Monday, 2 March 2015

ကတိမတည်ဘူးဆိုရင်တော့ သူ့နေရာသူ မရောက်နိုင်ဘူး

( ၁ )
မြန်မာ့အရေးဆုတ်ယုတ်မှု သတင်းတွေ ဒီရက်ပိုင်း ဆက်တိုက် ထွက်ပေါ်နေပါတယ်။
ဒီအထဲမှာ ပညာရေးနယ်ပယ်က သတင်းတွေလည်း ပါခဲ့တယ်။ အမျိုးသားပညာရေး ဥပဒေပြင်ဆင်မှု ဥပဒေကြမ်း ပုံဖျက်ပြောဆိုခံရမှု၊ အခြေခံပညာ စာမေးပွဲမေးခွန်းတချို့ ပေါက်ကြားမှု၊ စာဖြေသူတွေ ပြင်ဆင်ဖြေဆိုခဲ့ရတဲ့ မေးခွန်းသတ်ပုံမှားယွင်းမှု စတဲ့ ရုပ်ပျက်ဆင်းပျက်ကိစ္စတွေ ဖြစ်ခဲ့ပါတယ်။
ဒီသတင်းတွေ မတိုင်ခင်မှာပဲ အမေရိကန် ထိပ်တန်းတက္ကသိုလ် ဂျွန်ဟော့ကင်း (Johns Hopkins) က သူတို့ရဲ့ အစီအစဉ်တွေကို မြန်မာနိုင်ငံက ပြန်ရုပ်သိမ်းသွားပါတယ်။ ဒီလို ပြန်ရုပ်သိမ်းသွားတာကို ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူများက အရေးမကြီးသယောင် ပြောဆိုနေပေမဲ့ နာလန်ထူဖို့ ကြိုးစားနေဆဲ မြန်မာ့ပညာရေး လောကအတွက် ကြီးမားတဲ့ဆုံးရှုံးမှု ဖြစ်ပါတယ်။



ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ ခြေလှမ်းတွေဟာ ၂ဝ၁၂ ခုနှစ်မှာ မြန်မာနိုင်ငံကို ဦးတည်ခဲ့ပါတယ်။

၂ဝ၁၂ ခုနှစ် မေလထဲမှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ (Doctor of Humane Letters) ပေးခဲ့တယ်။ ဒီဆုပေးပွဲကို ဒေါ်အောင်ဆန်းစုကြည် မတက်ခဲ့ပါဘူး။ ဒါပေမဲ့ မြန်မာလူငယ်တွေရဲ့ အနာဂတ်အတွက် ဂျွန်ဟော့ကင်း တက္ကသိုလ်က ပူးပေါင်းပါဝင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း စကားပါးခဲ့ပါတယ်။

၂ဝ၁၂ ခုနှစ် ဩဂုတ်လမှာ ဂျွန်ဟော့ကင်းတက္ကသိုလ် ပါမောက္ခ ဒေါက်တာကားလ်ဂျက်ဆင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကို ရောက်ပါတယ်။ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းကို နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနက ဒုတိယဝန်ကြီးတွေလည်း တွေ့ဆုံပွဲကို တက်ပါတယ်။ နှစ်နိုင်ငံနည်းပညာ ဖလှယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူစွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးကြပါတယ်။

၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၁ဝ ရက်မှာ ဂျွန်ဟော့ကင်းတက္ကသိုလ်က မြန်မာနိုင်ငံကို ကူညီနိုင်မယ့် အစီအစဉ်ကို စတင်ပါတယ်။

ရန်ကုန်တက္ကသိုလ်မှာ International Center of Excellent (ICOE) သင်တန်းဖွင့်ခဲ့တာပါ။

ပညာရေးဝန်ကြီးဌာနရဲ့ သဘောတူခွင့်ပြုချက်နဲ့ သူတို့အစီအစဉ်ကို စတင်ခဲ့ပါတယ်။

( ၂ )

၂ဝ၁၃ ခုနှစ် မေလမှာ သမ္မတဦးသိန်းစိန် အမေရိကန်နိုင်ငံကို သမိုင်းဝင် ခရီးသွားခဲ့ပါတယ်။ ဒီခရီးစဉ်မှာပဲ ဂျွန်ဟော့ကင်း တက္ကသိုလ်ကို သမ္မတဦးသိန်းစိန် သွားခဲ့တယ်။ ၂ဝ၁၃ ခုနှစ် ဇွန်မှာ ထုတ်လွှင့်ခဲ့တဲ့ ရေဒီယိုမိန့်ခွန်းမှာ ဒီအကြောင်း ထည့်ပြောပါတယ်။

