Tuesday 30 September 2014

ဒေါ်အောင်ဆန်းစုကြည်ပြီးနောက် ဒုတိယလူ

နှမလက်လျှော့ပြီး ဒုတိယလူ ရှာမည်လော။ ဆက်လက်တိုက်ပွဲ ဝင်မည်လော။
စစ်အစိုးရလက်ထက် ရေးဆွဲခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) တွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့် မရသည့် အချက်များ ပါနေပြီး ယင်းကိုပြင်ဆင်ရန် တိုက်ပွဲက မရေမရာ ဖြစ်နေချိန် မေးခွန်းများ ထွက်လာသည်။ ၂၀၁၅ ရွေးကောက်ပွဲအထိ ထိုသို့ ဆက်လက် ပိတ်ပင်ခံထားရပါက သမ္မတ နေရာအတွက် မြန်မာနိုင်ငံတွင် လူထုထောက်ခံမှု အများဆုံး ရထားသည်ဟု ဆိုနိုင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနေနှင့် မည်သူ့ကို သမ္မတ အမည်စာရင်း တင်သွင်းမည်နည်း။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ သမ္မတကို အမျိုးသားလွှတ်တော်က အစုအဖွဲ့၊ ပြည်သူ့လွှတ်တော်က အစုအဖွဲ့နှင့် ယင်းလွှတ်တော် နှစ်ရပ်အတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်း တင်သွင်းသော တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့တို့ ပေါင်းကာ ဖွဲ့စည်းထားသော သမ္မတ ရွေးချယ်တင်မြှောက်ရေး အဖွဲ့ဖြင့် ရွေးချယ်သည်။

ယင်းအဖွဲ့က ရွေးချယ်ရန် လွှတ်တော် ကိုယ်စားလှယ် များထဲကဖြစ်စေ၊ လွှတ်တော် ကိုယ်စားလှယ် မဟုတ်သူ များထဲကဖြစ်စေ သမ္မတလောင်းများ စာရင်း တင်သွင်းနိုင်သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် လွှတ်တော် ကိုယ်စားလှယ် နေရာအများစု အနိုင်ရမည်ဟု ထင်ကြေး ပေးခံထားရသော NLD အနေနှင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့် ပိတ်ပင်ခံထားရချိန်တွင် မည်သူ့ကို ရွေးချယ်မည်နည်းဟု မေးခွန်းများ ပေါ်လာသည်။
NLD အနေနှင့် ယင်းသည် ပြဿနာမဟုတ်ဟု ပါတီဗဟို အလုပ်အမှုဆောင် ဦးဟံသာမြင့်က ဆိုသည်။ ပါတီတွင်းမှ ဖြစ်စေ၊ ပါတီပြင်ပမှ ဖြစ်စေ သဘောထားချင်း တိုက်ဆိုင်သော သူကို ထောက်ခံသွားမည် ဖြစ်ကြောင်း သူက ဆက်ပြောသည်။ “သူသမ္မတ မဖြစ်ရင်လည်း NLD အတွက် ပြဿနာကြီးတစ်ခု မဟုတ်ပါဘူး။ သမ္မတဆိုတာ အမတ်ဖြစ်စရာ မလိုဘူး။ NLD က ဖြစ်စရာ မလိုဘူး။ ကျွန်တော်တို့နဲ့ သဘောထားချင်း တိုက်ဆိုင်တဲ့လူကို ထောက်ခံမယ်” ဟု ၎င်းက ပြောဆိုသည်။
ပါတီတွင်းမှ သမ္မတလောင်း
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီကို ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် သတင်းစာဆရာ ဟံသာဝတီ ဦးဝင်းတင်၊ တပ်မတော် အကြီးတန်း အရာရှိဟောင်း ဦးအောင်ကြီး၊ ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်ကာ တည်ထောင်ခဲ့ကြခြင်း ဖြစ်သည်။ ထိုစဉ်က ပါတီအတွင်း နိုင်ငံရေး၊ ဥပဒေနှင့် စာပေနယ်ပယ်တွင် ထင်ရှားသည့် ခေါင်းဆောင် မြောက်မြားစွာ ပါဝင်ခဲ့သည်။ ပါတီ တည်ထောင်စဉ်တွင် ဦးအောင်ကြီး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး ဒုတိယ ဥက္ကဋ္ဌအဖြစ် ဦးတင်ဦးက ဆောင်ရွက်ကာ အထွေထွေ အတွင်းရေးမှူးအဖြစ် ဒေါ်အောင်ဆန်းစုကြည်က တာဝန်ယူခဲ့သည်။
