Thursday 16 October 2014

အမျိုးသားရေးတာဝန်သိစိတ်ဖြင့် နိုင်ငံတည်ဆောက်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်သွားကြမည့် တပ်မတော်နှင့်မီဒီယာတို့၏ တွေ့ဆုံမှု

အမျိုးသားရေး တာဝန်သိစိတ်ဖြင့် နိုင်ငံတည်ဆောက်ရေး လုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်သွားကြမည့် တပ်မတော်နှင့် မီဒီယာတို့၏ တွေ့ဆုံမှုနိုင်ငံတည်ဆောက်ရေး (State Building)၊ တိုင်းပြည် တည်ဆောက်ရေး၊(Nation Building) လုပ်ငန်းများကို ဆောင်ရွက်ကြရာ၌ အားလုံးပါဝင်နိုင်စေရေး၊ အတူတကွ ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်ရေး တို့သည် ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်နေသည့် မြန်မာနိုင်ငံအတွက် ပကတိ လိုအပ်ချက်ပင် ဖြစ်ပါသည်။ နိုင်ငံ တည်ဆောက်ရေးတွင် အဓိကမဏ္ဍိုင်ကြီး သုံးခုဖြစ်သည့် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးနှင့် စတုတ္ထမဏ္ဍိုင်ဖြစ်သည့် မီဒီယာတို့သည် ဟန်ချက်ညီရန် လိုအပ်ပေသည်။ တစ်နေရာ ကဏ္ဍတစ်ခုတည်းမှ ပိုမိုသာလွန်ခြင်း၊ လိုအပ်နေခြင်းသည် ခြေလေးချောင်း တပ်ဆင်ထားသော စားပွဲတစ်လုံး၏ ခြေတစ်ချောင်း မညီသကဲ့သို့ တည်ငြိမ်စွာ ရပ်တည်နိုင်မည် မဟုတ်ပေ။နိုင်ငံတစ်ခု၏ အဓိက မဏ္ဍိုင်ကြီး သုံးရပ်ဟန်ချက်ညီရန် ထိန်းကျောင်းပေးမှုကို စတုတ္ထမဏ္ဍိုင် ဖြစ်သော မီဒီယာက ဆောင်ရွက်ရသည်။ မီဒီယာသည် မဏ္ဍိုင်ကြီး သုံးခု၏ နောက်တွင် ရပ်တည်ရသော်လည်း တစ်ချိန်တည်းမှာပင် မဏ္ဍိုင်ကြီးသုံးခုကို ထိန်းညှိသော ကြိုးလည်း ဖြစ်နေပေသည်။ ယနေ့ မြန်မာတို့ တည်ဆောက်နေသော ဒီမိုကရေစီစနစ်၏ အခြေခံမှာ ပြည်သူ လူထု ဖြစ်သည့်အလျောက် နိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းများ၌ ပြည်သူတို့၏ အသံမှာ အလွန်အရေးကြီးပေသည်။ ပြည်သူတို့၏ အသံကို ပီပြင်အောင် ပြုလုပ်နိုင်သည့် အရာမှာ မီဒီယာများသာ ဖြစ်သကဲ့သို့ အစိုးရ အဖွဲ့အစည်းတို့၏ လုပ်ဆောင်ချက်များကို ပြည်သူတို့ သိရှိရန် ထောက်ခံအားပေး ဆောင်ရွက်ရာတွင်လည်း မီဒီယာသည်သာ အဓိက ဖြစ်သည်။နိုင်ငံတော်၏ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်း၊ လွတ်လပ်ရေးအား ထိန်းသိမ်းစောင့်ရှောက်မှု သမိုင်း၊ ပြည်တွင်းပြည်ပရန် ကာကွယ်စောင့်ရှောက်မှု သမိုင်းမှသည် ယနေ့ ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်မှု သမိုင်းအထိ တပ်မတော်သည် ပြည်သူတို့နှင့် လက်တွဲ၍ အမျိုးသား နိုင်ငံရေးအား ဆောင်ရွက်ခဲ့သည်။ ပြည်သူ့အရွေးချယ်ခံ အစိုးရလက်သို့ တပ်မတော် အစိုးရမှ အာဏာလွှဲပြောင်း ပေးခဲ့ပြီးသည်မှ ယနေ့တိုင် ပြည်သူတို့ လိုလား တောင့်တခဲ့သော ဒီမိုကရေစီစနစ် ပီပြင်စွာ ဖြစ်ပေါ်လာစေရေး အမျိုးသားရေး တာဝန် သိစိတ်ဖြင့် ဆောင်ရွက်လျက်ရှိသည်။

 

 