အမေရိကန် ပြည်ထောင်စုရဲ့ ပညာရေးစနစ်ကို လေ့လာနိုင်ဖို့အတွက် သွားတယ်လို့ သူက ဆိုခဲ့ပါတယ်။

ဒါ့အပြင် သူ့ရဲ့ အမေရိကန် ခရီးစဉ်မှာ “... လုပ်ဆောင်နေတဲ့ အမျိုးသား အကျိုးစီးပွားရေးတစ်ရပ် တည်ဆောက်ရေးမှာ အဟန့်အတားဖြစ်နေတဲ့ ပိတ်ဆို့အရေးယူမှုများ ဖယ်ရှားနိုင်ရေးအတွက် ယုံကြည်မှုတည်ဆောက်ရေး ကိစ္စတွေကိုလည်း လုပ်ဆောင်နိုင်ခဲ့ပါတယ်” လို့ သမ္မတဦးသိန်းစိန်က ရေဒီယိုမိန့်ခွန်းမှာ ပြောပါတယ်။

အမေရိကန် ခရီးစဉ်ကာလအတွင်း မျက်နှာပွင့်စရာ ကိစ္စတွေကိုလည်း သမ္မတ ပြောရေးဆိုခွင့်ရှိသူ၊ ပြန်ကြားရေး ဝန်ကြီးဌာန (အဲဒီ အချိန်တုန်းက ဒုတိယဝန်ကြီး) ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က သူ့ရဲ့ Facebook မှာ အလျဉ်မပြတ် တင်ခဲ့ပါတယ်။

၂ဝ၁၃ ခုနှစ် မေ ၂၁  ရက်မှာ ဦးရဲထွဋ်တင်ခဲ့တဲ့ Status တစ်ခုက အခုချိန်မှာ “ဘယ်လိုဖြစ်သွားပြီလဲ” လို့ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

အမေရိကန် ကုန်သည်ကြီးများအသင်းက တည်ခင်းတဲ့ ညစာစားပွဲမှာ သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောတာနဲ့ ဆက်စပ်ပြီး ဦးရဲထွဋ်ရေးခဲ့တဲ့ အကြောင်းအရာပါ။

“... ကျွန်တော့်ဘေးမှာ ထိုင်တဲ့ ဂျွန်ဟော့ကင်းတက္ကသိုလ်က ဆရာမကြီးက ပုခုံးကိုပုတ်ပြီး မြန်မာဟာ သူ့နေရာကို သူပြန်ရပြီလို့ ပြောလိုက်တော့ မြန်မာနိုင်ငံသစ်အတွက် မျက်ရည်လည်အောင် ဂုဏ်ယူမိပါတယ်... ” လို့ ဦးရဲထွဋ်က ရေးခဲ့တာပါ။

အခုချိန်မှာ မြန်မာနိုင်ငံသစ် ဘယ်ရောက်နေပြီလဲ။ အခုဖြစ်နေတဲ့ အခြေအနေတွေက မျက်ရည်လည်အောင် ဂုဏ်ယူစရာတွေ ဖြစ်နေပြီလား။ ဦးရဲထွဋ်ပခုံးကို ပုတ်ပြီး မြန်မာဟာ သူ့နေရာကို သူပြန်ရပြီလို့ပြောခဲ့တဲ့ ဂျွန်ဟော့ကင်းတက္ကသိုလ် ဆရာမကြီးကရော အခုအချိန်မှာ ဘာပြောမလဲ။

သေချာတဲ့ အချက်ကတော့ ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ ခြေလှမ်းတွေက မြန်မာနိုင်ငံကို ကျောခိုင်းသွားပါပြီ။

အစိုးရကပေးခဲ့တဲ့ ကတိတွေဟာ မှတ်ကျောက်တင်မခံခဲ့သလို ဖြစ်သွားပါတယ်။

( ၃ )

၂ဝ၁၂ ခုနှစ်နဲ့ ၂ဝ၁၃ ခုနှစ်ရဲ့ ထက်ဝက်ကာလတွေဟာ မြန်မာအစိုးရအတွက် ရွှေရောင်တောက်သော နေ့ရက်တွေ ဖြစ်ခဲ့ပါတယ်။ အစိုးရသစ်အတွက် ဟန်နီးမွန်းကာလကုန်ချိန်၊ ၂ဝ၁၃ ခုနှစ် နှောင်းပိုင်းကာလကစပြီး အကျဘက်ကို တဖြည်းဖြည်း ရောက်လာပါတယ်။ ၂ဝ၁၅ ခုနှစ်မှာ မြန်မာ့ပြုပြင်ပြောင်းလဲမှု ဒီမိုကရေစီလမ်းကြောင်း ဝေဝါးနေပါပြီ။

