Thursday 9 October 2014

ကွန်ဒိုဆောက်မည့်နေရာတွင် ဗုံးခိုကျင်းဟောင်းတွေ့၍ လုပ်ငန်းရပ်နားထား

မျက်စိဆေးရုံအနီး ဖိုးစိန်လမ်းသွယ်ရှိ နေအိမ်တစ်အိမ်ကို ကွန်ဒိုဆောက်လုပ်ရန် မြေညှိရာ၌ အနက်သုံး ပေရှိပြီး အခိုင်အခံ့တည်ဆောက်ထားသော ဗြိတိသျှခေတ် ဗုံးခိုကျင်းဟောင်း တစ်ခုတွေ့ရှိခဲ့သဖြင့် ဆောက်လုပ်ရေးလုပ်ငန်းများရပ်နားထား ကြောင်း သတင်းရရှိသည်။

အဆိုပါဗုံးခိုကျင်းသည် ၀င်ပေါက်နှစ်ခုပြုလုပ်ထားပြီး အိမ် ထဲမှ ၀င်ရောက်ကြည့်ရှုနိုင်သလို အိမ်အပြင်ဘက် ကလည်း ၀င် ရောက်၍ရနိုင်ပြီး မြေအနက် သုံး ပေခန့်တွင် တွေ့ရှိခဲ့ရသည်ဟု သတင်းရရှိသည်။

‘‘အ၀င်ဝကိုတော့ လိုင်း သွပ်ပြားတွေနဲ့ ကာထားတယ်။ အ၀က သုံးပေ၊ နှစ်ပေခွဲလောက် ရှိမယ်။ အထဲမှာ အရမ်းမှောင်နေ လို့ ၀င်မကြည့်ခဲ့ရဘူး’’ဟု သွား ရောက်ကြည့်ရှုခဲ့သူ ဦးအေးဆောင်က ပြောသည်။

ယင်းမြေကွက်တွင် ဟောင်းနွမ်းဆွေးမြည့်နေသော သစ်သား အိမ်ရှိပြီး ထိုအိမ်ဟောင်းကို ဖြို ဖျက်ရာမှ ဗုံးခိုကျင်းတွေ့ရှိခဲ့ကာ ပြည်သူများ စိတ်ဝင်တစားလာရောက်ကြည့်ရှုနေကြောင်းသတင်းရရှိသည်။

‘‘ဦးတို့ ငယ်ငယ်က ဒီခြံထဲမှာဆော့ရင်းပြုရင်းနဲ့ ရောက်ဖူး တယ်။ အဲဒီတုန်းက အဲဒီအိမ်ကလူကြီးက ဗုံးခိုကျင်းနား သွားမဆော့နဲ့လို့ ပြောဖူးတယ်။ လွန်ခဲ့တဲ့ နှစ်ငါးဆယ်ကဆိုတော့ အရင်တုန်းက အိမ်ပိုင်ရှင်ကို မေ့တောင်နေပြီ။ အခုပိုင်ရှင်ကလည်း ဆုံးသွားပြီ။ မရှိတော့ဘူး’’ဟု တစ်ရပ် ကွက်တည်း နေထိုင်သူ မျိုးတင့် ဆွေ အားကစားဘောင်းဘီ လုပ် ငန်းရှင် ဦးမောင်မောင်တိုးကပြော သည်။

ယခင်က ဖိုးစိန်လမ်းသွယ် အနီးတစ်ဝိုက် တာမွေမြို့နယ် သည် ရန်ကုန်မြို့ပြင်ဖြစ်ပြီး ခြံကြီးဝန်းကြီးများဖြင့် နေထိုင်ကြကာ ဗုံးခိုကျင်းရှိသည့် အိမ်များစွာ ရှိသည်ဟု ဦးမောင်မောင်တိုးကပြောသည်။

‘‘မြေကြီးတွေတူးနေတဲ့ ဗတ်ဟိုးကြီးတော့ တမြန်နေ့က သိမ်းသွားပြီ။ ဆက်ဆောက်မလား၊ မဆောက်လား မသိဘူး’’ ဟု ၎င်းကပြောကြားသည်။

ဗုံးခိုကျင်းရှိသော အိမ်ပိုင်ရှင်သည် ယခင်က တစ်ဧကခန့် ကျယ်ဝန်းသော ခြံမြေရှိပြီး ထိုမြေကို စိတ်ပိုင်း ခွဲခြမ်း ရောင်းချခဲ့ကာ ယခုကွန်ဒိုဆောက်လုပ်မည့် နေရာသည် ယင်းမြေထဲမှ အစိတ်အပိုင်း တစ်ခုဖြစ်သည် ဟု သိရှိရသည်။

7Day DAILY 

No comments:

Post a Comment