Monday 2 March 2015

ပူတင်အစိုးရအပေါ် ဆန့်ကျင်သူ အတိုက်အခံ နိုင်ငံရေးသမား ပစ်သတ်ခံရမှု မကျေနပ်သည့် ရုရှားထောင်ပေါင်းများစွာ မော်စကိုတွင် ချီတက်ဆန္ဒပြ


ရုရှားနိုင်ငံတွင် သောကြာနေ့က ပစ်ခတ်သတ်ဖြတ်ခံလိုက်ရသော အတိုက်အခံခေါင်းဆောင် ဘောရစ်နမ် ဆော့ဗ်ကို ဂုဏ်ပြုသောအားဖြင့် ၎င်းကို ထောက်ခံသူ ရုရှားနိုင်ငံသား ထောင်ပေါင်းများစွာ မြို့တော် မော်စကို တွင် ချီတက်ဆန္ဒပြကြကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။

ဘောရစ်နမ်ဆော့ဗ်သည် တနင်္ဂနွေနေ့တွင် ယူကရိန်း စစ်မက်ပဋိပက္ခ ဆန့်ကျင်ကန့်ကွက်ရေး ဆန္ဒပြပွဲကို ဦးဆောင်ပြုလုပ်ရန် စီစဉ်နေချိန်အတွင်း ပစ်ခတ်သတ်ဖြတ်ခံလိုက်ရခြင်း ဖြစ်ပြီး ၎င်းသေဆုံး သွားသော် လည်း ထောက်ခံသူ ထောင်ပေါင်းများစွာက ယင်းဆန္ဒပြပွဲကို အကောင်အထည်ဖော်ခဲ့ကြသည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်ကို အမြဲပင် ဝေဖန်ပြောဆိုလေ့ရှိပြီး ယူကရိန်း စစ်မက်ပဋိပက္ခ၌ ရုရှားနိုင်ငံ ပါဝင်ပတ်သက်နေမှုကို ဆန့်ကျင်ခဲ့သူ ဘောရစ်နမ်ဆော့ဗ် သတ်ဖြတ်ခံလိုက်ရမှုသည် ရုရှားအစိုးရနှင့် သမ္မတအပေါ် အတိုက်အခံလုပ်မှု၊ ယူကရိန်းကိစ္စ ဝေဖန်ကန့်ကွက်မှုတို့နှင့် ဆက်နွှယ်နေနိုင်သည်ဟု ၎င်း၏ မဟာမိတ် နိုင်ငံရေးသမားများက သုံးသပ်ပြောဆိုကြသည်။

သို့သော် သမ္မတပူတင်က ဘောရစ်နမ်ဆော့ဗ် သတ်ဖြတ်ခံလိုက်ရမှုကို စက်ဆုပ်ရွံရှာဖွယ်ကောင်းပြီး သစ္စာတရားမဲ့လွန်းသော ဖြစ်ရပ်ဟု သတ်မှတ်ပြောဆိုသလို လူသတ်သမားများကို မဖြစ်မနေ ရှာဖွေ ဖော်ထုတ် သွားမည်ဟုလည်း သန္နိဋ္ဌာန်ပြုလိုက်သည်။

ဘောရစ်နမ်ဆော့ဗ်ကို ထောက်ခံသူ ထောင်ပေါင်းများစွာသည် တနင်္ဂနွေနေ့ နေ့လယ် ၂ နာရီတွင် မော် စကို မြို့လယ်၌ စုဝေးကြကာ ၎င်းပစ်ခတ် သတ်ဖြတ်ခံလိုက်ရသည့် နေရာဖြစ်သော ဂရိတ်မော့စ်ဗွာစကီး တံတားရှိရာသို့ ချီတက်ဆန္ဒပြကြသည်။

ဘောရစ်နမ်ဆော့်ဗ် သတ်ဖြတ်မခံရမီ ပြီးခဲ့သည့် သီတင်းပတ်အတွင်း မော်စကိုမြို့ အာဏာပိုင်များက ချီတက် ဆန္ဒပြမှုတွင် လူ ၅၀၀၀၀ ခန့်ထိသာ ခွင့်ပြုမည်ဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုထားပြီး ဖြစ်သော် လည်း ဆန္ဒပြမှုကို ဦးဆောင်သူများ အဆိုအရ ချီတက်ဆန္ဒပြသူဦးရေမှာ ယင်းသတ်မှတ်ချက် ပမာဏထက် ပိုသည်ဟု ခန့်မှန်းရသည်။

ချီတက်ဆန္ဒပြသည် လူအုပ်ကြီးတွင် “ကျွန်ုပ်တို့အားလုံး ဘောရစ်နမ်ဆော့ဗ်ပါ” ဟု ရေးသားထားသည့် ဆိုင်းဘုတ် များကို တွေ့ရသလို ၎င်းပစ်ခတ်ခံခဲ့ရသည့် တံတားပေါ်တွင်လည်း ပန်းစည်းထောင်ပေါင်းများစွာ စုပုံနေသည်ကို တွေ့ရကြောင်း မော်စကိုအခြေစိုက် BBC သတင်းထောက်က ဆိုသည်။

ရုရှားတွင် ၂၀၀၆ ခုနှစ်က သမ္မတပူတင် ဆန့်ကျင်သည့် သတင်းစာဆရာမ အန်နာ ပစ်ခတ်သတ်ဖြတ် ခံခဲ့ရဖူးပြီး အမေရိကန် သတင်းစာဆရာ ပေါကလီနီကော့လည်း ပစ်ခတ်သတ်ဖြတ်ခံခဲ့ရဖူးသည်။

ချီတက်ဆန္ဒပြမှုသို့ ပူးပေါင်းခဲ့သူ အလက်ဇန္ဒား ဘာဒီရေ့ဗ်ဆိုသူက အတိုက်အခံ နိုင်ငံရေးသမား ဘောရစ် နမ်ဆော့ဗ် သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ “ဒါဟာ ပူတင်အမိန့်ပေးခဲ့တယ် ဆိုတာကို ဘာမှသံသယ ဖြစ် စရာ မရှိပါဘူး။ ဒီဖြစ်ရပ်ကို ကြည့်မယ်ဆိုရင် ပူတင်အစိုးရကို ဆန့်ကျင်တဲ့သူတွေရဲ့ ကံကြမ္မာ ဘယ်လိုဖြစ် လာ မလဲဆိုတဲ့ အချက်ကို ကျွန်တော်တို့ တွေ့ကြရမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment