကို စုဆောင်း၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကို ခေါ်ယူညှိနှိုင်း ဆွေးနွေးသွားမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး တာဝန်ရှိသူက ဆိုသည်။

“ကျွန်တော်တို့ဘက်ကလည်း လေယာဉ်တွေ မရောက်ဘူးဆိုရင်၊ သူတို့ဘက်ကလည်း ရရှိထားတဲ့ ဗုံးစတွေ၊ ဒုံးတွေဟာ ဘယ်နိုင်ငံက ထုတ်တာလဲ၊ ဘယ်လိုအမျိုးအစားလဲဆိုတဲ့ အချက်အလက်တွေကို စုဆောင်းထားတယ်၊ အဲဒါကို စိစစ်ကြမယ်ပေါ့၊ နောက်တစ်ခုက တရုတ်နိုင်ငံကို ဒီစစ်ပွဲထဲ ဆွဲသွင်းချင်တဲ့ ပုံမှားရိုက်တဲ့ လုပ်ရပ်မျိုး ကိုးကန့်တပ်တွေ လုပ်နေသလားလို့ ယူဆရပါမယ်၊ 
နှစ်ဖက်အချက်အလက်တွေကို တရုတ်သံအမတ်ကို ခေါ်ယူပြီးတော့ ဒီနေ့ ဆွေးနွေးမှာပါ၊ ပြီးရင် သတင်းထုတ်ပြန်ပါမယ်” ဟု ၎င်းကဆိုသည်။
အဆိုပါ တရုတ်နိုင်ငံသားများ သေဆုံးပြီးနောက် မြန်မာ-တရုတ်နယ်စပ်တွင် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် ALP က လေကြောင်း ကြိုတင်ကာကွယ်ရေးအရ တိုက်လေယာဉ်များ စေလွှတ်ထားကြောင်း တရုတ်နိုင်ငံပိုင် သတင်းဌာနများတွင် ဖော်ပြထားသည်။
ကိုးကန့်ဒေသတွင် အစိုးရတပ်မတော်နှင့် ဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့်လက်နက်ကိုင်များ၏ နှစ်ဖက်တိုက်ပွဲ ကျည်ဆံများ တရုတ်နိုင်ငံတွင်း ကျရောက်နေခြင်းကြောင့် အမြန်ဆုံးတင်းမာမှု လျော့ကျစေရေး ထိထိရောက်ရောက် လုပ်ဆောင်ကြရန် တရုတ်နိုင်ငံခြားရေးဌာနက မတ်လ ၁၀ ရက်နေ့တွင် တိုက်တွန်းထားသည်။

သို့သော်လည်း တရုတ်-မြန်မာနယ်စပ်တွင် ခြေကုပ်ယူထားသော ဖုန်ကြားရှင် ဦးဆောင်သည့် ကိုးကန့် လက်နက်ကိုင်တပ်များကို တပ်မတော်က လေကြောင်းမှ ရှင်းလင်းရေးကို လုပ်ဆောင်လျက် ရှိကြောင်းကို တရုတ်နိုင်ငံသို့ အသိပေးထားပြီး ကျည်ဆံများ ကျရောက်မှု မရှိစေရေး ထိန်းသိမ်းဆောင်ရွက်နေကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က တုံ့ပြန်ပြောကြားထားသည်။
The Voice Weekly

No comments:

Post a Comment