ခေတ်အဆက်ဆက် အမျိုးသားရေး တာဝန်သိစိတ်ဖြင့် နိုင်ငံတော်နှင့် ပြည်သူလူထု အကျိုးကို ဆောင်ရွက်ခဲ့သည့် တပ်မတော်သည် တည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေး၊ ဖွံ့ဖြိုး တိုးတက်ရေးတို့အား တပ်မတော်၏ မှန်ကန်သည့် ရည်ရွယ်ချက်အဖြစ် ထားရှိ၍ နိုင်ငံတော်အား တည်ဆောက်လျက်ရှိသည်။ တည်ငြိမ်အေးချမ်းရေး၊ စည်းလုံး ညီညွတ်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူပြုမည့် လုပ်ငန်းမှန်သမျှ အားလည်း ဆောင်ရွက်လျက် ရှိပါသည်။ မူလတာဝန်ဖြစ်သော နိုင်ငံတော် ကာကွယ်ရေး၊ လုံခြုံရေး၊ အချုပ်အခြာ အာဏာ ထိန်းသိမ်း ကာကွယ်ရေး လုပ်ငန်းများအပြင် သဘာဝ ဘေးအန္တရာယ်မှ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ၊ နယ်လှည့်ဆေးကုသရေး လုပ်ငန်းများ၊ ပြည်သူ့အကျိုးပြု လုပ်ငန်းများသည် တပ်မတော်၏ အမျိုးသားရေး တာဝန်သိစိတ်မှ ပေါက်ဖွားလာသော လုပ်ငန်းများပင် ဖြစ်ပါသည်။

 

အမျိုးသားရေး တာဝန်သိစိတ်ဖြင့် ခေတ်အဆက်ဆက် နိုင်ငံတော်နှင့် ပြည်သူလူထုအပေါ် သစ္စာစောင့်သိခဲ့သော တပ်မတော် အနေဖြင့် ၂ဝ၁၄ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့တွင်လည်း ၎င်းတာဝန် သိစိတ်ဖြင့်ပင် နိုင်ငံတော်၏ စတုတ္ထမဏ္ဍိုင်အား ပိုမို အားကောင်းလာစေရေး မော်ကွန်းကမ္ပည်း တင်နိုင်စေမည့် တွေ့ဆုံမှုတစ်ခု ပြုလုပ်ခဲ့ပါသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂ဝ၁၄ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့၊ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)မှ ဒုတိယ ဥက္ကဋ္ဌ ဦးခင်မောင်လေးနှင့် အဖွဲ့အား လက်ခံတွေ့ဆုံ ခဲ့ပါသည်။ တွေ့ဆုံပွဲသို့ တပ်မတော်ဘက်မှ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော် အရာရှိကြီးများနှင့် ကာကွယ်ရေး ဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး ဗိုလ်မှူးချုပ် အောင်သော်တို့ တက်ရောက်ကြပြီး မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)မှ အတွင်းရေးမှူး ဦးကျော်မင်းဆွေ၊ တွဲဖက် အတွင်းရေးမှူး ဒေါ်နန်းကလျာဝင်း၊ အဖွဲ့ဝင်များ ဖြစ်ကြသော ဦးသီဟစော၊ ဦးရဲမင်းဦး၊ ဦးကိုကို နှင့် ဦးဇော်သက်ထွေးတို့ တက်ရောက်ခဲ့ကြပါသည်။

 