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ ရပ်တန့်နေပြီ၊ ဒီမိုကရေစီ လမ်းကြောင်းက သွေဖည်နေပြီ ဆိုတာတွေကို ၂ဝ၁၄ ခုနှစ် နှောင်းပိုင်း နဲ့ ၂ဝ၁၅ ခုနှစ်မှာ ထွက်လာတဲ့ နိုင်ငံတကာ အဖွဲ့အစည်း အသီးသီးရဲ့ အစီရင်ခံစာတွေက အခိုင်အမာ ဖော်ပြထားပါတယ်။

စစ်အစိုးရလက်ထက် အုပ်စိုးသူ အာဏာရှင်တွေရဲ့ လုပ်နည်းလုပ်ဟန်၊ သဘောထားပုံစံမျိုးတွေကို လက်ရှိအစိုးရမှာလည်း မြင်တွေ့လာရတယ်လို့ သူတို့ကဆိုပါတယ်။

နိုင်ငံတကာ အစီရင်ခံစာတွေမှာ မြန်မာနိုင်ငံရဲ့ ပြဿနာကို ဘာသာရေး၊ လူမျိုးရေးခွဲခြားမှု ပဋိပက္ခတွေနဲ့ ယှဉ်တွဲဖော်ပြကြပေမဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ကန့်သတ်ခံရတာ၊ တက်ကြွလှုပ်ရှားသူတွေဖမ်းဆီး ထောင်ချခံရတာ၊ ဂျာနယ်လစ်တွေ ထောင်ချခံရတာ၊ မြေသိမ်းလယ်သိမ်းကိစ္စများနဲ့ ငြိမ်းချမ်းရေး အလှမ်းဝေးနေတာတွေက ပြုပြင်ပြောင်းလဲမှု ရပ်တန့်ခြင်းကို ဖော်ပြနေတယ်ဆိုပြီး အလေးထား ထောက်ပြလာကြပါတယ်။

( ၄ )

ပြုပြင်ပြောင်းလဲမှု ရပ်တန့်နေခြင်း ဒါမှမဟုတ် မြန်မာအစိုးရရဲ့ ကတိပျက်မှုကိုပြဆိုနေတဲ့ အခိုင်အမာအချက်တွေ ရှိပါတယ်။

၂ဝ၁၂ ခုနှစ် နိုဝင်ဘာမှာ အမေရိကန် သမ္မတအိုဘားမား မြန်မာနိုင်ငံကို လာခဲ့တယ်။ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံပါတယ်။ တွေ့ဆုံမှုမှာ သမ္မတ ဦးသိန်းစိန်ကက တိကဝတ်အဖြစ် အချက် ၁၁ ချက်ကို လုပ်ဆောင်မယ်လို့ ပြောကြားခဲ့ပါတယ်။

၂ဝ၁၅ ခုနှစ်ရောက်ချိန်မှာ သမ္မတဦးသိန်းစိန်ဘက်က လုပ်ဆောင်မယ်လို့ ပြောထားတဲ့ အချက် ၁၁ ချက်ထဲက  အချက်တစ်ချက်ကိုသာ လုပ်ဆောင်နိုင်ခဲ့ပြီး ကျန်တဲ့ ၁ဝ ချက်က ပြီးပြည့်ဆုံခြင်း မရှိသေးသလို မရေရာမှုတွေ ဖြစ်နေပါတယ်။

သမ္မတ အိုဘားမား မြန်မာနိုင်ငံကို ရောက်ချိန်မှာ “မှိန်ပျပျ အလင်းရောင်တွေ့နေရပြီ” လို့ ပြောခဲ့ပါတယ်။ အဲဒီ မှိန်ပျပျအလင်းရောင် အားမကောင်းခဲ့တာ အခုအချိန်အထိ ဖြစ်ပါတယ်။

ဒီနေရာမှာ အမေရိကန်နဲ့ ချိန်ထိုးပြောဆိုရခြင်းက ရှင်းပါတယ်။ မြန်မာကိုကူညီလိုတဲ့ ဒီမိုကရေစီ နိုင်ငံတွေဟာ အမေရိကန်ရဲ့ ပေတံကိုကြည့်ပြီး လုပ်လေ့ရှိလို့ပါပဲ။

( ၅ )

သမ္မတအိုဘားမားနဲ့ တွေ့ချိန်မှာ မြန်မာနိုင်ငံက လုပ်မယ်ဆိုတဲ့ ကတိကဝတ် ၁၁ ချက်ကို ပြန်ကြည့်ပါမယ်။

