Monday, 9 February 2015

ဘန်ကောက်မြို့က ကြိုဆိုပါသည်ခင်ဗျာ



ပြီးခဲ့သည့်နှစ်က ယခု သတင်းစာမှာ ဆောင်းပါးတစ်ပုဒ်ရေးခဲ့သည်။‘‘နောက်ဘူတာ ဘန်ကောက်’’ဆိုသည့် ဆောင်းပါးဖြစ်ပါသည်။ ကျွန်တော်တို့အားလုံး ရထားတစ်စီးနဲ့ ခရီးသွားနေကြသည်ဆိုပါစို့။ နောက်ဆိုက် ရောက်မည့် ဘူတာသည် မည်သည့်ဘူတာဟု သင်ထင်မြင်ပါသလဲဟု ဆောင်းပါးထဲတွင်မေးခွန်းထုတ်ခဲ့သည်။ ရထားကို ယခုအတိုင်းဆက်ခုတ်မောင်းသွားလျှင် နောက်ဘူတာသည် ဘန်ကောက် ဖြစ်လိမ့်မည်ဟု ရေးခဲ့သည်။ ထို အချိန်က ဘန်ကောက်မှာ ရှုပ်ထွေး နေခဲ့သည့် အနီ၊ အ၀ါနိုင်ငံရေးနှင့် ကျားချောင်းချောင်းနေသည့် ထိုင်း တပ်မတော်၏ အခြေအနေကို သင်ခန်းစာယူပြီး မြန်မာနိုင်ငံအနေဖြင့် ထိုအဖြစ်ကိုအရောက်မခံဖို့ သတိပေးခဲ့ပါသည်။


ယခုတော့ ကျွန်တော်တို့ စီးလာသည့်ရထား ဘန်ကောက်မြို့ ကို ၀င်ပါပြီ။

လမ်းပေါ်မှာ ရှေ့တိုးမရ၊ နောက်ဆုတ်မရ ထိပ်တိုက်ရင် ဆိုင်တွေ့မှုများ၊ အငြင်းပွားဖွယ် ရာ ရွေးကောက်ပွဲများနှင့်သွေး ထွက်သံယိုတိုက်ခိုက်မှုများက ရှေ့မှာ စောင့်ကြိုနေပါသည်။ ဘန်ကောက်မြို့ကိုမရောက်မီ ရထားကို ကျွန်တော်တို့ဘာကြောင့် အချိန်မီမရပ်နိုင်ခဲ့ကြပါ သလဲ။

နိုင်ငံရေးပြဿနာကို တကယ်ပြေလည်အောင်ဖြေရှင်းလို သည့် စိတ်ဆန္ဒနည်းပါးခြင်းနှင့် အကျိုးစီးပွား ကာကွယ်မှုများကြောင့်ဖြစ်သည်။ ဖြတ်သန်းခဲ့ သည့် သမိုင်း၏အမှားများကို သင်ခန်းစာမယူနိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်။

  ယခု ကြုံတွေ့နေရသည့် ကျောင်းသားများဆန္ဒပြမှုနှင့်အ ခြေခံဥပဒေပြင်ဆင်ရေး အကျပ်အတည်းများသည် သမိုင်း၏ သင်ခန်းစာများကို အစိုးရအဆက်ဆက်က သင်ခန်းစာမယူသေးကြောင်း ပြသနေသည်။ ကျောင်းသားများအရေးကို စဆွေးနွေးကြပါစို့။

ဗိုလ်ချုပ်ကြီးဟောင်းများဦး ဆောင်သည့် လက်ရှိအစိုးရက ကျောင်းသားများနှင့် ဆွေးနွေးပွဲကို အောင်မြင်အောင် ဆက်လက် မလုပ်ဆောင်နိုင်သည်မှာ အသစ် မဟုတ်တော့ပါ။ စစ်ဗိုလ်ချုပ်ကြီးများမှာ ‘‘ကျောင်းသားအလာဂျီ’’ ရှိခဲ့တာ နှစ်ငါးဆယ်ကျော်ခဲ့ပါပြီ။ သမိုင်းမှာ စစ်ဗိုလ်ချုပ်ကြီးများက ကျောင်းသားများကို မည်သည့်အခါက စိတ်ရှည်စွာဖြင့် ညှိနှိုင်းစကားပြောခဲ့ပါသနည်း။ အဖြေက ‘‘နိုး’’ဖြစ်ပါသည်။