သို့သော် ပါတီစည်းရုံးရေးဆင်း လူထုမဲဆွယ်ပွဲများ ပြုလုပ်သည့် အချိန်တွင် ဥက္ကဋ္ဌဦးအောင်ကြီးက ပါတီတွင်း ကွန်မြူနစ်များ ရှိနေပြီး ပါတီတည်ထောင်ရာ ပါဝင်သူ ဟံသာဝတီ ဦးဝင်းတင် အပါအဝင် အခြားသူများကို နုတ်ထွက်ပေးရန် တောင်းဆိုမှုကြောင့် ပါတီတွင်း အဖွဲ့ကွဲ ပြဿနာများ ကြုံတွေ့ခဲ့ရသည်။ ယင်းနောက် ဦးအောင်ကြီး နှုတ်ထွက်သွားရပြီး ၁၉၈၈ ခုနှစ် ဒီဇင်ဘာလဆန်းတွင် ပါတီကို ပြန်လည် ပြင်ဆင် ဖွဲ့စည်းခဲ့သည်။ ပြန်လည် ပြင်ဆင် ဖွဲ့စည်းရာတွင် ဦးတင်ဦးက ဥက္ကဋ္ဌ ဖြစ်လာသည်။
အမျိုးသားညီလာခံ ရေးဆွဲလိုက်သည့် အခြေခံဥပဒေကို အသက်သွင်းကာ ၂၀၁၀ ပြည့်နှစ်တွင် ကျင်းပသည့် ရွေးကောက်ပွဲကိုမူ NLD ပါတီက သပိတ်မှောက်ခဲ့ပြီး ပါတီမှတ်ပုံ တင်လျှောက်ထားခြင်း မရှိသဖြင့် ပါတီဖျက်သိမ်း ခံခဲ့ရသည်။ ၂၀၁၀ ခုနှစ် နိုဝင်ဘာလအတွင်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ ပြန်လည် လွတ်မြောက် လာပြီးနောက် ၂၀၁၁ ခုနှစ်၌ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်တို့ သမိုင်းဝင် တွေ့ဆုံမှု အပြီးတွင် NLD ပါတီသည် ဦးသိန်းစိန်နှင့် အပေးအယူ အလျှော့အတင်း လုပ်ကာ ပါတီမှတ်ပုံတင် ပြန်တင်ခဲ့သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ၂၀၁၂ ခုနှစ်တွင် ပြုလုပ်သည့် ကြားဖြတ် ရွေးကောက်ပွဲကို အခြေခံဥပဒေ ပြင်ဆင်ရေး၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး စသည့်မူဝါဒသုံးခု ဆွဲကိုင်ကာ ရွေးကောက်ပွဲ ယှဉ်ပြိုင်ရာ မဲဆန္ဒနယ် ၄၄ နေရာအနက် ၄၃ နေရာ အနိုင်ရရှိသည်။ ယင်းနောက် ပြီးခဲ့သည့်နှစ် ၂၀၁၃ ခုနှစ် အောက်တိုဘာလတွင်မူ NLD ပါတီ၏ ပထမဆုံး ညီလာခံ ကျင်းပခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပါတီဥက္ကဋ္ဌအဖြစ် တင်မြှောက်ကာ ဗဟိုကော်မတီ အဖွဲ့ကိုလည်း အသစ်ပြန်ဖွဲ့ခဲ့သည်။ လက်ရှိ ပါတီဖွဲ့စည်းပုံအရ ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အဖွဲ့ဝင် ၁၅ ဦး၊ အရန်ကော်မတီဝင် လေးဦးပါ ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဖြင့် ဖွဲ့စည်းကာ ဒုဥက္ကဋ္ဌ၊ အထွေထွေ အတွင်းရေးမှူး မရှိသော ဖွဲ့စည်းပုံဖြင့် လည်ပတ်နေသည်။
ပါတီက ၂၀၁၃ ခုနှစ်က ထုတ်ပြန်ထားသည့် ဗဟိုအလုပ်အမှုဆောင် စာရင်းတွင် ဥက္ကဋ္ဌဖြစ်သော ဒေါ်အောင်ဆန်းစုကြည် နောက်တွင် စစ်အစိုးရ လက်ထက်က သူမ၏ ဥပဒေကြောင်း ဆိုင်ရာများကို အဓိက ကိုင်တွယ်ခဲ့သူ ဦးဉာဏ်ဝင်းက ဥပဒေရေးရာ ကော်မတီ ခေါင်းဆောင်နှင့် ပါတီ ပြောရေးဆိုခွင့် ရှိသူအဖြစ် လည်းကောင်း၊ သူ့နောက်တွင် ဦးဟံသာမြင့်က စီးပွားရေး အကြံပေး ကော်မတီ အဖွဲ့ဝင်နှင့် ပါတီပြောရေးဆိုခွင့် ရှိသူအဖြစ် လည်းကောင်း၊ ဦးအုန်းကြိုင်က ဗဟိုသတင်း ပြန်ကြားရေး ကော်မတီအဖွဲ့ ခေါင်းဆောင်အဖြစ် လည်းကောင်း၊ ဦးဝင်းမြင့်က အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီ အဖွဲ့ဝင်နှင့် ပြောရေးဆိုခွင့် ရှိသူအဖြစ် လည်းကောင်း၊ ဦးထွန်းထွန်းဟိန်က အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီဝင် အဖြစ်လည်းကောင်း၊ ယင်းတို့ ပြီးနောက် ဒေါက်တာမေဝင်းမြင့်၊ ဦးဝင်းထိန်၊ ဒေါက်တာဇော်မြင့်မောင် စသည်ဖြင့် အစဉ်လိုက် စာရင်းထုတ်ပြန်ထားသည်။
သို့သော် ဒုတိယဥက္ကဋ္ဌ၊ အထွေထွေ အတွင်းရေးမှူး စသည့်နေရာများ မပါရှိသဖြင့် ဒေါ်အောင်ဆန်းစုကြည်နောက် ပါတီတွင် မည်သူက တာဝန်အရှိဆုံးနည်းဟု ဖော်ညွန်းရန် ခက်နေသည်။ ယင်းသမ္မတလောင်းအဖြစ် ရွေးပါက ဒေါ်အောင်ဆန်းစုကြည် မဟုတ်လျှင် ပါတီအတွင်းမှ မည်သူနည်းဟုဆိုရန် ခက်နေသည်။ သေချာနေသည့် အချက်မှာ ပါတီအတွင်းတွင် ဒေါ်အောင်ဆန်းစုကြည်ပြီးနောက် ဒုတိယလူ ရွေးချယ်ထားခြင်း မရှိသေးခြင်းပင်။ လတ်တလောတွင် ၅၉ (စ) ပြင်ဆင်ရေးကိုသာ ဆက်လုပ်နေပြီး လိုအပ်ပါက ယင်းသို့သော ခေါင်းဆောင်ကို ပါတီညီလာခံဖြင့် ရွေးချယ်နိုင်ကြောင်း ပါတီ၏ နာယက တစ်ဦးဖြစ်သူ သူရဦးတင်ဦးက ဆိုသည်။ “လက်ရှိအချိန်မှာ NLD အနေနဲ့ အောက်ခြေမှာ ခိုင်မာအောင် လုပ်ဆောင်နေတာတွေ ရှိနေပါပြီ။ ညီလာခံတစ်ခု ထပ်လုပ်ပြီး ရွေးရမှာပဲ” ဟု ၎င်းက ထပ်လောင်းရှင်းပြသည်။
သို့သော် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် မတင်မြှောက်နိုင်ပါက နောက်လူ ထပ်ရွေးရန် ခက်ခဲကြောင်း သူရဦးတင်ဦးက ထုတ်ဖော်ဝန်ခံသည်။ “ဒီလိုခေါင်းဆောင် နေရာကို လုပ်မယ့်သူက ရှားတယ်။ အရည်အချင်းလည်း ရှိရမယ်။ ပေးဆပ်နိုင်မှုလည်း ရှိရမယ်။ သူ (ဒေါ်အောင်ဆန်းစုကြည်) မရှိရင် လုပ်နိုင်မယ့်သူ ရှားတယ်” ဟု အသက် ၈၉ နှစ် အရွယ်ရှိ သူရဦးတင်ဦးက ဆိုသည်။
ပါတီပြင်ပမှ သမ္မတလောင်း
ဦးဟံသာမြင့်၏ အဆိုအရ ဒေါ်အောင်ဆန်းစုကြည် အပိတ်ပင်ခံ ထားရပါက သမ္မတလောင်းသည် ပါတီပြင်ပမှလည်း ဖြစ်နိုင်ရာ ဖြစ်နိုင်ဖွယ် အခြေအနေသုံးခုကို စောကြောကြည့်သည်။ ပထမဆုံး ဖြစ်နိုင်ခြေမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် မဟာမိတ်ဖွဲ့ ပူးပေါင်း လုပ်ဆောင်နေသော တိုင်းရင်းသား တပ်ပေါင်းစုများထဲမှလော။ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ် (UNA) တွင် ဦးအေးသာအောင် ခေါင်းဆောင်သော ရခိုင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (ယခု ရခိုင်အမျိုးသား ပါတီအဖြစ် ပေါင်းစည်းထား)၊ နိုင်ငွေသိမ်း ခေါင်းဆောင်သော မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ဦးခွန်ထွန်းဦး ခေါင်းဆောင်သော ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ ဦးပုကျင်ရှင်းထန် ခေါင်းဆောင်သော ဇိုမီး အမျိုးသားကွန်ဂရက် စသည့်ပါတီတို့ ပါဝင်သည်။