နံပါတ်တစ်အချက်က နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (ICRC) ကို အကျဉ်းထောင်တွေထဲ ဝင်ခွင့်ပေးမယ်ဆိုတဲ့ အချက်ပါ။ အလုံးစုံ ပြီးပြည့်စုံခြင်း မရှိပါဘူး။ အကျဉ်းထောင်များစွာကို ဝင်ရောက်ကြည့်နိုင်ဖို့ ကျန်နေဆဲဖြစ်တဲ့အပြင် အကျဉ်းထောင်အတွင်း နှိပ်စက်ညှဉ်းပန်းမှုတွေ ရှိနေဆဲဖြစ်တယ်ဆိုတဲ့ စွပ်စွဲမှုတွေ ရှိနေပါတယ်။

နံပါတ်နှစ်အချက်က မြန်မာနိုင်ငံမှာ ကုလသမဂ္ဂဒုက္ခသည်များ မဟာမင်းကြီးရုံး (UNHCR) အမြဲတမ်းဖွင့်ဖို့ ဖြစ်ပါတယ်။ အခုချိန်အထိ မပြီးစီးသေးပါဘူး။

အမည်ပျက်စာရင်း သွင်းခံခဲ့ရသူတွေကို ပြန်စိစစ်ပြီး နိုင်ငံတွင်း လွတ်လပ်စွာ ဝင်/ထွက် သွားလာခွင့်ပြုဖို့က  နံပါတ်သုံးအချက်ပါ။ လူပေါင်း ၃ဝဝဝ ကျော်ကို အမည်ပျက်စာရင်းက ပယ်ဖျက်ပေးခဲ့ပေမဲ့ စာရင်းအတိအကျ မဟုတ်ဘဲ ကျန်နေသူတွေ ရှိနေပါတယ်။ ဒါလည်း မပြီးသေးပါဘူး။

နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့က နံပါတ်လေးအချက်ဖြစ်ပြီး မပြီးသေးပါဘူး။ နိုင်ငံရေးအကျဉ်းသား ထောင်ချီလွှတ်ပေးခဲ့ပေမယ့် ကျန်နေသူတွေရှိပါတယ်။

၂ဝ၁၄ ခုနှစ် ဇူလိုင် ၂၈ ရက် နေ့စွဲနဲ့ နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က သမ္မတအိုဘားမားထံ ပိုတဲ့စာထဲမှာ နိုင်ငံရေးအကျဉ်းသား ၂၁ဝဝ ကျော်ကို အစိုးရကလွှတ်ပေးတယ်၊ ဒါပေမဲ့ အကျဉ်းထောင်တွေထဲမှာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့သူတွေ အပါအဝင် နိုင်ငံရေးအကျဉ်းသား ၆၅ ဦးနဲ့ တရားရင်ဆိုင်နေရသူ ၁ဝဝ ကျော် ရှိနေတယ်ဆိုကို ဖော်ပြခဲ့ပါတယ်။ အခုချိန်မှာ ဒီထက်မက များနိုင်ပါတယ်။

ကချင်ပြည်နယ်တွင်း အပစ်အခတ်ရပ်စဲရေး၊ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ နိုင်ငံရေးနည်းအရ အဖြေရှာဖို့က နံပါတ် ငါးအချက် ဖြစ်ပါတယ်။ ဒါလည်းဖြစ်မလာ သေးပါဘူး။

နံပါတ်ခြောက်အချက်က ရခိုင်အရေး ဖြေရှင်းမှုဖြစ်ပါတယ်။ မပြီးသေးတဲ့အပြင် စိုးရိမ်ဖွယ်ရာ အခြေအနေတွေ ဆက်ဖြစ်နေတယ်လို့ ဆိုကြပါတယ်။

ပဋိပက္ခဖြစ်ပွားရာ ဒေသတွေကို နိုင်ငံတကာ ကူညီထောက်ပံ့ရေး အဖွဲ့တွေ ဝင်ရောက်နိုင်ဖို့က နံပါတ် ခုနစ်အချက်ပါ။ ပိတ်ပင်ခံရမှုတွေ ရှိနေဆဲဖြစ်လို့ မပြီးသေးတဲ့အချက် ဖြစ်ပါတယ်။

( ၆ )

ရှားရှားပါးပါး ပြီးစီးခဲ့တဲ့ အချက်တစ်ခုတော့ ရှိပါတယ်။ ဒါပေမဲ့ ဒါဟာ မြန်မာပြည်သူလူထုနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့အချက် မဟုတ်ပါဘူး။ နံပါတ်ရှစ် အချက် ဖြစ်ပါတယ်။