တွေ့ဆုံပွဲ၌ နှစ်ဦးနှစ်ဖက်စလုံးမှ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်နိုင်ခဲ့ပါသည်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က '' တိုင်းပြည်ဖွံ့ဖြိုး တိုးတက်စေလိုသည့် မှန်ကန်သောစိတ်၊ စေတနာ တူညီကြသည့် တပ်မတော်နှင့် မီဒီယာ အတူတကွ ပူးပေါင်းဆောင်ရွက်ရေး '' ဆိုသော စိတ်ရင်းမှန်စကားဖြင့် တွေ့ဆုံမှု နိဒါန်းကို ဖွင့်လှစ်ပေးခဲ့သည်။ နိုင်ငံ အကျိုး ပြည်သူလူထု အကျိုးကို လိုလားမှု၊ တန်ဖိုးထားမှုချင်း တူညီသော အဖွဲ့အစည်းနှစ်ရပ်၏ တွေ့ဆုံမှုမှာ သာမန်တွေ့ဆုံမှုနှင့်မတူ၊ ရင်းနှီးမှု၊ ပွင့်လင်းမှု၊ စိတ်ပါဝင်စား မှုတို့ကြောင့် ၃ နာရီကျော် ကြာမြင့်ခဲ့သည်။ နိုင်ငံတော်နှင့် ပြည်သူအပေါ် ထားရှိသော မှန်ကန်သည့် စိတ်ရင်း စေတနာများကြောင့် တွေ့ဆုံမှုမှ မီဒီယာနှင့် တပ်မတော်အကြား ကဏ္ဍအလိုက် အကျိုးဖြစ်ထွန်းစေမည့် ရလဒ်ကောင်းများ ရရှိခဲ့ပါသည်။တပ်မတော်၏ နိုင်ငံတော်၊ ပြည်သူနှင့် မီဒီယာအပေါ် ရပ်တည်ချက် သဘောထား အမြင်များ အနေဖြင့် နိုင်ငံတော် တာဝန်များအား ပြည်သူ့ရွေးချယ်ခံ အစိုးရထံသို့ အေးချမ်းတည်ငြိမ်စွာ လွှဲပြောင်း ပေးခဲ့ပြီးနောက်ပိုင်း တပ်မတော် အနေဖြင့် ပြည်သူတို့ လိုလားသော ဒီမိုကရေစီစနစ် ခိုင်မာစေရေး အစိုးရ နှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့သည်။ ပြုပြင်ပြောင်းလဲရေး ကာလ ၃ နှစ်တာအတွင်း ပြီးပြည့်စုံနိုင်ခြင်းမရှိ၊ လိုအပ်ချက်များ၊ စိန်ခေါ်မှုများ များစွာရှိနေသေးကြောင်း တွေ့ရမည်ဖြစ်သည်။ ၎င်းလိုအပ်ချက်၊ စိန်ခေါ်မှု များအား မီဒီယာနှင့်အတူ လက်တွဲပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ နိုင်ငံတော်၏ ထူထောင်ရေး လုပ်ငန်းများအား ပန်းချီကားချပ် တစ်ခုကဲ့သို့ ကြည့်မြင်ပါက သာသာယာယာ လှလှပပ ရေးဆွဲထားလျှင် ကြည့်သူမြင်သူအပေါင်း စိတ်ချမ်းသာမည် ဖြစ်သကဲ့သို့ နိုင်ငံတော် အနာဂတ်အတွက် သာယာလှပသော ပန်းချီကားတစ်ချပ် ဖြစ်စေရေး အားလုံးအတူ ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ပါသည်။ ခေတ်သစ်၊ စနစ်သစ် ပြုပြင်ပြောင်းလဲမှုအား ဆောင်ရွက်နေချိန်၌ အတိတ်ကိုပြန်၍ လက်ညှိုးထိုး အပြစ်ဖို့နေမည့်အစား ရှေ့သို့ (Go Forward) တိုးတက်ရန်သည်သာ အဓိကဖြစ်ပါသည်။ အတိတ်ကို အာဃာတ တရားများဖြင့် ပြန်လည် တူးဆွခြင်းသည် ရှေ့ခရီးအတွက် အနေကန် သဘောသာဆောင်၍ ဧကန်သဘော ဆောင်မည့် အတိတ်ကို သင်ခန်းစာယူ၍ ရှေ့သို့တိုးတက်ဖို့ ကြိုးစား လုပ်ဆောင်ကြရမည် ဖြစ်ပါသည်။ နိုင်ငံတော်အတွက် သာယာဖြောင့်ဖြူးသော အနာဂတ် တိုးတက်စေရေး ရှေ့သို့တက်လှမ်းမှုသည် အပြည့်အဝ မလှမ်းနိုင်သည့်တိုင် တိုးတက်မှုရှိဖို့ လိုအပ်ပါသည်။ ကမ္ဘာ့နိုင်ငံတိုင်းက ၎င်းတို့နိုင်ငံ အသီးသီး၏ ဖွံ့ဖြိုးတိုးတက်မှုကို စဉ်ဆက်မပြတ် ကြိုးစားအားထုတ် နေချိန်၌ မြန်မာက နှေးနေ၍မရပါ။ ထိုက်သင့်သော အပြုသဘော ဆောင်သည့် တိုးတက်မှု အရွေ့တစ်ခုရှိ နေရမည်ဖြစ်ပါသည်။ နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ ပိုင်နက်နယ်မြေ လုံခြုံစေရေး၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းစဉ်များ၌ ပြည်သူလူထု အားလုံးပါဝင်ရန် လိုအပ်သဖြင့် မီဒီယာတို့၏ အပြုသဘော အမြင်ဖြင့် ပူးပေါင်း ဆောင်ရွက်မှုကို တပ်မတော်က ကြိုဆိုလျက် ရှိသည်။ ယခုကဲ့သို့ ထိတွေ့ ဆက်ဆံမှုမှသည် ခင်မင်ရင်းနှီးမှု၊ ခင်မင်ရင်းနှီးမှုမှသည် အမြင်ချင်းဖလှယ်မှု၊ အမြင်ချင်း ဖလှယ်မှုမှသည် တိုင်းကျိုး၊ ပြည်ကျိုးပြု လုပ်ငန်းများအား တပ်မတော်နှင့် မီဒီယာ ပူးပေါင်း၍ တက်ညီလက်ညီ ဆောင်ရွက်နိုင်သည်အထိ မျှော်မှန်းထားပါသည်။

 