၁၉၆၂ခုနှစ်မှာ တက္ကသိုလ် ကျောင်းသားများ ဆန္ဒပြသည့်အ ခါ တက္ကသိုလ်ဝင်းထဲမှာ ကျောင်းသားများကို ပစ်သတ်ရုံမျှမကမြန်မာ့လွတ်လပ်ရေး၏ သင်္ကေတတခုဖြစ်သည့် ကျောင်းသားသမဂ္ဂအဆောက်အအုံကိုပါ ဗုံးဖြင့်ခွဲခဲ့ သည်။ ပညာရေးနှင့်အနာဂတ်မျိုး ဆက်လူငယ်များကို မြှင့်တင်ရာမှာ ရဲရင့်ပြတ်သားလှသည့် ဗိုလ်ချုပ်ကြီးများဖြစ်ပါသည်။

  ဦးသန့် အရေးအခင်းမှာ ကျောင်းသားများက သူတို့လေးစားသည့် မြန်မာ့ဦးသန့်အတွက် ဂူဗိမာန်တောင်းဆိုသည့်အခါမှာလည်း တုံ့ပြန်မှုက ကျည်ဆန်ဖြစ်သည်။ ဗိုလ်ချုပ်ကြီးများတိုင်းပြည်ကို အုပ်ချုပ်ပြီး ၂၆နှစ်အကြာ မြန်မာနိုင်ငံကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ ဖြစ်သွားသည့်အခါ ဗိုလ်ချုပ်ကြီးများနှင့်ကျောင်းသားများ နောက်တစ်ကြိမ် ထပ်မံရင်ဆိုင်တွေ့ကြသည်။ ၈၈၈၈မှာ ကျောင်းသား မည်မျှကျဆုံးသွားခဲ့သလဲဆိုသည်ကို ဘယ်သောအခါမှ သိနိုင်တော့ မည်မဟုတ်ပါ။

၁၉၆၂ခုနှစ်ကစ၍ ယနေ့ထိ ကျောင်းသားများနှင့် ရင်ဆိုင်တွေ့သည့်အခါတိုင်းမှာ အစိုးရကပြော လေ့ရှိသည့် စကားများကတော့ ‘‘နောက်ကွယ်မှာ သွေးထိုးမှုတွေ ရှိနေတယ်။ ကျောင်းသားတွေကို ဘယ်လောက်ကိုယ်စားပြုလို့လဲ။ စာမေးပွဲတွေကို မထိခိုက်စေချင်ဘူး’’ဆိုသည့်စကားလုံးများသာ  ဖြစ်သည်။

 ခေတ်အဆက်ဆက် စစ်အစိုးရ၏ ကျောင်းသားများအပေါ် သဘောထားကို စကားတစ်ခွန်းဖြင့် အနှစ်ချုပ်ဖော်ပြ၍ရသည်။ ဗိုလ်ချုပ်ကြီးနေ၀င်းက ကျောင်းသားသမဂ္ဂကို စစ်ကြေညာခဲ့သည့် ‘‘ဓားဓားချင်း၊ လှံလှံချင်း’’ဖြစ်ပါ သည်။

 ကျောင်းသား သမဂ္ဂသည် နိုင်ငံရေးကင်းပါသလား။ မကင်းပါ။ မြန်မာ့နိုင်ငံရေးမှာ ကျောင်းသားသမဂ္ဂ ပါဝင်ခဲ့သည့်ရာဇ၀င်သည် ဗိုလ်ချုပ်အောင်ဆန်းနှစ်ရာပြည့်ထက်ပင် စောပါသည်။ သမ္မတဦးသိန်းစိန်အစိုးရနှင့် နောက် လာလတ္တံ့သော အစိုးရများကို ပြောချင်သည်မှာ နိုင်ငံရေးကင်းသောကျောင်းသားသမဂ္ဂကို မည်သည့်အခါမျှ မမျှော်လင့်ပါနှင့်။ နိုင်ငံရေး မကင်းသော ကျောင်းသားသမဂ္ဂကိုနိုင်ငံရေးအရ သဘာထားကြီးစွာ၊ ပါးနပ်စွာစကား ပြောဆိုညှိနှိုင်းဖို့သာ ကြိုးစားသင့်သည်။

 တိုင်းရင်းသား လက်နက် ကိုင်တပ်ဖွဲ့များနှင့် စကားပြောဆို နိုင်ပြီး တက္ကသိုလ်ကျောင်းသားများနှင့် မဆွေးနွေးနိုင်လျှင်တော့ သမိုင်းထဲက သင်ခန်းစာများကို မယူနိုင်သေးသူများအဖြစ် မှတ်တမ်းဝင်လိမ့်မည်။