သို့သော် ယင်းတပ်ပေါင်းစုမှာ ရွေးနိုင်သည်ဆိုသည့် ကိစ္စမှာလည်း ယခုအချိန်တွင် ပြောရန် စောလွန်းလှသေးသည်။ “၅၉ (စ) ပြင်မပြင် မသေချာဘဲနဲ့ အဲလိုမျိုး ပြောလို့မရဘူး။ NLD ကတောင် ထုတ်မပြောသေးတာ ကျွန်တော်တို့အနေနဲ့ ဒီလိုမျိုးကျော်ပြီး ပြောခွင့်မရှိပါဘူး” ဟု ဦးအေးသာအောင်က ဆိုသည်။ နောက်တစ်ခုမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လှုပ်ရှားမှုကို NLD နှင့် ပူးတွဲ လုပ်ဆောင်ခဲ့သော ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှလော။ လူအများ မှန်းဆကြသည်မှာ နိုင်ငံရေး နယ်ပယ်အတွင်း ကူးပြောင်းနိုင်ဖွယ် ရှိသော အရိပ်အမြွက် ပြောဆိုထားသည့် ၈၈ အဖွဲ့ခေါင်းဆောင် ဦးကိုကိုကြီး ကဲ့သို့သော ပုဂ္ဂိုလ်မျိုး ဖြစ်သည်။
သို့သော်လည်း ၈၈ အဖွဲ့ အတွင်းတွင်ပင် သမ္မတ အရည်အချင်းနှင့် ကိုက်ညီ လုပ်နိုင်ကိုင်နိုင်သော အနေအထားရှိသူ မတွေ့ရဘဲ ဦးကိုကိုကြီးသည်လည်း သမ္မတလောင်း နေရာအတွက် ချက်ချင်း မဖြစ်နိုင်သေးကြောင်း ယင်းအဖွဲ့မှ ဦးမြအေးက ဆိုသည်။ “ဘာလို့လဲဆိုတော့ သမ္မတဖြစ်ဖို့က အရည်အချင်းက တော်တော်လေး ရှိဖို့လိုပါတယ်။ လွှတ်တော်တွင်းလည်း သိရမယ်။ အားလုံးအတွက်လည်း အချိန် လိုအပ်ပါတယ်။ လွှတ်တော် အတွင်းမှာလည်း အချိန်တစ်ခုထိ ဖြတ်သန်းဖူးမှလည်း ရပါမယ်။ အဲဒီလို နိုင်ငံရေး ရင့်ကျက်မှုအပိုင်း ရှိလာရင်တော့ ပြောလို့ မရဘူးပေါ့ဗျာ” ဟု ဦးမြအေးက သုံးသပ်သည်။
နောက်ဆုံး ထွက်လာသော သတင်းများအရ ယင်းနှစ်ဖွဲ့ ပြင်ပမှလည်း ဖြစ်နိုင်ကြောင်း မှန်းဆနေကြပြီ ဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီအနိုင်ရပြီး ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ တင်မြှောက်ခွင့် ဆက်လက် ပိတ်ပင်ထားခြင်းခံရပါ စစ်ဗိုလ်ချုပ်ဟောင်း သူရဦးရွှေမန်းကို သမ္မတအဖြစ် ထောက်ခံဖွယ် ရှိကြောင်း ဗြိတိန်အခြေစိုက် Reuters သတင်းဌာနက စက်တင်ဘာ ၁၄ ရက်နေ့ ရေးသား ထုတ်ပြန်လိုက်ရာ ပိုမိုစိတ်ဝင်စားစရာ ကောင်းသော အခင်းအကျင်းသို့ ရောက်ရှိသွားသည်။ ယင်းသတင်း ထွက်ပေါ်လာသည့် နေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော် တက်နေဆဲဆဲမှပင် ရုတ်တရက် ထွက်ခွာသွားခဲ့ပြီး ပါတီဗဟို အလုပ်အမှုဆောင် အဖွဲ့တွင် ထိုသို့ ဆုံးဖြတ်ထားချက် မရှိကြောင်း နောက်ပိုင်းတွင် ပြောဆိုခဲ့သည်။
