Tuesday 30 September 2014

မြေးဖြစ်သူကို ဘီလူးဝင်စီးသည်ဟု ထင်မှတ်မှားကာ ရေနစ်သတ်

ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် အမှတ် (၈၆) ရပ်ကွက်တွင် လွန်ခဲ့သော လေးရက်က ရေနစ်သေဆုံးခဲ့သော ၂ နှစ်အရွယ် ကလေးငယ်၏ အမှုကို စစ်ဆေးရာမှ သေဆုံးသူ၏ အဘိုးဖြစ်သူက မြေးဖြစ်သူကို ဘီလူးဝင်စီးသည်ဟု ထင်မှတ် ရာမှ ရေနစ်သတ်မှု ပေါ်ပေါက်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။
အဆိုပါရပ်ကွက် ရဲကျော်သူရလမ်းရှိ နေအိမ်တစ်လုံးတွင် စက်တင်ဘာလ ၂၅ ရက်နေ့ နံနက် ၁ နာရီခန့်က အသက် ၂ နှစ်အရွယ်ရှိ မခိုင်ချိုဝင်းကို အသက် ၅၂ နှစ်အရွယ် ၎င်း၏အဘိုးဖြစ်သူ ဦးမောင်ညွန့်က ထမင်းခွံ့ကျွေးနေ စဉ် မြေးဖြစ်သူ က အဖိုး၏လက်ကို ကိုက်သောကြောင့် ဘီလူးဝင်စီးသည်ဟု ထင်မှတ်ပြီး ရေနစ်သတ်ခဲ့ကြောင်း ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“ကလေးမလေးရဲ့ မိဘတွေက ညဆို ကုန်စိမ်းရောင်းဖို့ ဈေးကြိုသွားဝယ်နေကျ။ အိမ်မှာ အဘိုးနဲ့ ကလေးမ က နှစ်ယောက် တည်း ကျန်နေခဲ့တာ။ ကလေးက ဗိုက်ဆာလို့ အဲ့ဒီညက ထငိုတာကို ထမင်းခွံ့ကျွေးရင်း သူ့လက်ကို သွားနဲ့ ခြစ်မိတာကို ကလေး ဘီလူးဝင်စီးတယ် ဆိုပြီး အိမ်အောက်မှာ ရှိတဲ့ ရေဝပ်နေတာ တစ်ပေလောက်ရှိတဲ့ ရေထဲ ခေါင်းနှစ်သတ်ခဲ့ပြီး အလောင်းကို လမ်းဘေးမှာ သွားပစ်ထားခဲ့တာ” ဟု အမှုစစ် ရဲအရာရှိက ရှင်းပြသည်။
အဆိုပါ ကလေးငယ် အော်ဟစ် ငိုယိုနေရာမှ အသံတိတ်သွားသောကြောင့် ယင်းညက ဘေးအိမ်မှ လူအများက သွားရောက် မေးမြန်းခဲ့သော်လည်း ဦးမောင်ညွန့်က ကလေးငယ် အိပ်ပျော်သွားပြီဟု လိမ်လည်ပြောဆိုခဲ့ကြောင်း အမှတ် (၈၆) ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးထံမှ စုံစမ်းသိရှိရသည်။
“အလောင်းကို လမ်းထိပ်က ရေမြောင်းဘေးမှာ ပစ်ထားတာ။ မနက်မိုးလင်းတော့ ဆိုက်ကားသမားက အလောင်းကို စတွေ့လို့ ရပ်ကွက်ရုံးကို အကြောင်းကြားခဲ့တာကြောင့် သေမှုသေခင်းဖွင့်ပြီး စစ်ဆေးခဲ့တာ။ အရက်မူးပြီး စိတ်ကယောင်ချောက်ချား ဖြစ်ရာက လူသတ်ခဲ့တယ်လို့ နှစ်ရက်မြောက်နေ့မှ ဦးမောင်ညွန့်က ဝန်ခံခဲ့တာ” ဟု ယင်းအုပ်ချုပ်ရေးမှူးရုံးမှ အဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။
ယင်းလူသတ်မှုကို ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့မရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၂၀/၁၄ မှ (ပ) ၄၀၈/ ၁၄၊ ပုဒ်မ ၃၀၂/ ၂၀၁ ဖြင့် အမှုပြောင်းလဲ ဖွင့်လှစ်ကာ စစ်ဆေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment