Monday 2 March 2015

အဓမ္မပြုကျင့် သတ်ဖြတ်ခံရသော ကချင်ဆရာမနှစ်ဦး အမှုတွင် ဒေသခံရွာသားများ ပါဝင်ပတ်သက် ကျူးလွန်ခြင်း မရှိကြောင်း ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် ကြေညာချက်ထုတ်

ရှမ်းပြည်နယ်မြောက်ပိုင်း ပန်းဆိုင်းမြို့နယ် ကောင်းခါးကျေးရွာတွင် အဓမ္မပြုကျင့် သတ်ဖြတ်ခံရသော အကျိုးဆောင် ဆရာမနှစ်ဦး အမှုတွင် ဒေသခံ ရွာသူရွာသားများ ပါဝင်ပတ်သက် ကျုးလွန်ခြင်း မရှိကြောင်း ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်က ဖေဖော်ဝါရီ ၂၈ ရက်တွင် သဘောထားကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

KBC (ကချင်နှစ်ခြင်းခရစ်ယာန်)အဖွဲ့ချုပ်၏ သဘောထားကြေညာချက်တွင် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်မှ ၁၅ ဦးပါ စုံစမ်းရေးကော်မတီ၏ တွေ့ဆုံမေးမြန်းချက်များအရ ယင်းကျေးရွာတွင် နေထိုင်ကြသော ရွာသူရွာသားများသည် ဤအမှု၌ ပါဝင်ပတ်သက် ကျုးလွန်မှု မရှိကြောင်း ခိုင်ခိုင်မာမာ တွေ့ရှိထားပြီး အမှုကိစ္စကို ဖိအားပေး၍ အလျင်စလို ဖော်ထုတ်ခြင်း မပြုဘဲ တရားဥပဒေ လမ်းကြောင်းအတိုင်း မှန်ကန်စွာဖြင့် အမှုမှန်ကို အချိန်ယူဖော်ထုတ်ရန် လိုအပ်ကြောင်း၊ ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်၏ အမှုမှန်ဖော်ထုတ်ရေး ကော်မတီသည် အမျိုးသမီးကွန်ရက်များ၊ ပြည်တွင်းလူမှု အဖွဲ့အစည်းများ၊ လိုအပ်ပါက အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

“၁၅ ဦးပါ စုံစမ်းရေးကော်မတီက တာဝန်ရှိတဲ့သူတွေ အနေနဲ့ ကောင်းခါးကျေးရွာမှာရှိတဲ့ ရွာသူရွာသား ၁၃၀ ကို စစ်ဆေးမေးမြန်းမှုတွေ လုပ်တယ်။ အဲ့ဒီညက ဖြစ်ပျက်ခဲ့တဲ့ ဖြစ်စဉ်ကို မေးမြန်းတဲ့အပြင် ကျေးရွာရဲ့ အစဉ်အလာတွေ မေးမြန်းတဲ့အခါ အဲဒီလောက် ရိုင်းစိုင်းတဲ့သူတွေ မရှိဘူး။ ရန်ငြိုးရန်စလည်း မရှိသလို အားလုံးကလည်း လေးစားချင်ခင်ကြတယ်။ အခြေအနေတွေ အားလုံးကို လေ့လာသုံးသပ်ကြည့်တဲ့ အခါမှာ ဒေသခံ ရွာသူရွာသားတွေ အနေနဲ့ ဒီလို အမှုကိစ္စမျိုးကို ကျုးလွန်ကြမှာ မဟုတ်ဘူးလို့ ကျွန်တော်တို့ဘက်က ယုံကြည်ပြီး အခုလို သဘောထား ထုတ်ပြန်ခဲ့တာပါ” ဟု ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဒေါက်တာခလမ်ဆမ်ဆွန်က ဆိုသည်။

ဒေါက်တာခလမ်ဆမ်ဆွန်က “ကျွန်တော်တို့ဘက်က သဲလွန်စတွေလည်း ရထားတယ်။ အာဏာပိုင်ဘက်က အမှုစစ် အဖွဲ့တွေ အနေနဲ့လည်း အမှုနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးတဲ့ အခါမှာ ဘာသာစကား အခက်အခဲတွေ၊ ဒေသခံတွေရဲ့ ယုံကြည်မှုတွေလည်း လိုအပ်နေတယ်လို့ ကြားသိထားရတယ်။ နောက်တစ်ချက်က ကျေးရွာနဲ့ ဒေသခံတွေရဲ့ လုံခြုံမှုရှိမှလည်း အမှုမှန် ပေါ်ပေါက်နိုင်မှာပါ” ဟု ပြောကြားခဲ့သည်။

ကချင်ဆရာမနှစ်ဦး အမှုမှန် ပေါ်ပေါက်ရေးအတွက် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်မှ ဖေဖော်ဝါရီ ၂ ရက်က ၁၅ ဦးပါ စုံစမ်းစစ်ဆေးရေးကော်မတီကို ဖွဲ့စည်းခဲ့ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိရာ ၎င်းတို့ တွေ့ရှိချက်များအား ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ အမေရိကန်သံရုံး၊ ဗြိတိသျှသံရုံးနှင့် အမေရိကန် နှစ်ခြင်းခရစ်ယာန် အဖွဲချုပ်ထံသို့ တင်ပြသွားမည်ဖြစ်ပြီး ဥပဒေကြောင်းအရ ရှေ့နေအဖွဲ့အစည်းများနှင့်လည်း ဆက်လက်ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကချင်ဆရာမနှစ်ဦးသည် ရှမ်းပြည်နယ်မြောက်ပိုင်း ပန်ဆိုင်းမြို့နယ်၊ ကောင်းခါးကျေးရွာရှိ မူလတန်းကျောင်းတွင် တာဝန်ထမ်းဆောင်ရင်း ဇန်န၀ါရီ ၁၉ ရက် ညသန်းခေါင်ယံ အချိန်၌ ၎င်းတို့နေထိုင်ရာ ဘုရားကျောင်းဝင်းရှိ အိမ်၌ အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်။
ဧရာဝတီ

No comments:

Post a Comment