သို့သော် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် စစ်အစိုးရ အမွေခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ရင်းနှီးသော ဆက်ဆံရေး ရှိသည်ဟု ဆိုထားရာ ယင်းဖြစ်နိုင်ဖွယ်မှာ ပစ်ပယ်၍ မရသော အနေအထား ဖြစ်နေသည်။ ယင်းသတင်းကို NLD ပါတီ တာဝန်ရှိသူများက မပြောခဲ့ကြောင်း နောက်ပိုင်းတွင် ငြင်းဆန်ခဲ့သော်လည်း လက်ရှိ အခြေအနေအရ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရန် ဆက်လက် ကန့်သတ်ခံနေရပါက နောက်ထပ် ရွေးချယ်စရာ ခက်ခဲကြောင်း ယင်းပါတီ ခေါင်းဆောင်များက ထပ်တူ ပြောဆိုကြသည်။
NLD ပါတီမှာ ခွပ်ဒေါင်းမဟုတ်ဘဲ အန်းဂရီးဘတ် (စိတ်ဆိုးနေသောငှက်) ဟု ဝေဖန်ခဲ့ဖူးသူ ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီ အဖွဲ့ဝင်လည်းဖြစ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သူ ဦးလှဆွေက သူရဦးရွှေမန်းကိုသာ သမ္မတအဖြစ် NLD ကထောက်ခံပါက ကြိုဆိုကြောင်း ပြောလာသည်။ “NLD မှာ ဒေါ်အောင်ဆန်းစုကြည်အပြင် နောက်ထပ်တစ်ယောက် မရွေးတာ မဟုတ်ဘူး။ မရှိတာ။ သမ္မတတစ်ယောက် ဖြစ်ဖို့ဆိုတာ ကိုယ်ရည်ကိုယ်သွေးကအစ နှစ်ပေါင်းများစွာ မွေးထားမှရတာ။ ဘာလို့လဲဆိုတော့ နိုင်ငံတစ်နိုင်ငံကို ငါးနှစ်တာ တာဝန်ယူရမှာကိုး” ဟု ၎င်းကထပ်လောင်း ပြောဆိုသည်။
မြန်မာနိုင်ငံတွင် လူထုမျှော်လင့် အားထားရကာ ထောက်ခံမှု အရဆုံးဖြစ်ပြီး တစ်ချိန်ချိန်တွင် အာဏာရပါတီ ဖြစ်လာနိုင်သော NLD ပါတီတွင် အတုမရှိ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြီးနောက် ဒုတိယလူ မရှိခြင်းကို ပြည်တွင်းသာမက နိုင်ငံတကာ သံတမန်များ၊ ပညာရှင်များကလည်း ရှေးဦးမဆွ ကတည်းက မေးမြန်း ထောက်ပြခဲ့ဖူးသည်။ “ဒေါ်အောင်ဆန်းစုကြည်ပြီး နောက်တစ်ယောက်၊ ဒါမှမဟုတ် သူ့ကို ဆက်ခံဖို့ တစ်ယောက်ယောက်ကို အစီအစဉ် ချထားတာမျိုး ဘယ်တုန်းကမှ မရှိဘူး” ဟု ၂၀၀၀ မှ ၂၀၀၃ ခုနှစ်အကြား မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ သံအမတ်အဖြစ် တာဝန်ထမ်းဆောင် ခဲ့ဖူးသူ ထရီဗာဝီလဲဆင်က သြစတြေးလျ အခြေစိုက် SBS သတင်းဌာနကို ပြောဆိုထားသည်။
သို့သော် အခြားဘက်မှ အမြင်များလည်း ရှိသည်။ NLD ပါတီတွင် တာဝန် ထမ်းဆောင်ခဲ့ဖူးပြီး ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ ခွဲထွက် တည်ထောင်ခဲ့သော အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီ၏ ခေါင်းဆောင် ဦးခင်မောင်ဆွေက အောက်ပါကဲ့သို့ ခြားနားသောအမြင်ကို ပြောဆိုသည်။ “သူ့အပြင် အစားထိုးဖို့ လူမရှိဘူး ဆိုတာတော့ သူတို့အကွက်ရွှေ့တာ ဖြစ်နိုင်ပါတယ်။ သူ့လောက် အားမထားနိုင်ပေမယ့် လူတော်လူကောင်းတွေ ပေါ်ထွက် လာနိုင်ပါသေးတယ်” ထိုနည်းနှင့် ဆင်တူယိုးမှားမှတ် ချက်ပေးသူမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် နှစ်ပေါင်းများစွာ တွဲလုပ်လာခဲ့သော ရခိုင်ပါတီ ခေါင်းဆောင် ဦးအေးသာအောင် ဖြစ်သည်။ “NLD ပါတီအနေနဲ့က သူတို့ရဲ့ ခေါင်းဆောင်ကို သူတို့ ရွေးချယ်ထားတာပဲ။ အဲဒီတော့ အဲဒီခေါင်းဆောင် မရှိရင် သူတို့ ဘာဆက်လုပ်မလဲ ဆိုတာကိုလည်း ရွေးချယ်ထားပြီးသား ဖြစ်မှာပါ” ဟု ဦးအေးသာအောင်က ပြောဆိုသည်။
အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ တစ်ဦးတည်းသော နိုင်ငံရေး မျိုးဆက်လည်းဖြစ်၊ တစ်ခေတ်တွင် တစ်ယောက်ပေါ်ရန်ပင် ခက်ခဲသူလည်းဖြစ်သော ဒေါ်အောင်ဆန်းစုကြည်အပေါ် မှီခိုလွန်းပြီး နောက်ထပ် ရုတ်တရက် အစားထိုးစရာ ခေါင်းဆောင်အသစ် မရှိခြင်းအပေါ် ပြည်တွင်းပြည်ပမှ လေ့လာသုံးသပ်သူများစွာက NLD အပေါ် စိုးရိမ်မှု ရှိနေသည်။ ၅၉ (စ) ပြင်ဆင်နိုင်ရေး ဖြစ်နိုင်ဖွယ်ရာနှုန်း ပါးလျနေစဉ်တွင် ယင်းအသံက ပိုညံလာသည်။ ရွေးကောက် ပွဲနီးလာလေလေ အသံပိုထွက်လာလေလေ ဖြစ်မည့်သဘောရှိသည်။ “အခြေအနေ အရကတော့ လက်လွန်နေပြီ။ ပါတီတစ်ခုဟာ လူတစ်ယောက်အပေါ် မူတည်နေတာ အန္တရာယ်ကြီးပါတယ်” ဟု ဦးခင်မောင်ဆွေကလည်း ထောက်ပြသည်။
ယင်းအနေအထားတွင် ၅၉ (စ) ပြင်ရေး ဆက်လက်တိုက်ပွဲ ဝင်မည်လော။ နှမလက်လျှော့ပြီး ဒုတိယလူ ရှာမည်လော။ ပါတီခေါင်းဆောင် များကတော့ ဒေါ်အောင်ဆန်းစုကြည် ပြီးနောက် နန်းတင်မည့် ဒုတိယလူ မရှိကြောင်း ယခုထက်ထိ ဆိုနေဆဲ ဖြစ်သည်။ ဘောလုံးစကားဖြင့် ဆိုလျှင် နာမည်ကျော် တိုက်စစ်မှူး အကြောင်းကြောင်းကြောင့် ပွဲမထွက်နိုင်၊ မကစားနိုင်ပါက အသင့်အစားထိုး စရာဆူပါဆပ် (Super Sub) မရှိသည့် သဘော။ မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်မှ သာမန် NLD ပါတီဝင် ဦးတရုတ်ကြီးတို့ အတွက်တော့ ရွေးစရာ များများစားစား မရှိလှပါ။ “ဒေါ်စု ဘယ်လိုပဲလုပ်လုပ် ထောက်ခံရမှာပဲ” ဟု သူကဆိုလေသည်။
ပါတီ စတင်ထည်ထောင်စဉ် (၁၉၈၈ ဒီဇင်ဘာလနောက်ပိုင်း) က ဗဟိုအလုပ်အမှုဆောင်အဖွဲ့ စာရင်း
ဦးတင်ဦး - ဥက္ကဋ္ဌ (ဦးအောင်ကြီးက ပထမဆုံး ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သော်လည်း နောက်ပိုင်းတွင် နုတ်ထွက်ခဲ့သည်) 
ဒေါ်အောင်ဆန်းစုကြည် - အထွေအထွေအတွင်းရေးမှူး
ဦးချစ်ခိုင် - အတွင်းရေးမှူး 
ဦးဝင်းတင် - အတွင်းရေးမှူး
ဦးကြည်မောင် - ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် 
ဦးလွင် - ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် 
ဦးအောင်ရွှေ - ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် 
ဒေါ်မြင့်မြင်ခင် - ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်