ကုလသမဂ္ဂ အဏုမြူအေဂျင်စီရဲ့ Comprehensive Safeguards Agreement ကို လက်မှတ်ရေးထိုးဖို့ ဆိုတဲ့အချက်ပါ။ ပြီးခဲ့တဲ့ ၂ဝ၁၃ ခုနှစ်စက်တင်ဘာမှာ နိုင်ငံတကာ အဏုမြူအေဂျင်စီ (IAEA) ဝင်ရောက်လေ့လာခွင့်၊ သတင်းအချက်အလက် ရယူခွင့်ဆိုင်ရာ စည်းကမ်းချက်တွေကို သဘောတူလက်မှတ် ထိုးခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံကနေ လက်နက်ဝယ်ယူမှု ရပ်တန့်ရေးဆိုတဲ့အချက်က နံပါတ်ကိုးအချက်ဖြစ်ပါတယ်။ အမှန်တကယ် လုပ်၊ မလုပ် ဆိုတာ မသေချာဘူးလို့ ဆိုကြပါတယ်။ ၂ဝ၁၃ ခုနှစ်ထဲမှာပဲ ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးနဲ့ ဒုတိယ ဗိုလ်မှူးကြီး ကျော်ညွန့်ဦးတို့ နှစ်ဦးကို မြောက်ကိုရီးယားကနေ စစ်လက်နက်၊ စစ်သုံးပစ္စည်းဝယ်ယူမှုတွေနဲ့ အမည်ပျက်စာရင်း သွင်းခဲ့ပါတယ်။

အချက်နံပါတ် ၁ဝ က ပိုအရေးကြီးပါတယ်။ တာဝန်ယူမှုရှိပြီး ပိုမိုပွင့်လင်းတဲ့ အစိုးရအဖွဲ့ဖြစ်ဖို့ ဆိုတဲ့အချက်ပါ။ ဒါလည်း ဖြစ်မလာသေးပါဘူး။

မြန်မာ့ပြုပြင်ပြောင်းလဲရေးအတွက် အစိုးရရဲ့လုပ်ဆောင်မှု အများကြီးလိုနေသေးသလို အကျင့်ပျက် ခြစားမှုအဆိုးဆုံး နိုင်ငံတွေစာရင်းက လွတ်မြောက်ခြင်း မရှိသေးဘူး၊ သတင်းလွတ်လပ်ခွင့်က နောက်ပြန်လှည့်နေတယ်လို့ နိုင်ငံတကာ ဂျာနယ်လစ် အဖွဲ့အစည်းတွေက သတ်မှတ်ပါတယ်။

နောက်ဆုံးအချက်က လူကုန်ကူးမှု တိုက်ဖျက်ရေးဖြစ်ပါတယ်။ ဒါလည်း အလုံးစုံမပြီးသေးပါဘူး။  အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ နှစ်ပတ်လည်အစီရင်ခံစာရဲ့ လူကုန်ကူးမှု ဒုတိယအများဆုံးအုပ်စု နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံ ပါဝင်နေဆဲဖြစ်ပါတယ်။ ၂ဝ၁၄ ခုနှစ်က ထွက်ရှိလာတဲ့ အစီရင်ခံစာမှာ လူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်ငန်းတွေ တိုးမြှင့်လုပ်ဆောင်ဖို့ ပျက်ကွက်တယ်ဆိုတဲ့ မှတ်ချက်ပြုမှု ရှိနေပါတယ်။

ဒါတွေဟာ သမ္မတဦးသိန်းစိန်က လုပ်ဆောင်မယ်ဆိုပြီး သမ္မတ အိုဘားမားကိုပေးခဲ့တဲ့ ကတိ ၁၁ ချက် အပေါ် နိုင်ငံတကာ အဖွဲ့အစည်းတွေက အကဲဖြတ်ခဲ့တာပါ။ အချက် ၁၁ ချက်မှာ တစ်ချက်သာလျှင် အလုံးစုံပြီးစီးခဲ့ပြီး ကျန်တဲ့အချက် ၁ဝ ချက် က အလုံးစုံပြီးမြောက်ခြင်း မရှိသေးပါဘူး။

သမ္မတ ဦးသိန်းစိန်အစိုးရအတွက် အချိန်ရှစ်လပဲ ကျန်ပါတော့တယ်။

( ၇ )

မြန်မာအစိုးရ ခေါင်းဆောင်တွေဟာ နိုင်ငံတကာကို ကတိတွေ ပေးကြပါတယ်။

သူတို့ကို ပေးထားတဲ့ ကတိအတိုင်း လုပ်နိုင်သလားဆိုတာ နိုင်ငံတကာက စောင့်ကြည့်ခဲ့ပါတယ်။

သမ္မတအိုဘားမားထံကို ပြီးခဲ့တဲ့ ၂ဝ၁၄ ခုနှစ် ဇူလိုင်မှာပေးပို့တဲ့ HRW အဖွဲ့ရဲ့ပေးစာမှာလည်း မြန်မာအစိုးရရဲ့ ကတိကျိုးပျက်မှုကို ပြန်သုံးသပ်ဖို့ ထောက်ပြခဲ့တာ ရှိပါတယ်။