မီဒီယာများမှ တပ်မတော်အပေါ် အမြင်နှင့် ပတ်သက်၍လည်း မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ)ဘက်မှ ပွင့်လင်းစွာ ပြောဆိုခဲ့သည်။ နိုင်ငံတော်၏ ပြည်ပကျူးကျော်မှု ကာကွယ်ရေး သမိုင်း၊ ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်မှု သမိုင်းကာလ တစ်လျှောက်လုံး၌ တပ်မတော်နှင့် မီဒီယာများ၏ ဆက်ဆံရေးသည် အထူးကောင်းမွန် ခဲ့ကြောင်း သိရသည်။ ရှေ့တန်း စစ်မြေပြင်သို့ပင် အနုပညာရှင်များ ကိုယ်တိုင်လိုက်လံ ဖျော်ဖြေ၍ စိတ်ဓာတ်မြှင့်တင် ပေးခဲ့သည်။ ၁၉၈၈ ခုနှစ် နောက်ပိုင်း၌ အကြောင်း အမျိုးမျိုးကြောင့် ဆက်ဆံရေး အခြေအနေ ပြောင်းလဲသွားခဲ့သည်။ ဆက်ဆံရေး အခြေအနေ ပြောင်းလဲရာမှ ထိတွေ့ဆက်ဆံမှု နည်းပါးလာခဲ့သည်။ လက်ရှိအခြေအနေ၌ တပ်မတော်နှင့် ပတ်သက်သော သတင်းများအား မေးမြန်း အတည်ပြုရာတွင် အခက်အခဲများ ရှိနေကြောင်း ပွင့်လင်းစွာ ပြောဆိုခဲ့သည်။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ(၂ဝဝ၈ ခုနှစ်)ပါ ပြဌာန်းချက်များအရ တပ်မတော်၏ အရေးပါမှုနှင့် အရာရောက်မှုတို့ကို မီဒီယာများ သဘောပေါက် နားလည်ကြသည်။ နိုင်ငံတော်နှင့် ပြည်သူအတွက် စစ်မှန်ခိုင်မာသည့် အားကိုး၊ အားထားပြုနိုင်စရာ အဖွဲ့အစည်းအဖြစ် ခံယူကြသည်။ မီဒီယာများ အနေဖြင့် တပ်မတော်နှင့် ပတ်သက်သော သတင်းဆိုလျှင် တပ်မတော်၏ ပြောကြားချက်၊ ထုတ်ပြန်မှုတို့ကို မျှော်လင့်ကြ သည်။ အထူးသဖြင့် အပစ်အခတ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စများနှင့် တိုက်ပွဲ သတင်းများအတွက် တပ်မတော်ဘက်မှ ပြောဆိုချက်၊ သတင်းထုတ်ပြန်ချက်များအား အဓိကထားကိုးကား ဖော်ပြချင်ကြသည်။ လက်နက်ကိုင် အဖွဲ့အစည်းများမှသာ ပြောဆိုသည့် တစ်ဖက်သတ် သတင်းများကိုသာ ဖော်ပြနေရခြင်း မှ ရှောင်ရှားလိုသည်။ သို့သော် သတင်းထုတ်ပြန်မှု မရှိခြင်း၊ အချိန်မီ သတင်းမရခြင်းက အခက်အခဲဖြစ်လျက် ရှိသည်။ တစ်ဖက်တည်း ရရှိသော သတင်းကို အသုံးပြုသည့်အခါ ကျင့်ဝတ်နှင့် မညီခြင်း၊ အဓိပ္ပာယ်ကောက်ယူမှု တိမ်းစောင်းခြင်း၊ သဘော သဘာဝများကို နားလည်မှု လွဲမှားခြင်းတို့ဖြစ်လာပြီး တစ်ဦးနှင့် တစ်ဦးအထင်လွဲခြင်း၊ အထင်လွဲရာမှ သံသယဝင်ခြင်း၊ သံသယမှ ပူးပေါင်းဆောင်ရွက်ရန် ခက်ခဲခြင်းတို့ ဖြစ်လာနိုင်သဖြင့် နှစ်ဦးနှစ်ဖက်စလုံးမှ သတိပြုသွားရမည် ဖြစ်ပါသည်။

 

