Tuesday 30 September 2014

စောတိုက်ဂါးနှင့် KNLA-PC တို့၏လမ်းခွဲပျက်စဲခြင်းနောက်ကွယ်မှ ဇာတ်လမ်းတစ်ပုဒ်

လွန်ခဲ့သည့်ရက်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ ( KNU/KNLA-PC ၏ဗဟိုဦးစီးကော်မတီ မှ ဒေါက်တာတင်မိုသီနှုတ်ထွက်ခဲ့ပေသည်။ ဒေါက်တာတင်မိုသီဆိုသူမှာသြစတေးလျ နိုင်ငံသူတစ်ဦးနှင့်အကြောင်းပါခဲ့သူဖြစ်ပြီး ထိုနိုင်ငံတွင်နေ ထိုင်ကာ ဗိုလ်ချုပ်ကြီးမြတို့လက်ထက်ကတည်း ကပင် KNU၏ငြိမ်းချမ်းရေး သံတမန်ကဲ့သို့ တာဝန်ထမ်းဆောင်ခဲ့ဘူးသူတစ်ဦးဖြစ်ပေသည်။ 
ဗိုလ်ချုပ်စောဌေးမောင် အလင်းဝင်စဉ် ကာလတွင် KNLA-PC နောက်သို့လိုက်ပါလာခဲ့သူဖြစ်ပြီး KNLA-PC ခေါင်းဆောင်ပိုင်းတွင်သူ့ခြေသူ့လက်ဖြင့်ထင်တိုင်းကြဲနေသူလည်း ဖြစ်ပေသည်။ KNLA-PC တပ်ဖွဲ့၏ ဗဟိုဦးစီးကော်မတီ တွင်တာဝန် ထမ်းဆောင် ခဲ့သော သူတစ်ဦးလည်းဖြစ်သလို တပ်ဖွဲ့အတွင်းတွင်လည်း လက်ရှိခေါင်းဆောင် စောဌေးမောင် မရှိတော့ပါက ခေါင်းဆောင်ပိုင်း ရာထူးကို မျက်စပစ်နေ သူတစ်ဦးဖြစ်ပြီး တပည့်တပန်းများ မွေးမြူကာ တစ်စင်ထောင်နေသူလဲဖြစ် ပေ သည်။ သူ၏တပည့်တပန်းများတွင် အားအကိုးရဆုံးနှင့် သူကြိုးဆွဲရာကသည့် အမာခံတပည့်တစ်ဦး ရှိပေသည်။ ထိုသူကတော့ အားလုံးသိရှိကြသည့် ဗိုလ်မှူးကြီးစောတိုက်ဂါး ပင် ဖြစ်ပေတော့သည်။
ဗိုလ်မှူးကြီးစောတိုက်ဂါး၏ အကြောင်းကိုတော့ဖြင့်အားလုံးသိရှိပြီးဖြစ်ပေလိမ့်မည်ထင်ပါသည်။ တစ်ကြိမ် တစ်ခါ မျှစစ်တိုက်ဖူးသူမဟုတ်ဘဲ မယ်တော်ဆေးခန်းတွင်ကားမောင်းနေရာမှ စောဌေးမောင်တပ်ဖွဲ့သို့ဝင်ရောက်ခဲ့သူ တစ်ဦးဖြစ်ပေသည်။ သို့သော် KNU/KNLA–PC တွင်နယ်စပ်ရေးရာလုံခြုံရေး အထူးဗျူဟာမှူးဟူသည့်ရာထူးကို ရယူထားခြင်းမှာလည်း စောတိုက်ဂါးကိုသူ့တပည့်ဟု အချိန်တိုင်းပြောဆိုနေ သည့် ဒေါက်တာတင်မိုသီ၏မြေ တောင်မြှောက်ပေးမှုတစ်ခုပင်ဖြစ်ပေသည်။ တစ်လောကစောတိုက်ဂါး ပြုလုပ်ခဲ့သောပြဿနာသည် မြ၀တီ နယ်စပ်မှ အစတည်ပြီး တစ်နိုင်ငံလုံးဟိုးလေးတစ်ကျော်ကျော်ဖြစ်ခဲ့ရပေသည်။ မယ်တော်မီးပွိုင့်တွင်ထိုင်းရဲ နှင့်ဖြစ်ခဲ့သည့် ပုဂ္ဂိုလ်ရေးပြဿနာ ကို တေးမှတ်ပြီး ထိုင်းကား အစီး(၃၀) ကိုတိုက်ဂါးကခပ်တည်တည်နှင့် ဖမ်းဆီး ခဲ့ပေသည်။ ပညာအခြေခံနည်းပါးသော စောတိုက်ဂါး အဖို့ ဖြစ်လာမည့်ပြဿနာကို ကြိုတင် မတွက်ဆဘဲ စိတ်လိုက်မာန်ပါဖြင့် ပြဿနာကိုမီးမွှေးခဲ့ခြင်းသာဖြစ်ပေသည်။ ပြဿနာတကယ်ဖြစ်ပွားခဲ့ရာ တွင်တော့ တိုက်ဂါးလဲ ခြေမကိုင်မိလက်မကိုင်မိဖြစ်ခဲ့ရာ နိုင်ငံရေးပါးဝ၍ ဂျပိုးကိုလိပ်ဖြစ်အောင်ပြောတတ်သော သူ၏ဆရာရင်း တင်မိုသီထံ ဦးတိုက်ရပေတော့သည်။