ကျောင်းသားများဘက်က လည်း စိတ်လှုပ်ရှားမှုကြောင့် ဖြစ် ပေါ်လာနိုင်သည့် ဆုံးရှုံးမှုများကို ကြိုတင်သတိထားသင့်သည်။ ပ ညာရေးဥပဒေပြောင်းလဲရေးကို သာ အာရုံစိုက်ထားစေချင်သည်။ မြန်မာ့ဒီမိုကရေစီတိုက်ပွဲသည် ကိုရီးယားရုပ်သံဇာတ်လမ်းတွဲ ထက် ပိုရှည်လျားမှာဖြစ်သည့်အ တွက် ခွန်အားကိုထိန်းသိမ်းထား ပြီး ဖြစ်နိုင်ခြေရှိသည့်အောင်မြင် မှုဆီကို တစ်လှမ်းချင်းသွားသင့်ပါ သည်။ အရေးကြီးဆုံးသတိထားရမည့်အချက်က ကျောင်းသားညီညွတ်ရေးဖြစ်ပါသည်။

လက်ရှိ မြန်မာနိုင်ငံ၏ အခြေအနေသည် ပေါက်ကွဲခါနီးဗုံးတစ်လုံးဖြစ်သည်။ လူ့အဖွဲ့အစည်းတစ်ခုလုံး ပရမ်းပတာပြိုကွဲသွားဖို့အတွက် ပြီးပြည့်စုံနေသော အနေ အထားမှာရှိသည်။ တိုင်းပြည်မှာ ပြည်တွင်းစစ်ရှိသည်။ ဘာသာမတူသူများကြားမှာ သတ်ဖြတ်နှိပ် ကွပ်မှုရှိနေသည်။ သင်္ကန်းဝတ်ပြီး အမုန်းစကားဖြင့်ဆဲရေးတိုင်းထွာနေသူကို လွတ်ငြိမ်းချမ်းသာခွင့် ပေးထားသည်။အဆိုးဆုံးကတော့ အတိုက်အခံနှင့် ကျောင်းသားအဖွဲ့များအပေါ် အစိုးရ၏ သဘော ထားကပြောင်းလဲမလာခြင်းဖြစ်သည်။ ပြည်သူလူထုအပေါ်မှာ သြဇာအညောင်းဆုံးဖြစ်သည့် အတိုက်အခံနှင့် ကျောင်းသားတို့ကို  ငြင်းဆန်ခြင်းသည် ကျွန်တော်တို့ အားလုံးကို ဘန်ကောက်သို့ အရောက်ပို့ခြင်းဖြစ်သည်။

လမ်းပေါ်က ရုန်းရင်းဆန် ခတ်မှုများနှင့် ပြန်လည်ရင်ကြားစေ့ဖို့ခက်ခဲသည့် အာဃာတများက ဘန်ကောက်မြို့၏ လမ်းများပေါ်မှာရှိနေလိမ့်မည်။ ထိုနေရာကို ရောက်မသွားဖို့အတွက် စကား ပြောဆိုဆွေးနွေးကြဖို့လိုသည်။ သမိုင်း၏ သင်ခန်းစာများကို ပြန်လည်လေ့လာနိုင်ကြဖို့လိုသည်။ လူ့အဖွဲ့အစည်းတစ်ခုအတွင်းမှာ အတူနေထိုင်သူအချင်းချင်း စကားပြောဆိုဆွေးနွေးမှုမပြုလုပ် နိုင်ခြင်းသည် ၀မ်းနည်းစရာအကောင်းဆုံး ကျဆုံးမှုဖြစ်သည်ကို နားလည်ကြဖို့လိုသည်။ မျှော်လင့်ချက်သည် မဆိတ်သုဉ်းသွားသေး။ အားလုံးအတူတကွ ပြန်လည်တည်ဆောက်နိုင်သေးသည် ဆိုတာကိုလည်း ယုံကြည်ဖို့လိုသည်။

ဘန်ကောက်မြို့နားကို နီးလာပြီ။

မြို့အ၀င်ဆိုင်းဘုတ်ကိုပင် မြင်နေရပြီ။

ရထားကို အခုပဲရပ်ပေးပါတော့။
7 day

No comments:

Post a Comment