အထူးသဖြင့် ပြုပြင်ပြောင်းလဲမှု ရပ်ဆိုင်းလာတာ အပါအဝင် ၂ဝ၁၅  ခုနှစ် အထွေထွေရွေးကောက်ပွဲ လွတ်လပ်ပြီးသန့်ရှင်း မျှတနိုင်မလား ဆိုတာအပြင် အရာရာတိုင်းက သံသယဖြစ်စရာတွေ ရှိနေပြီလို့ HRW ရဲ့ ပေးစာမှာ ဖော်ပြထားပါတယ်။

လူ့အခွင့်အရေးနဲ့ ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲမှု နောက်ကြောင်းပြန်လှည့်ချင်တဲ့ ပုံစံတွေကိုလည်း စိုးရိမ်မကင်းဖြစ်ကြောင်း သူတို့က ဆိုထားပါသေးတယ်။

မြန်မာအစိုးရ ခေါင်းဆောင်တွေက နိုင်ငံတကာကို ဘယ်လိုပဲ ကတိတွေ ပေးပေး၊ ဒီကတိတွေဟာ မြန်မာလူထုနဲ့ မဆိုင်ဘူး၊ အစိုးရနဲ့ပဲဆိုင်တယ်လို့ ကျွန်တော်ရေးခဲ့ ဖူးပါတယ်။ ဒါဟာတိုင်းပြည်ရဲ့ အမျိုးသားလုံခြုံရေး၊ အမျိုးသားအကျိုးစီးပွားနဲ့ သက်ဆိုင်တဲ့ (ဥပမာ-ဘင်္ဂါလီရိုဟင်ဂျာအရေး) ကိစ္စတွေမှာသာ ဖြစ်ပါတယ်။ ဒီအရေးအတွက် ပေးထားတဲ့ကတိတွေက ပြည်သူလူထုရဲ့ သဘောတူညီချက်မပါရင် လုပ်လို့မရပါဘူး။

ဒါပေမဲ့ အမျိုးသားလုံခြုံရေးနဲ့ သက်ဆိုင်ခြင်းမရှိတဲ့ ကတိတွေကို ပေးထားပြီးပြီ ဆိုရင်တော့ ပြီးမြောက်အောင်လုပ်ဖို့ အစိုးရမှာ အပြည့်အဝ တာဝန်ရှိပါတယ်။ သူတို့ပေးတဲ့ကတိတွေက မြန်မာပြည်သူလူထုရဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ဆိုင်မယ်၊ နာလန်ထ မြန်မာနိုင်ငံအတွက် အကျိုးဖြစ်ထွန်းမယ့် အရာတွေဆိုရင် ကတိတည်ရပါလိမ့်မယ်။

ဂျွန်ဟော့ကင်း တက္ကသိုလ်အစီအစဉ် ဖျက်သိမ်းသွားခြင်းက အစိုးရရဲ့ကတိပျက်ခြင်းကို သတိပေးလိုက် သလိုပါပဲ။

ဒါကို အသေးအမွှားဖြစ်ရပ်လို သဘောထားလို့ မရပါဘူး။

( ၈ )

ဒီနေရာမှာ ပြောစရာဖြစ်လာတာက ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်စန်းရီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်နှစ်တာကာလမှာ ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ အစီအစဉ် ICOE သင်တန်းကို တက္ကသိုလ် ဆရာ၊ ဆရာမ ၂၅ ဦး၊ အစိုးရဝန်ထမ်းတွေ အပါအဝင် အရပ်ဘက်က ၃၅ ဦး၊ စုစုပေါင်း ၆ဝ ဦး တက်ခဲ့ပါတယ်။

၂ဝ၁၄-၂ဝ၁၅ ခုနှစ်အတွက် သင်ကြားပေးဖို့ ၆၇ ဦး ရွေးချယ်ပြီးချိန်မှာ အစီအစဉ်ကို ရပ်ဆိုင်းလိုက်ရတာပါ။

ဒေါ်ခင်စန်းရီဟာ ၂ဝ၁၄ ခုနှစ် မှာ ပညာရေးဝန်ကြီးဌာန ပြည် ထာင်စုဝန်ကြီး ဖြစ်လာပါတယ်။ ရန်ကုန်စီးပွားရေး တက္ကသိုလ်မှာ ပါမောက္ခချုပ်တာဝန် ထမ်းဆောင်ခဲ့ဖူးတယ်။ အစိုးရသစ်လက်ထက်မှာ အမျိုးသားစီမံကိန်းနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး အဖြစ်ကနေ ပညာရေးဝန်ကြီး ဖြစ်လာသူပါ။