တင်မိုသီ၏ အကြံဥာဏ်အတိုင်း အစိုးရ စစ်တပ်၏ အကြောင်းကြားစာအပေါ်တွင် စောတိုက်ဂါး၏ ရာဇသံဆန်ဆန်တုံ့ပြန်မှုကြောင့် စောတိုက် ဂါးသည် ငြိမ်းချမ်းလမ်းပေါ်မှအမှိုက်တစ်ခုဟု ပြည်သူအများက သုံးသပ်ခဲ့ကြပေသည်။ သို့သော်ထိုတုံ့ပြန်မှုသည် တိုက်ဂါး ၏အကြံဥာဏ်မဟုတ် တင်မိုသီ၏ အကြံဥာဏ် ဖြစ်ကြောင်း သူ၏နှုတ်ထွက်စာတွင်စာသွားစာလာကို ကြည့်ပါ ကသိနိုင်ပေသည်။ KNLA-PC ဗဟိုကလည်း ဒေါက်တာ တင်မိုသီ၏ ပယောဂမကင်းဆိုသည်ကိုနားလည်သဖြင့် ထိုအကြောင်းကြားစာသည် ၄င်းတို့နှင့် မဆိုင်ဟု ဆိုကာ စစ်တပ်သို့ပြန်လည် အကြောင်းကြားခဲ့ ပေသည်။ ထို့ကြောင့် စောတိုက်ဂါးအမည်ခံလုပ်ခဲ့သမျှ သည် သဲရေကျခဲ့ရပြီး ပြည်သူမှ သူ့ကိုမထောက်ခံ အဖွဲ့စည်းမှလည်း သူ့အပေါ်အမြင်မကြည် စစ်တပ်နှင့် လည်းအဆင်မပြေ နယ်စပ်တွင်လည်း ထိုင်းအစိုးရနှင့် မပြေလည်ကာ စောတိုက်ဂါး အရူးမီးဝိုင်း ခဲ့ရပေ တော့သည်။
သို့သော် တစ်လောက DKBA နှင့် အစိုးရစစ်တပ်တို့ဖြစ်ပွားခဲ့သော ပြဿနာသည် တင်မိုသီနှင့် စောတိုက်ဂါး တို့၏မျှော်လင့်ခြင်းလမ်းစဖြစ်လာခဲ့ပေသည်။ ထိုင်းစစ်တပ်မှလည်းလက်မခံ အဖွဲ့ခွဲလျှင်လည်းနှစ်ယောက် တစ်ပိုင်းဖြင့် အဆင်မပြေသည် ကို စောတိုက်ဂါးကောင်းကောင်း သိပေသည်။ တစ်မြန်နေ့က ဒေါက်တာတင်မိုသီ နှုတ်ထွက်ခဲ့သည်ဆိုသော သတင်းကြားပြီးသည့်နောက်တွင် ဗိုလ်မှူးကြီးစောတိုက်ဂါး DKBA တပ်ဖွဲ့သို့ဝင် ရောက်သွားသည်ဆိုသည့်သတင်းမှာလည်း ချက်ချင်းပေါ်ထွက်လာခဲ့ပေသည်။

ထို့ကြောင့် ဒေါက်တာတင်မိုသီနှင့် ဗိုလ်မှူးကြီးစောတိုက်ဂါးဆိုသူတို့သည် မည်သည့်နိုင်ငံရေးခံယူချက်မျှမရှိ၊ မည်သူ့အကျိုးစီးပွားအတွက်မျှမကြည့်သော တစ်ဘို့တည်းကြည့်သည့် စီးပွားရေးသမားများသာဖြစ်ပေသည်။ ၄င်းတို့အနေဖြင့် ယခုလို KNU/KNLA-PC တပ်ဖွဲ့မှခွဲထွက်ကာ DKBA သို့ဝင်ရောက်သွားခြင်းမှာလည်း သာယာနားသည့်သဘောသာဖြစ်ပြီး ငြိမ်းချမ်းရေးမလိုလားသူတို့၏ ရွေးချယ်မှုတစ်ခုသာပင်ဖြစ်ပေလိမ့်မည်။ 
နော်ဖောထူး

No comments:

Post a Comment