 တပ်မတော်သည် သဘာဝ ဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ၌ မည်သည့်အဖွဲ့ အစည်းကမှ မနှိုင်းယှဉ်သာအောင် သာလွန်ထူးကဲစွာ ဆောင်ရွက်ခဲ့ပါသည်။ ၂ဝ၁၄ ခုနှစ်၊ မိုးရာသီကာလ ရေကြီးရေလျှံမှုများ ကြုံရချိန်၌ လူအား၊ ငွေအား၊ စေတနာအား စသည့်ခွန်အားနှင့် အရင်းအမြစ်များ အားလုံးထုတ်သုံးလျက် ဆောင်ရွက်ခဲ့ကြသည်။ တပ်မတော်သား တစ်ဦးမှ ကလေးငယ်တစ်ဦးကို လည်ဂုတ်ပေါ် ပိုးတင်လျက် ရင်ခေါင်းလောက် ရှိသည့်ရေထဲတွင် လမ်းလျှောက်၍ ပို့ဆောင်ပေးနေပုံမှာ ကြည့်မြင်ရသူတိုင်း၏ ရင်ထဲ၊ နှလုံးသားထဲသို့ စူးနင့်ဝင်ရောက်စေသော ပုံရိပ်တစ်ခု ဖြစ်ပါသည်။ တပ်မတော်၏ ပြည်သူ့ အကျိုးသယ်ပိုးမှု၊ စေတနာနှင့် အနစ်နာခံမှု၊ ကာကွယ် စောင့်ရှောက်မှုနှင့် ပြည်သူကိုအမိ၊ ပြည်သူကို အဖနေရာ ထားမှုတို့ကို စာတစ်လုံးမှ စာစီကုံးစရာမလိုပဲ ဖော်ပြလိုက်ခြင်းပင် ဖြစ်သည်။ ၎င်းးဓာတ်ပုံအား မီဒီယာများမှ မရရှိခဲ့ပါ။ ၎င်းဖြစ်စဉ်မျိုး၊ သတင်းမျိုးသည် တပ်မတော်နှင့် မီဒီယာ နှစ်ဦးနှစ်ဖက်စလုံး အကျိုးရှိစေမည့် (Win - Win) သတင်းမျိုး ဖြစ်ပါသည်။ ထိုကဲ့သို့ သတင်းများအပြင် နှစ်ဦးနှစ်ဖက်စလုံး အကျိုးရှိစေမည့် တပ်မတော် နယ်လှည့်ဆေးကု သရေးအဖွဲ့၏ သတင်းများ၊ ပြည်သူ့ အကျိုးပြုလုပ်ငန်း သတင်းများ၊ တပ်မတော်၏ နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် လေ့ကျင့်နေမှု သတင်းများအား မီဒီယာများသို့ ပေးပို့ရန် လိုအပ်ပါသည်။ ခါကာဘိုရာဇီ တောင်ထိပ် သို့ တက်ရောက်ခဲ့သော တောင်တက်သမား နှစ်ဦးပျောက်ဆုံးခဲ့သည့် ကိစ္စ၌ တပ်မတော်က ကူညီကယ်ဆယ်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက် နေသည်ကို မီဒီယာများက ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြပေးလိုကြပါသည်။ နိုင်ငံတော် လုံခြုံရေးနှင့် ကာကွယ်ရေး တာဝန်ကို ထမ်းဆောင်နေရသဖြင့် တပ်မတော်၏ အချို့သတင်းများသည် အချိန်နောက်ကျပြီး ရောက်ရှိ လာတတ်ပါသည်။ တတ်နိုင်သမျှ သတင်းများကို ဆောလျင်စွာ ပေးပို့ပါက ပိုမိုအကျိုးရှိမည် ဖြစ်ပါသည်။ အစိုးရ မီဒီယာနှင့် ပုဂ္ဂလိက မီဒီယာများအား အခွင့်အရေးတန်းတူ ရရှိမှုမရှိ ဟုလည်း မီဒီယာများမှ ခံစားရလျက် ရှိပါသည်။ သတင်းများအား တစ်ဆင့်ခံအနေဖြင့် ပြန်သုံးနေရ၍ အစိုးရ၊ ပုဂ္ဂလိက မခွဲခြားဘဲ Fair Play နှင့်ဲ (Equal Chance) ရှိရန်လိုလားကြပါသည်။ ပြည်သူလူထု အနေဖြင့် အစိုးရမီဒီယာများ ဖော်ပြချက်ထက် ပုဂ္ဂလိက မီဒီယာများ၏ ဖော်ပြချက်ကို ပိုမိုယုံကြည်ကြသဖြင့် ပုဂ္ဂလိက မီဒီယာများကိုလည်း တန်းတူအခွင့် အရေးပေး၊ ယုံကြည်ပေးရေးနှင့် အသုံးပြုရေး ဆောင်ရွက်ရပါမည်။ တပ်မတော်က မီဒီယာများသို့ ပေးပို့သော အချို့သတင်းများကို ပြင်ဆင်ခွင့်၊ ဖြတ်တောက်ခွင့် မပေးဘဲ ဖော်ပြပေးရန် မေတ္တာရပ်ခံတတ်ပါသည်။ ပြိုင်ဆိုင်မှု ပြင်းထန်နေသော မီဒီယာလောက၌ မတူကွဲပြားစွာဖော်ပြပေးမှ ပရိသတ် စိတ်ဝင်စားခြင်း ခံရမည် ဖြစ်သည်ကို နားလည်ပေးရန် လိုအပ်ပါသည်။ သတင်းထုတ်ပြန်မှု၊ သတင်းရရှိမှု နည်းပါးနေချိန်၌ ရရှိသည့် သတင်းကိုပင် နာမဝိသေသန အမျိုးမျိုးတတ်လျက် ဖန်တီးနေရခြင်းသည် သတင်းရရှိမှု များပြားလာချိန်တွင် အလိုအလျောက် ပြေလည်သွားမည့် ကိစ္စဖြစ်သည်ဟုလည်း ပွင့်လင်းစွာဆွေးနွေး သွားနိုင်ခဲ့ပါသည်။

 

 လက်ရှိမြန်မာ့ မီဒီယာ လောကနှင့် ပတ်သက်၍လည်း ယခင်ကဗဟို ဦးစီးစနစ်၏ အုပ်ချုပ်မှုဖြင့် နေထိုင်ခဲ့ရသူများ ဖြစ်၍ ကိုယ်စီပုဂ္ဂလိက ခံစားချက်များရှိကြောင်း သိရသည်။ လွတ်လပ်ခွင့်များ ရရှိနေသော်လည်း ဆက်လက် ဖိနှိပ်ဆဲဟုပင် ခံစားနေရသည်။ ထို့ကြောင့် အာဏာပိုင်များနှင့်အဖွဲ့ အစည်းများအကြား၊ လူတစ်စုအကြားဖြစ်သည့် တင်းမာမှုများ၌ပင် လုပ်ထုံးလုပ်နည်းနှင့် မည်မျှပင် မှန်ကန် ပါစေ အာဏာပိုင်များ၊ အစိုးရအဖွဲ့ အစည်းများအား အပြစ်တင် ရေးသားထားကြသည်ကို နားလည်မှုရှိရမည် ဖြစ်သည်။ တပ်မတော်နှင့် ပတ်သက်၍ မီဒီယာများမှ စွပ်စွဲမှု၊ ပြစ်တင်ဝေဖန်မှုများ ပြုလုပ်နေသော်လည်း တပ်မတော်မှ သိသိသာသာပင် သည်းခံနေထိုင်ခဲ့သည်။ သဘောထားကြီးကြောင်း ပြသခဲ့ခြင်းဖြင့် အချိန် အတိုင်းအတာ တစ်ခု၌ အမှန်တရားနှင့် အရှိတရားကို မီဒီယာများက ခံယူလာတတ်မည် ဖြစ်ပါသည်။ ပြည်တွင်း၌ သတင်းထောက်ပေါင်း ၄၄ဝဝ ဦး ရှိပြီး သတင်းထောက်များ အနေဖြင့်လည်း Professional သင်တန်းများ တက်ရောက်ခဲ့သူများ မဟုတ်သောကြောင့် ချို့ယွင်းချက် အားနည်းချက်များ ရှိနိုင်ပါသည်။ ၎င်းချို့ယွင်းချက်၊ အားနည်းချက်များအား နားလည်မှုနှင့်အတူ ယုံကြည်မှုများ တည်ဆောက်သွားပါက မီဒီယာများနှင့် တပ်မတော်၏ ပူးပေါင်း ဆောင်ရွက်မှုများမှာ ပိုမိုအားကောင်းလာမည် ဖြစ်ပါသည်။

 

မြန်မာနိုင်ငံ စာနယ်ဇင်းကော်စီ(ယာယီ) အနေဖြင့် သတင်းမီဒီယာ ဥပဒေ ပေါ်ထွက်လာရေး၊ နည်းဥပဒေများ ပေါ်ပေါက်လာရေး၊ သတင်းမီဒီယာလောက တည်ငြိမ်လာစေရေး၊ ထိန်းသိမ်းမှုရှိသော သတင်းမီဒီယာများ ဖြစ်လာစေရေးနှင့် အစိုးရနှင့် မီဒီယာကြား (Mediation) အဖွဲ့အစည်းအဖြစ် ဆောင်ရွက် နေသော အဖွဲ့အစည်း ဖြစ်ပါသည်။ မိမိခြေထောက်အပေါ် မိမိခိုင်ခိုင်မာမာ ရပ်တည်နိုင်အောင် ကိုယ့်အားကိုယ်ကိုး တည်ဆောက်ခဲ့သည့် အဖွဲ့အစည်းလည်း ဖြစ်သည်။ အချင်းချင်း အဆင်ပြေစေရန်မှစပြီး အခက်အခဲများအား ရင်ဆိုင်တည်ဆောက်ခဲ့ ရပါသည်။ ပုဂ္ဂိုလ်ရေး ထိခိုက်မှုမပါရှိပဲ မျှတစွာ ရေးသားတတ်သည့် မီဒီယာသမားများ ရှိသကဲ့သို့ ပုဂ္ဂလိကခံစားချက်၊ မကျေနပ်ချက်များအား အကြောင်းပြုပြီး မီဒီယာ ကျင့်ဝတ်ကို ဖောက်ဖျက်ရေးသား နေမှုများလည်း ရှိပါသည်။ စာနယ်ဇင်း ကောင်စီအနေဖြင့် ထိန်း၍ရတာရှိသလို၊ ထိန်း၍ မရတာများလည်း ရှိခဲ့ပါသည်။ မီဒီယာများ အနေဖြင့် မဏ္ဍိုင်ကြီးသုံးရပ်ဖြင့် တပ်မတော်အပေါ် နားလည် သဘောပေါက်ဖို့ လိုကြောင်း တွေ့ရှိရပါသည်။ ရင်ဆိုင်ကြုံတွေ့ နေရသည့် အကျပ်အတည်းများ၊ အခက်အခဲများအား သိရှိရန်လိုအပ်ပါသည်။ အချို့မီဒီယာများ အနေဖြင့် တိုင်းပြည်၏ ပြုပြင်ပြောင်းလဲရေးကို အဟန့်အတားဖြစ်အောင် အပြုသဘောမဟုတ်၊ အပျက်သဘောဖြင့် တမင်လုပ်ဆောင် နေသူများလည်း ရှိပါသည်။ ထို့ကြောင့် အားလုံးပူးပေါင်း ဆောင်ရွက်ပြီး သတင်းမှန်များအား မြန်မြန်ဆန်ဆန် ထုတ်ပြန် ချေပရန် လိုအပ်ပါသည်။

 

သတင်းမီဒီယာ ဥပဒေ၊ မီဒီယာကျင့်ဝတ်များအား အနှစ်ချုပ်လိုက်ပါက (A,I,R) ဆိုသည့် အနှစ်သာရ ကိုသာရရှိပါမည်။ မီဒီယာ နှင့် မီဒီယာသမားများသည် မှန်ကန်တိကျမှု (Accuracy)၊ ဘက်မလိုက်မှု (Impartially)နှင့် တာဝန်ယူမှု၊ တာဝန်ခံမှု (Responsibility) တို့ကို ကျင့်ဝတ်သီလသဖွယ် လိုက်နာရန် လိုအပ်ပါသည်။ ယနေ့နိုင်ငံတော် အစိုးရနှင့် တပ်မတော်တို့ လျှောက်လှမ်းနေသည့် လမ်းမှာ လမ်းမှန်ဖြစ်ပြီး လမ်းကြောင်း ကောင်းမွန်လျက် ရှိကြောင်း၊ နိုင်ငံရေး အကဲခတ်သူတိုင်း နားလည်ကြသည်။ မီဒီယာများ အနေဖြင့် ၎င်းတိုးတက်မှုအပေါ် အကောင်းမြင် သဘောထားများဖြင့် ပုံဖော်ကြရန်လိုသည်။ ယနေ့မီဒီယာ လောက၌ အဓိက လိုအပ်ချက်မှာ ပြည်သူ့ အကျိုးစီးပွားနှင့် အများပြည်သူ စိတ်ဝင်စားသည့် ကိစ္စများအား ရောထွေးစွာ နားလည်နေခြင်းပင် ဖြစ်သည်။ အများပြည်သူ စိတ်ဝင်စားသည့် ကိစ္စတိုင်း ပြည်သူ့ အကျိုးစီးပွား မဟုတ်ပါ။ အများက စိတ်ဝင်စားသော ကိစ္စတစ်ခု ဖြစ်သော်လည်း အခြေအနေ၊ အချိန်အခါနှင့် မကိုက်ညီဘဲ ထည့်လိုက်သော သတင်းသည် နိုင်ငံအကျိုး၊ ပြည်သူ့အကျိုးကို နစ်နာစေမည်ဖြစ်သည်။ နိုင်ငံတကာ စာမျက်နှာ၌ အမျိုးသား အကျိုးစီးပွားကို နစ်နာစေနိုင်သည်။ ၎င်းကိစ္စများအတွက် မီဒီယာ လောကသားများ၏ အရည်အသွေး၊ ခံယူချက်နှင့် ဝမ်းစာတို့ကို ပြည့်ဝနေရန် လိုအပ်ပါသည်။ မီဒီယာနှင့် တာဝန်ရှိသူ အားလုံးမှ ပူးပေါင်းဆောင်ရွက်မှသာ ပြည်သူ့ အကျိုးစီးပွား သယ်ပိုးနိုင်သည့် မီဒီယာများဖြစ်လာမည် ဖြစ်ပါသည်။

 

ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍လည်း မီဒီယာများမှ တပ်မတော်အပေါ် အားမလို၊ အားမရ ဖြစ်ခဲ့ရပါသည်။ တိုက်ပွဲများ၊ ထိပ်တိုက် ရင်ဆိုင်မှုများ ဖြစ်လာပါက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ဦးစွာသတင်း ထုတ်ပြန်တတ်ပြီး တပ်မတော်အား ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ချိုးဖောက်နေသည်ဟု စွပ်စွဲကြသည်။ မီဒီယာများမှ တပ်မတော်သို့ စုံစမ်းသော်လည်း အတည်ပြုသတင်း ထုတ်ပြန်မှုမလုပ်ခဲ့၊ တပ်မတော်၏ သဘောထားနှင့် ပတ်သက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဆွေးနွေးခဲ့ရာတွင် လက်ရှိဖြစ်ပေါ်နေသော အခြေအနေသည် ပြည်ပရန်နှိမ်နှင်းရေး တိုက်ခိုက်မှု မဟုတ်ကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင် အချို့သည် သဘောတူခွင့်ပြုထားသည့် အတိုင်း လိုက်နာမှုမရှိသဖြင့် ပစ်ခတ်မှုများ ဖြစ်ပွားရခြင်းဖြစ်ကြောင်း ရှင်းပြသည်။ တပ်မတော်နေဖြင့် ပြည်တွင်း ငြိမ်းချမ်းရေးကို စစ်မှန်သော လိုလားစိတ်ဖြင့် ဆောင်ရွက်နေ ၏ကြောင်း သိရသည်။ တိုက်ပွဲများ၊ ထိပ်တိုက်ရင်ဆိုင်မှုများသည် တပ်မတော်မှ စတင်ခဲ့၍ ဖြစ်ခဲ့ရခြင်းလုံးဝ မရှိ။ တပ်မတော်အား တစ်ဖက်သတ်နှောင့်ယှက် စတင်တိုက်ခိုက် ခဲ့ခြင်းသာဖြစ်သည်။ မလွှဲမရှောင်သဖြင့်သာ တပ်မတော်မှ မိမိကိုယ်ကို လုံလောက်သော ကာကွယ်ခဲ့ရခြင်းသာ ဖြစ်သည်။ ဖြစ်စဉ်များနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း ပြုလုပ်ပါက အမုန်းတရား၊ အာဃာတ တရားများသာ တိုးပွားလာစေပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အထိ ခိုက်မခံနိုင်၍ သတင်းကို ထိန်းသိမ်း ထုတ်ပြန်ခြင်းသာ ဖြစ်ပါသည်။

 