ဒေါ်ခင်စန်းရီ တာဝန်မယူခင် ပညာရေးဝန်ကြီးဟောင်း ဒေါက်တာမြအေး လက်ထက်မှာ ICOE သင်တန်းတွေကို ဖွင့်ခွင့်ရခဲ့တယ်။ ဒေါ်ခင်စန်းရီ လက်ထက်မှာ မရတော့ပါဘူး။

ဂျွန်ဟော့ကင်းတက္ကသိုလ် မြန်မာနိုင်ငံက စွန့်ခွာသွားရတဲ့ အဓိကအချက်နှစ်ချက်က တက္ကသိုလ်တစ်ခုရဲ့ Academic Freedom နဲ့ Independent ဖြစ်မှုကို ကန့်သတ်လိုက်လို့ ဖြစ်ပါတယ်။

တက္ကသိုလ်တစ်ခုရဲ့ လွတ်လပ်စွာလုပ်ပိုင်ခွင့်ကို ဒေါက်တာမြအေး လက်ထက်မှာ ရခဲ့တယ်။ ဒေါ်ခင်စန်းရီ လက်ထက်မှာတော့ အစိုးရပေးသလောက်ပဲ လုပ်ရမယ်ဆိုတဲ့ပုံစံ ဖြစ်သွားပါတယ်။

အစိုးရမပြောင်းလဲဘူး၊ ဝန်ကြီးအပြောင်းအလဲမှာတင် မူဝါဒပြောင်းလဲသွားတယ်။ စီမံခန့်ခွဲမှုညံ့ဖျင်းတာကို ပြလိုက်သလို ဘာမှစိတ်မချရဘူး ဆိုတာကို ဖော်ပြလိုက်ခြင်းလည်း ဖြစ်ပါတယ်။

ပညာရေးပိုင်းနဲ့ ပတ်သက်ရင် ဒေါ်ခင်စန်းရီ လက်ထက်မှာ အငြင်းပွားစရာချည်းပါပဲ။ အမျိုးသား ပညာရေးဥပဒေအပေါ် ကျောင်းသားတွေရဲ့ မကျေနပ်မှု ပိုပြင်းထန်ခဲ့တယ်။  ဆန္ဒထုတ်ဖော် သပိတ်မှောက်ခဲ့တယ်။

ပညာရပ်ဆိုင်ရာ နယ်ပယ်ကနေ နိုင်ငံရေးနယ်ပယ်ကို ရောက်ရှိလာတဲ့ ဝန်ကြီးတစ်ဦးအနေနဲ့ ဖြစ်လာတဲ့ ပြဿနာတွေကို ပြေလည်အောင် ဖြေရှင်းနိုင်စွမ်း မရှိခဲ့ပါဘူး။

ပိုဆိုးတာက အမျိုးသားပညာရေး ဥပဒေပြင်ဆင်မှု ဥပဒေကြမ်းကို ပုံဖျက်ပြောဆိုသူတွေထဲမှာ ပညာရေးဝန်ကြီးဌာန ကိုယ်တိုင် ပါဝင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ဒေါ်ခင်စန်းရီကို ခေတ်အဆက်ဆက် စီးပွားရေး တက္ကသိုလ်တွေက ပေါ်ထွက်ခဲ့တဲ့ အာဏာရှင်အလိုကျ ဝါဒဖြန့်ချိသူ၊ မူဝါဒချမှတ်သူတွေနဲ့ နှိုင်းယှဉ်ပြောဆိုတဲ့ ဝေဖန်မှုတွေ ထွက်ခဲ့တာပါ။

ဘယ်လိုပဲဖြစ်ဖြစ် ဒေါ်ခင်စန်းရီလက်ထက်မှာ ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ အစီအစဉ် ရပ်ဆိုင်းသွားမှုက ဆိုးရွားတဲ့ ကိစ္စတစ်ခုပါ။

ဒါကို အမေရိကန်တက္ကသိုလ် တစ်ခုရဲ့ အစီအစဉ်တစ်ခု ရပ်ဆိုင်းသွားရုံ သာမန်အဆင့် ပြောလို့မရပါဘူး။ မြန်မာလူငယ်တွေအတွက် အကျိုးဖြစ်ထွန်းစေမယ့် နိုင်ငံတကာ ပညာရေးစနစ်၊ နိုင်ငံတကာ တက္ကသိုလ်တွေနဲ့ပါ ရပ်ဆိုင်းသွားခြင်း ဖြစ်တယ်ဆိုတာကို ဂျာမနီမှာပညာသင်ဖူးတဲ့ ဒေါ်ခင်စန်းရီ နားလည်မယ်ထင်ပါတယ်။

ဂျွန်ဟော့ကင်း တက္ကသိုလ်သွားပြီး အမေရိကန် ပညာရေးစနစ်ကို သွားလေ့လာခဲ့တယ်ဆိုတဲ့ သမ္မတဦးသိန်းစိန်လည်း မြန်မာနိုင်ငံအတွက် ဘယ်လောက်နစ်နာသွားတယ် ဆိုတာကို သဘောပေါက်မယ် ထင်ပါတယ်။

