Tuesday 3 March 2015

ငါးထောင်ကျပ်တန် ငွေစက္ကူအတုများ သယ်ဆောင်လာသော မလေးရှားနိုင်ငံသားကို CID စစ်ဆေး

တာမွေမြို့နယ် လေးထောင့်ကန်လမ်းရှိ ဟိုတယ်တစ်လုံးတွင် တည်းခိုနေသော အသက် ၃၁ နှစ် အရွယ်ရှိ မလေးရှားနိုင်ငံသားထံမှ ပြည်ပမှ ယူဆောင်လာသည့် ကျပ်ငါးထောင်တန် ငွေစက္ကူ အတုများ သိမ်းဆည်းရမိခဲ့သောကြောင့် ယင်းအမျိုးသားကို မှုခင်းတပ်ဖွဲ့ (CID) က စစ်ဆေးလျက်ရှိကြောင်း တာမွေမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်မြက ပြောကြားသည်။
အဆိုပါ နိုင်ငံခြားသားမှာ ရန်ကုန်မြို့တော်သို့ အလည်အပတ် ဗီဇာဖြင့် ဝင်ရောက်လာခြင်း ဖြစ်ကြောင်း၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က တာမွေမြို့နယ်ရှိ စိမ်းမြဒီပါ ဟိုတယ်တွင် လာရောက်တည်းခိုသော မလေးရှားနိုင်ငံသား ခုနစ်ဦးက တည်းခိုခန်းခ ငွေပေးချေစဉ် ငွေစက္ကူအတု ၅၀၀၀ ကျပ်တန် ၁၉ ရွက်ကို သိမ်းဆည်းရမိခဲ့ကြောင်း၊ ယင်းနောက် ရဲတပ်ဖွဲ့က ၎င်းတို့တည်းခိုသည့် အခန်းများကို ဝင်ရောက်ရှာဖွေခဲ့ရာ ငွေစက္ကူအတု ၅၀၀၀ ကျပ်တန် လေးရွက်ကို ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း တာမွေမြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

“အဲဒီနေ့မှာ ဟိုတယ်က မီတာဆောင်ဖို့ ငွေ ၁၄ သိန်းကို စီးပွားရေးဘဏ်ကို သွားအပ်ရာမှာ မလေးနိုင်ငံသားတွေ ပေးခဲ့တဲ့ ငွေတွေပါ ရောပေးခဲ့တာ၊ ဘဏ်က ငွေတွေ စစ်ဆေးခဲ့ရာ ငွေစက္ကူ အတုတွေ ပါလာမှန်းသိလို့ ရဲတပ်ဖွဲ့ကို အကြောင်းကြားရာက စီအိုင်ဒီနဲ့ ပူးပေါင်းပြီး ဟိုတယ်ကို စစ်ဆေးခဲ့ရာက မလေးရှားနိုင်ငံသားက ပေးတဲ့ ငွေစက္ကူ အတုတွေမှန်း သိခဲ့ရတယ်” ဟု အမှုစစ်ရဲအရာရှိ ရဲအုပ်ခင်ဝင်းက ရှင်းပြသည်။
အဆိုပါ ငါးထောင်ကျပ်တန် ငွေစက္ကူအတုများ ကိုင်ဆောင်သူ မလေးရှားနိုင်ငံသား Mr.Melamubthl Rama Lingan မှာ ယင်းငွေစက္ကူ အတုများကို မြန်မာနိုင်ငံသို့ မလာရောက်မီ ပီနန်မြို့ရှိ မြန်မာစားသောက်ဆိုင်တွင် ငွေလဲလှယ်ခဲ့ကြောင်း၊ ယင်းငွေစက္ကူ အတုများ လဲလှယ်ပေးခဲ့သူကို ဖမ်းဆီးအရေးယူနိုင်ရန် မလေးရှားနိုင်ငံ ရဲတပ်ဖွဲ့ထံသို့ အကြောင်းကြားထားကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

“ရန်ကုန်က အမျိုးသားတစ်ယောက်က လွန်ခဲ့တဲ့ နှစ်နှစ်လောက်က အခုဖမ်းခံရတဲ့ မလေးရှားနိုင်ငံသားဆီမှာ အလုပ်လုပ်ခဲ့ပြီး မြန်မာနိုင်ငံကို လာလည်ဖို့ ဖိတ်ခဲ့တာ၊ ဖမ်းခံရသူက သူ့အသိမိတ်ဆွေ မလေးခြောက်ယောက်ပါ ထပ်ခေါ်ပြီး ဒီကိုလာလည်ဖို့ ပီနန်က မြန်မာလူမျိုး တစ်ယောက်ဆီမှာ ငွေလဲလှယ်ခဲ့တာလို့ စစ်ဆေးချက်အရ သိရတယ်” ဟု အမှုစစ် ရဲအရာရှိ ရဲအုပ်ခင်ဝင်းက ပြောဆိုသည်။
ငါးထောင်ကျပ်တန် ငွေစက္ကူအတုများကို ကိုင်ဆောင်လာသူ မလေးရှားနိုင်ငံသားနှင့် ငွေစက္ကူအတုများကို ဟိုတယ်တည်းခိုခန်းက ပေးချေစဉ် လက်ခံခဲ့သူ စိမ်းမြဒီပါ ဟိုတယ်မန်နေဂျာတို့ နှစ်ဦးကို တာမွေမြို့မ ရဲစခန်းမှ ဗဟိုဘဏ် အက်ဥပဒေ ပုဒ်မ ၁၀၅/ ၁၀၆ တို့ဖြင့် အမှုဖွင့် ဆက်လက်စစ်ဆေးနေကြောင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

No comments:

Post a Comment