မီဒီယာများမှ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အပေါ် အမြင်နှင့် ပတ်သက်၍လည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အနေဖြင့် နိုင်ငံတော်၏ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုများကို အလေးထားဆောင် ရွက်နေသော ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်တစ်ဦးဖြစ်သည်ဟု ယုံကြည်လျက်ရှိသည်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် အာဆီယံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ အစည်းအဝေးမှစ၍ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ပြီး မီဒီယာများနှင့် စတင်ထိတွေ့ ဆက်ဆံခဲ့သည်။ အမျိုးသမီး ဗိုလ်သင်တန်း ကျောင်းဖွင့်လှစ်ခဲ့ပြီး မြန်မာ့လူဦးရေ၏ ၅၁ ဒသမ ၈ရာခိုင်နှုန်းရှိသော အမျိုးသမီး ကဏ္ဍကို ဆန်းသစ်စေခဲ့သည်။ တပ်မတော် ဆေးတပ်ဖွဲ့တွင် အမျိုးသမီး တပ်မှူးများ ခန့်အပ်ခဲ့ပြီး တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များပါ ရွေးချယ်ခန့်ထား ပေးသည်။တပ်မတော်နေ့၌ ခေတ်မီ စစ်လက်နက်ပစ္စည်း၊ ယန္တရား များဖြင့် စစ်ရေးပြ၍ မြန်မာ့ ကာကွယ်ရေးအတွက် ပြည်သူတို့ကို စိတ်ချဂုဏ်ယူ စေခဲ့သည်။ ဂျပန်ခရီးစဉ်၌ အမျိုးသား ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း နှင့် ဗိုလ်မှူးကြီး ဆူဇူကီးတို့တွေ့ဆုံပြီး မြန်မာ့တပ်မတော် သန္ဓေ တည်ရာနေရာ၊ မြန်မာ့လေသူရဲများ ပထမဆုံး တက်ရောက်ခဲ့သည့် သင်တန်းကျောင်း ၊ ဗိုလ်မှူးကြီး ဆူဇူကီး၏ အုတ်ဂူနှင့် ဂျပန်မြန်မာ ချစ်ကြည်ရေး အထိမ်းအမှတ် ကျောက်တိုင်တို့ကို သွားရောက်ဂါရဝပြု ခဲ့သည်။ ထိုင်းနိုင်ငံရှိ မြန်မာအလုပ် သမားများအပေါ် ကူညီဆောင်ရွက်ပေးရေး၊ လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ ဖမ်းဆီးခံ မြန်မာတိုင်းရင်းသား နှစ်ဦးကိစ္စအား ထိရောက်သော စကားများဖြင့် တောင်းဆို ကာကွယ်ပေးခဲ့သည်။ ၄င်းကိစ္စများနှင့် ပတ်သက်၍ မီဒီယာများ အပါအဝင် ပြည်သူလူထုမှ တပ်မတော်အပေါ် အကောင်းမြင် သဘောထားများ တိုးပွားလာခဲ့ပါသည်။

 

 ပုဂ္ဂလိက မီဒီယာများ အနေဖြင့် အရေးအသား၊ အသုံးအနှုန်းများမှစ၍ ထိန်းသိမ်းဆောင်ရွက် နိုင်စေရေးကိုလည်း ပွင့်လင်းစွာ ဆွေးနွေးနိုင်ခဲ့ပါသည်။ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းမှစ၍ ယနေ့တိုင် နိုင်ငံတော်နှင့် ပြည်သူအတွက် အသက်၊ ခန္ဓာစတေးပေးဆပ်၍ အချုပ်အခြာ အာဏာကို ကာကွယ်ပေးခဲ့သော တပ်မတော်အပေါ် ''အစိုးရစစ်တပ်'' ဆိုသော အသုံးအနှုန်း ''စစ်တပ်'' ဆိုသော အသုံးနှုန်းဖြင့် သုံးနှုန်းရေးသားပြီး လက်နက်ကိုင် အဖွဲ့များအပေါ် ''---တပ်မတော်'' ဆိုသော အသုံးအနှုန်းများဖြင့် ရေးသား ပြောဆိုနေမှုများသည် သတိပြုဖွယ် ဖြစ်ပါ သည်။ အဖြစ်အပျက်များ၊ ဖြစ်စဉ်များအား ပုဂ္ဂလိက ခံစားချက်ကိုသာ ဦးစားပေး၍ ရေးသားနေခြင်းသည် အတွေးမှား၊ အမြင်မှား၊ သမိုင်းအမှားများ ဖြစ်ပေါ် စေကာ ခံယူချက်၊ ယုံကြည်ချက်နှင့် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ကို ထိခိုက်လာစေမည်ဖြစ်သည်။ သတင်း ဆိုသည်မှာ ကုန်ကြမ်းသာဖြစ်ပြီး မှန်ကန်မှု၊ ခိုင်မာမှု ရှိ/မရှိ စိစစ်ရန် လိုအပ်မည်ဖြစ်ပါသည်။အတွေးအမြင်၊ ဗဟုသုတနှင့် သဘောထား အမြင်ချင်း လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးဖလှယ်ခဲ့ ကြသည့် တွေ့ဆုံမှု၌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှလည်း ရိုးသားရှင်းလင်းသည့် သဘောထားများအား ထုတ်ဖော် ဆွေးနွေးခဲ့ပါသည်။ သတင်းမီဒီယာ ကျင့်ဝတ်များအား လေ့လာကြည့်ရာတွင် စုံလင်စွာ ပြုစုထား သည်ကို တွေ့ရမည်။

မြ၀တီ

No comments:

Post a Comment