( ၉ )

၂ဝ၁၃ ခုနှစ်၊ မြန်မာနဲ့ နိုင်ငံတကာကြား ဆက်ဆံရေး တိုးမြှင့်ချိန်မှာ မြန်မာအစိုးရက နိုင်ငံတကာကို ကတိအထပ်ထပ် ပေးခဲ့ပါတယ်။

ပေးထားတဲ့ကတိတွေ တည်ရပါမယ်။ အခုတစ်မျိုး၊ တော်ကြာတစ်မျိုးနဲ့ ခြံစည်းရိုးခွထိုင်ပြီး ရှေ့တိုးနောက်ဆုတ် လုပ်လို့မရပါဘူး။ ပေးထားတဲ့ ကတိတည်ခြင်း ရှိ၊ မရှိ ဆိုတာကို လက်တွေ့အခြေအနေနဲ့ပဲ နိုင်ငံတကာက နှိုင်းယှဉ်ဆုံးဖြတ်ပါတယ်။

လုပ်မယ်ဆိုပြီးပေးခဲ့တဲ့ ကတိတွေကိုယုံစားရင်း “မြန်မာဟာ သူ့နေရာကိုသူ ပြန်ရပြီ” လို့ ဂျွန်ဟော့ကင်းတက္ကသိုလ် ဆရာမကြီးက ဦးရဲထွဋ်ကို ပြောခဲ့တာ ဖြစ်ပါလိမ့်မယ်။ အပြောစောခဲ့ပုံရပါတယ်။ အချိန်နှစ်နှစ်တာ ကာလမှာပဲ သူတို့ရဲ့ ဂျွန်ဟော့ကင်း တက္ကသိုလ်ကိုယ်တိုင် မြန်မာနိုင်ငံကို စွန့်ခွာလိုက်ရပါပြီ။

အခု ၂ဝ၁၃ ခုနှစ်ကလို အခြေ အနေ မဟုတ်တော့ပါဘူး။ သံသယတွေ ဖြစ်နေပါပြီ။ ကူညီထောက်ပံ့မှု အစီအစဉ်တွေကို ပြန်သုံးသပ်သူတွေ ရှိနေပါပြီ။ ကာလရှည်ကူညီဖို့ ပြင်ဆင်နေသူတွေလည်း သူတို့ရဲ့ ပြင်ဆင်မှုကို ပြန်သုံးသပ်ပြီး ကာလတိုအတွက် စမ်းသပ်မှုအနေနဲ့ အကူအညီပေးဖို့ စဉ်းစားနေကြပါပြီ။

ဒီထက်ပိုဆိုးလာရင်တော့ အရင်ကလို အရေးယူပိတ်ဆို့မှုတွေ တစ်ကျော့ပြန်လာပါတော့မယ်။

အခုချိန်မှာ နိုင်ငံတကာအတွက်တင် မကဘဲ မြန်မာပြည်သူလူထု အတွက်ပါ အရေးကြီးတဲ့ အချက်နှစ်ချက် ရှိပါတယ်။ ဒီအပေါ်မှာပဲ ကြီးမားတဲ့သံသယတွေ ဖြစ်နေပါတယ်။

၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲက လွတ်လပ်ပြီး သန့်ရှင်းမျှတနိုင်ပါ့မလား၊ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို သတ်မှတ်ချိန်အတွင်း အမှန်တကယ် ပြင်ဆင်နိုင်ပါ့မလား ဆိုတဲ့ အချက်နှစ်ချက် ဖြစ်ပါတယ်။

ဒီနှစ်ချက်အပြင် ပြည်တွင်းငြိမ်းချမ်းရေးက အလှမ်းကွာနေပါတယ်။ ပြည်သူလူထုရဲ့ အခြေခံ စားဝတ်နေရေး ကျပ်တည်းမှုက ပိုဆိုးနေပါတယ်။ တောင်သူလယ်သမား၊ အလုပ်သမား၊ ကျောင်းသားထုရဲ့ တောင်းဆိုသံတွေက ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေပါပြီ။

ကတိပျက်လို့ မဖြစ်တော့ပါဘူး။ ကတိပျက်တာတွေ အထပ်ထပ်များတဲ့အခါ ဘယ်သူမှ ယုံကြည်မှာ မဟုတ်တော့ပါဘူး။ နေရာမှန် ပြန်ရောက်ဖို့လည်း ဝေးကွာသွားမှာ ဖြစ်ပါတယ်။

Writer:
နေထွန်းနိုင်
ဧရာဝတီ

No comments:

Post a Comment