Monday 2 March 2015

သပိတ်မှောက်ကျောင်းသားစစ်ကြောင်း ရန်ကုန်သို့မဝင်ရန် သံဃာအပါး ၂၀ကျော် မေတ္တာရပ်ခံ မတ် ၂ရက်တွင် ရန်ကုန်ဝင်ရန် ကျောင်းသားများ ဆုံးဖြတ်ထား


သပိတ်စစ်ကြောင်း ရန်ကုန်သို့မဝင်ရန် သုံးဆယ်မြို့၊ မဟာထူပါရုံကျောင်းတိုက်ဆရာတော် ဦးနန္ဒသီရိ ဦးဆောင်သည့် စုစုပေါင်း သံဃာအပါး ၂၀ကျော်က ပင်မသပိတ်စစ်ကြောင်းမှ ကျောင်းသားခေါင်းဆောင်များကို မတ်လ ၁ရက်နေ့ ညနေပိုင်းတွင် မေတ္တာရပ်ခံခဲ့သည်။


သုံးဆယ်မြို့ မဟာထူပါရုံကျောင်းဆရာတော်ဦးဆောင်၍ ကျောင်းသားများ ရန်ကုန်မဝင်ရန် လက်ပံတန်းမြို့၊ မင်းရပ် ရပ်ကွက်ရှိ အောင်မြေဗိမာန် ကျောင်းတိုက်တွင် မတ် ၁ရက်က ကျောင်းသားများအား လာရောက် မေတ္တာရပ်ခံစဉ်။ (ဓာတ်ပုံ- သက်ကို၊မဇ္ဈိမ)

ဖေဖော်ဝါရီ ၁၇ရက်ကတည်းက သပိတ်ရပ်ပြီး ပဲခူးတိုင်း၊ လက်ပံတန်းမြို့၊ မင်းရပ် ရပ်ကွက်ရှိ အောင်မြေဗိမာန် ကျောင်းတိုက်တွင် တည်းခိုနေသည့် ကျောင်းသားများထံ သံဃာအပါး(၂၀)ကျော်က လာရောက်ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

“ရှည့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာတော့လုပ်ပါ။ ညီလေး၊ ညီမလေးတွေ စာမေးပွဲဖြေဖို့လည်းရှိသေးတယ်လေ” ဟု လာရောက်ဆွေးနွေးခဲ့သည့် ဆရာတော်တစ်ပါးက ကျောင်းသားခေါင်းဆောင်များကို မိန့်သည်။

သို့သော် သပိတ်မှောက်ကျောင်းသားခေါင်းဆောင်များက တစ်စုံတစ်ရာအဖြေမပေးသေးဘဲ ဆရာတော်များ၏ မေတ္တာရပ်ခံချက်ကို စဉ်းစားမည်ဟု ဆိုသည်။

အမျိုးသားပညာရေးဥပဒေကိုကန့်ကွက်သည့် ပင်မကျောင်းသားသပိတ်စစ်ကြောင်းမှာ တောင်သူလယ်သမားနေ့ဖြစ်သည့် မတ်လ ၂ရက် နံနက် ကိုးနာရီတွင် လက်ပံတန်းမြို့မှထွက်ခွာပြီး ရန်ကုန်သို့ ဆက်လက်ချီ တက်ရန် ဆုံးဖြတ်ထားပြီးဖြစ်သည်ဟု ကျောင်းသားခေါင်းဆောင်များက ဆိုသည်။

ရန်ကုန်သို့ချီတက်ရန် အောင်မြေဗိမာန်ကျောင်းတိုက်တွင် တည်းခိုနေသည့် သပိတ်မှောက်ကျောင်းသား၊ ကျောင်းသူဦးရေ နှစ်ရာခန့်ရှိနေသည်ကိုလည်း တွေ့ရသည်။

အခြားတစ်ဖက်တွင်လည်း သပိတ်စစ်ကြောင်းများ ရန်ကုန်သို့ချီတက်လာပါက အရေးယူမည်ဟု ပြည်ထဲရေးဝန် ကြီးဌာနက ဖေဖော်ဝါရီလ ၂၈ရက်တွင် ကြေငြာထားသည်။

ထို့ပြင် သပိတ်မှောက်ကျောင်းသားစစ်ကြောင်းအား စည်းကျော်ပါက လုစုခွဲမည်ဟုရေးသားထားသည့် ဆိုင်းဘုတ်နှင့် ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်းနယ်စပ်ရှိ ပြည်လမ်းမပေါ်တွင် သံဆူးကြိုးများ ထူထပ်စွာချထားခြင်း၊ ရဲတပ်ဖွဲ့နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့များက လုံခြုံရေးယူထားခြင်းနှင့် လုံခြုံရေးကား(အတိအကျမသိ)အပါအဝင် အဓိကရုဏ်းနှိမ်နင်းရေးကားများ ရပ်ထားသည်ကိုလည်း မတ်လ ၁ရက်၊ ညနေပိုင်းက တွေ့ရသည်။
မဇ္ဈိမ

No comments:

Post a Comment