Tuesday 30 September 2014

တောင်ကြီးခရိုင်အတွင်း အုပ်စု ဒု-အုပ်ချုပ်ရေးမှူးအား ရဲတပ်ဖွဲ့ ပစ်သတ်မှု မိသားစုများမကျေနပ်

သျှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ မိုင်းပျဉ်းကျေးရွာမှ NLD ပါတီရပ်ကျေး ဒု-ဥက္ကဋ္ဌ ဦးစိုင်းစံထွန်း သတ်ဖြတ်ခံရမှုတွင် မိုင်းပျဉ်းကျေးရွာ အုပ်စု ရပ်ကျေး ဒု-ဥက္ကဌ ဦးဆွေအား လူသတ်မှု တရားခံဟု ရဲများ သံသယရှိကာ လိုက်လံဖမ်းဆီး ပစ်သတ်ခဲ့သည့်အပေါ် မိသားစုဝင်များက ကျေနပ်မှုမရှိကြောင်း မိသားစုဝင် တဦးကပြော ပါသည်။
မိုင်းပျဉ်းအုပ်စု ရပ်ကျေးဒုဥက္ကဌ ဦးဆွေအား လူသတ်မှုတရားခံဟု သံသယရှိကာတောင်ကြီးမြို့နယ်ရဲများက စက်တင်ဘာ ၁၂ ရက်နေ့က လိုက်လံဖမ်းဆီးရာ ထွက်ပြေးသဖြင့် ရဲများပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည်။
လွန်ခဲ့သည့် ၃ လ က အသတ်ခံရသည့် မိုင်းပျဉ်းကျေးရွာမှ NLD ပါတီရပ်ကျေး ဒု-ဥက္ကဋ္ဌ ဦးစိုင်းစံထွန်းနှင့် မိုင်းပျဉ်း ကျေးရွာ အုပ်စု ရပ်ကျေး ဒု-ဥက္ကဌ ဦးဆွေ တို့သည် ညီအစ်ကိုဝမ်းကွဲတော်စပ်ကြောင်း၊ ဦးဆွေသည် မိုင်းပျဉ်းကျေးရွာ အုပ်စု ရပ်ရွာအတွင်းရေးမှုးအဖြစ် (၂၆) နှစ်တာလုပ်ကိုင်လျက်ရှိပြီး ဟိုပုံးမြို့နယ်တွင် မြေနေရာချထားရေး ကော်မတီ အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း ဦးဆွေ၏ သား တော်စပ်သူ က ရှင်းပြသည်။

“ ကျနော်တို့အဖေ ဘာအပြစ်ရှိ လို့လည်း ဆိုတာ ကျနော်တို့ မိသားစုဝင်တွေကို ရဲတွေကနေ ခုထိသေချာမရှင်းပြ သေးပါဘူး ။ အဖေကိုသေနတ်နဲ့ပစ်ပြီးနောက် ရဲသုံးယောက်က ၀ိုင်း ရိုက်ကြသေးတယ် ” ဟု ဆိုပါသည်။
သံသယရှိရုံအဆင့်ဖြင့် လူတယောက်အား ပစ်သတ်ဖမ်းဆီးမှု ပြုခြင်းမှာ တရားမျှတမှုမရှိကြောင်း မိုင်းပျဉ်းမြို့နယ် ဖာလိုင်း ကျေးရွာ ဒေသခံ တစ်ဦးမှ ပြောကြား သွားသည်။
“ သံသယရှိရုံ အဆင့်လောက်နဲ့အကာအကွယ်လက်နက်မဲ့နေတဲ့ လူတစ်ယောက်ကို ပစ်သတ်ဖမ်းဆီးလိုက်တာ မတရားဘူးလို့မြင်တယ်။ တိုင်းရင်းသားကျေးရွာတွေမှာ ရှိတဲ့နယ်မြေ လုံခြုံမှု ၊ တရားဥပဒေစိုးမိုးမှုမရှိဘူး လို့ခံစားမိတယ်။ ကျနော်တို့ ဒေသမှာ နောက်ထပ်ဒီလိုအဖြစ်မျိုး ထပ်မဖြစ်စေချင်ဘူး ” ဟု ဖာလိုင်း ရွာသား ကပြောသည်။
ယင်းအမှုနှင့်ပတ်သက်၍ ဟိုပုံးမြို့နယ်ရဲမှူးထံဆက်သွယ်မေးမြန်းရာ - “ သံသယရှိလို့ ကျနော်တို့သွားဖမ်းတာ ဖမ်းဝရမ်း တွေမလိုဘူး။ ကျနော်တို့ ခဏခဏ ဆင့်ခေါ်ခဲ့ပါတယ်။ ကျနော်တို့မှာ သက်သေအထောက်အထားတွေရှိတယ်။ သက်သေ တွေရဲ့ထွက်ဆိုချက်အရ လူသတ်မှုနဲ့မသင်္ကာလို့ စစ်ဖို့သူ့ကိုစောင့်နေတာ ဂျူလိုင်လကတည်းကပါ ။ အဲတာ သူ့ကိုသွား ခေါ်တော့ ခြံ အနောက်ဖက်ကို ထွက်ပြေးတယ်။ ကျနော်တို့ရဲတပ်ဖွဲ့ဝင်တွေကနေ လိုက်ဖမ်းရင်းနဲ့ ခလုတ်တိုက်လို့ ကျည်ဆံထွက်သွား တာဖြစ်မှာပါ” ဟု ပြောကြားခဲ့သည်။
ရဲလုပ်ထုံးလုပ်နည်းအရ သွားရောက်ဖမ်းဆီးချိန်တွင် အသာတစ်ကြည်အဖမ်းခံလျင် ဤသို့ ဖြစ်မည်မဟုတ်ကြောင်း ၊ လတ်တလောတွင် သေမှု သေခင်းဖြင့် အမှုဖွင့် ထားကြောင်း ၄င်းကဆက်လက်ပြောပြသည်။
မြေယာကိစ္စနဲ့ပတ်သက်၍ လူသေမှုများဖြစ်ပွားခြင်းအပေါ် ပြည်နယ် အစိုးရတွင် များစွာတာဝန်ရှိကြောင်း တောင်ကြီးမြို့ CSO အသိုင်းအဝိုင်းများကဝေဖန်ကြသည်။
ယင်းပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၊ မိုင်းပျဉ်းဒေသတွင် မြန်မာ စစ်တပ် ခလရ ၂၉၄ ၊ PNO ပြည်သူ့စစ် နှင့် RCSS / SSA သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီတို့ လှုပ်ရှားနေကြောင်းလည်း ဒေသခံများကပြောပါသည်။
သျှမ်းသံတော်ဆင့်၊ ယိင်းတိုင်း

No comments:

Post a Comment