Tuesday 30 September 2014

၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းအသုံးပြုနိုင်မှု ၇၀ ရာခိုင်နှုန်း မြင့်တက်လာရန် ဆက်သွယ်ရေး ကုမ္ပဏီလေးခု ဆောင်ရွက်မည်ဟုဆို


ပြည်တွင်းမိုဘိုင်းဖုန်း အသုံးပြုနိုင်မှု  ရာခိုင်နှုန်းကိုလာမည့် ၂၀၁၅ အကုန်တွင် လက်ရှိအနေအထားမှ ၇၀ ရာခိုင်နှုန်းအထိ မြင့်တက်လာရန် ပြည်တွင်း၊ ပြည်ပဆက်သွယ်ရေး အော်ပရေတာများဖြစ်သည့် Ooredoo Myanmar, Telenor Myanmar, MPT နှင့် YTP တို့က ရည်မှန်းထားကြောင်း သတင်းရရှိသည်။
ယခုလက်ရှိ အချိန်တွင် မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်း အသုံးပြုသူ အရေအတွက်သည် ကိုးသန်းကျော် ရှိလာပြီဖြစ်ပြီး ဆက်သွယ်ရေး ကုမ္ပဏီလေးခု မပေါ်ပေါက်မီ အချိန်တွင် ပြည်တွင်းမိုဘိုင်းဖုန်း အသုံးပြုသူ ပမာဏသည် ၈သန်း ဝန်းကျင်အထိ ရှိလာခဲ့သည်။

အထက်ပါ ပြည်တွင်း၊ ပြည်ပ ဆက်သွယ်ရေး ကုမ္ပဏီလေးခုသည် ၂၀၁၅ ခုနှစ်အတွင်း တစ်နိုင်ငံလုံးတွင် မိုဘိုင်းဖုန်းအသုံးပြုသူ ၇၀ ရာခိုင်နှုန်းအထိ တိုးတက်လာရန်အတွက် မိုဘိုင်းဖုန်းဆက်သွယ်ရေး ဝန်ဆောင်မှုများကို စတင်ရောင်းချနေပြီဖြစ်သည်။

ယခုလတ်တလောတွင် ကာတာဆက်သွယ်ရေး ကုမ္ပဏီ၏မိုဘိုင်းဖုန်း ဆင်းမ်ကတ်ကို အသုံးပြုသူမှာ MPT အမှတ်တံဆိပ်အသစ် ဆင်းမ်ကတ်များကို အသုံးပြုနေသည့် အရေအတွက်ထက် ပိုမိုများပြားနေသည်။ ယခုလက်ရှိတွင် Ooredoo ဆင်းမ်ကတ် အသုံးပြုသူအရေအတွက်မှာ ၁၅ သိန်း ဝန်းကျင်ရှိလာပြီဖြစ်ပြီး MPT ၏ ဆင်းမ်ကတ် အသစ်များသည် တစ်လအတွင်း လူဦးရေ ၇ သိန်းကျော် အသုံးပြုနေပြီဖြစ်ကြောင်း   သတင်းရရှိသည်။

နော်ဝေဆက်သွယ်ရေး ကုမ္ပဏီ Telenor Myanmar သည် ယခုနှစ်အတွင်း ၎င်းတို့၏ ဆင်းမ်ကတ်များကို အရေအတွက် ဆယ်သန်းအထိ ဖြန့်ချိသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆို ထားသည်။

မြန်မာ့ဆက်သွယ်ရေး ကဏ္ဍတွင် ပြည်တွင်း၊ ပြည်ပဆက်သွယ် ရေးကုမ္ပဏီလေးခု စတင်ယှဉ်ပြိုင် လုပ်ကိုင်နေပြီဖြစ်ပြီး MPT မှလွဲ၍ အခြားဆက်သွယ်ရေး ကုမ္ပဏီသုံးခုသည် ၎င်းတို့၏ ဆက်သွယ်ရေး ကွန်ရက်အသီးသီး ဖြန့်ကြက်မှုအတွက် တာဝါတိုင် လိုအပ်ချက်များလည်း ရှိနေကြောင်း အဆိုပါ ကုမ္ပဏီများနှင့် နီးစပ်သည့် ဆက်သွယ်ရေး အသိုင်းအဝိုင်းမှ စုံစမ်းသိရသည်။

“Telenor က အခုတောင် တာဝါတိုင်လိုအပ်ချက် ရှိနေတယ်။ ကျန်ကုမ္ပဏီ နှစ်ခုကလည်း အခြေခံအဆောက်အဦ ရာနှုန်းပြည့် ပြည့်စုံနေပြီလို့ မရှိသေးဘူး။ အခုအချိန်မှာ သူတို့တွေအနေနဲ့ အခြေခံအဆောက်အဦ မပြည့်စုံသေးဘဲ လုပ်ငန်းတွေစနေ ရတာဆိုတော့ အခက်အခဲအချို့ ရှိနိုင်ပါတယ်။ လာမယ့်နှစ်တွေမှာ နိုင်ငံရဲ့မိုဘိုင်းဖုန်း အသုံးပြုမှု ရာခိုင်နှုန်း တိုးတက်ဖို့ဆိုတာ ဒီကုမ္ပဏီလေးခုစလုံးက ညီညီမျှမျှနဲ့ တန်းတူ ယှဉ်ပြိုင်နိုင်ခွင့် တွေရမှလွယ်ကူ မယ်ထင်တယ်”ဟု ကွန်ပျူတာလုပ်ငန်းရှင် တစ်ဦးက သုံးသပ်ပြောကြားသည်။

ယခုလက်ရှိ မိုဘိုင်းဖုန်း အသုံးပြုသူအရေ အတွက်သည် နှစ်လအတွင်း ၁၇ သိန်းကျော်ရှိလာပြီဖြစ်ပြီး MPT သည် လာမည့် အောက်တိုဘာတွင် နောက်ထပ် ဆင်းမ်ကတ်အရေအတွက် ၁၀ သိန်းကို ထပ်မံရောင်းချဦး မည်ဖြစ်သည်။

-ယုဇနကိုကို
myanmarinternetjournal.

No comments:

Post a Comment