ဦးအောင်လွင် - ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်
၁၉၉၀ ရွေးကောက်ပွဲ နောက်ပိုင်း ပြန်လည် ဖွဲ့စည်းလိုက်သော ဗဟိုအလုပ်အမှုဆောင်အဖွဲ့ စာရင်း
ဦးအောင်ရွှေ - ဥက္ကဋ္ဌ 
ဒေါ်အောင်ဆန်းစုကြည် - အထွေအထွေအတွင်းရေးမှူး
ဦးတင်ဦး - ဒုတိယ ဥက္ကဋ္ဌ 
ဦးချစ်ခိုင် - အတွင်းရေးမှူး 
ဦးဝင်းတင် - အတွင်းရေးမှူး
ဦးလွင် - ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင်
ဦးလွန်းတင် - ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင်
ဦးစိုးမြင့် - ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင်
ဦးသန်းထွန်း - ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင်
ဦးညွန့်ဝေ - ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင်
ဦးလှဖေ - ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင်
ဒေါ်မြင့်မြင့်ခင် ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင်
ဦးအောင်လွင် - ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင်
၂၀၁၃ ခုနှစ်တွင် ပြန်လည် ဖွဲ့စည်းလိုက်သော NLD ဗဟို အလုပ်အမှုဆောင် အဖွဲ့
ဒေါ်အောင်ဆန်းစုကြည် - ဥက္ကဋ္ဌ (ဗဟိုအလုပ်အမှုဆောင်အဖွဲ့) 
ဦးဥာဏ်ဝင်း - ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်
ဦးဟံသာမြင့် - ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်
ဦးအုန်းကြိုင် - ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် 
ဦးဝင်းမြင့် - ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်
ဦးထွန်းထွန်းဟိန် - ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်
ဒေါက်တာ မေဝင်းမြင့် - ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်
ဦးဝင်းထိန် - ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်
ဒေါက်တာ ဇော်မြင့်မောင် - ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်
ဒေါက်တာ အောင်မိုးညို - ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်
ဒေါ်ခင်ဌေးကြွယ် - ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်
နန်းခင်ထွေးမြင့် - ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်
ဦးကျော်ခင် - ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်
ဦးညီပု - ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်
ဒေါက်တာမျိုးအောင် - ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်
အောင်ဘိုဘိုရှိန်၊ ဟိန်းသွင်ထက်
Written by ခွန်းသု
http://www.thevoicemyanmar.com

No comments:

Post a Comment