Tuesday 30 September 2014

RCSS/SSA နှင့် PNO ပြည်သူ့စစ်တို့ကြားက ပဋိပက္ခ တင်းမာနေ၍ ဒေသခံတို့ စိုးရိမ်ထိတ်လန့်

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွယ်လွင်ခရိုင်၊ မိုင်းပွန်တိုက်နယ်အတွင်းတွင် စက်တင်ဘာလလယ်မှစတင်ကာ ဖြစ်ပွားခဲ့သော RCSS/SSA နှင့် PNO ပြည်သူ့စစ်တို့၏ ပဋိပက္ခမှာ တင်းမာနေဆဲဖြစ်၍ ဒေသခံအချို့ စိုးရိမ်ထိတ်လန့်နေကြကြောင်း ယင်း ဒေသခံများထံမှ သိရသည်။ အဆိုပါတိုက်နယ်၊ ဆင်ခြေဖုန်းကျေးရွာအုပ်စု၊ လုံအောင်ကျေးရွာနှင့် စံပူးကျေးရွာကြားတွင် နယ်မြေရှင်းလင်းဆောင်ရွက် နေသော PNO ပြည်သူ့စစ်အဖွဲ့ဝင်များသည် စက်တင်ဘာ ၁၂ ရက်နေ့၌ RCSS/SSA ထောင်ထားသောမိုင်းတစ်လုံး နင်းမိ ပေါက်ကွဲခဲ့ရာ ပြည်သူ့စစ် (၃)ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။“ဒဏ်ရာရတဲ့ ၃ ယောက်လုံး တောင်ကြီးဆေးရုံပို့လိုက်ရတယ်၊ အခုထိဆေးရုံကမဆင်းရသေးဘူး၊ ဒါဟာငါတို့အဖွဲ့ကို သက်သက်မဲ့ရန်စတာ၊ အဲဒီကိစ္စအတွက် လုံးဝမကျေနပ်ဘူး” ဟု PNO ပြည်သူ့ စစ်ခေါင်းဆောင် တစ်ဦးကဆိုသည်။
စက်တင်ဘာ ၂၅ ရက်နေ့တွင် နမ့်ထပိုကျေးရွာအုပ်စု၊ ပန်းလောင်ကျေးရွာအနီးတစ်ဝိုက်တွင် PNO ပြည်သူ့စစ်အဖွဲ့နယ်မြေ ရှင်းလင်းရေးဆောင်ရွက်နေစဉ် တောင်ယာလုပ်နေသော ရွာသား(၂)ဦးအား ပစ်ခတ်မှုဖြစ်စဉ် ဖြစ်ပွားခဲ့သည်။
“လုံတွေရွာက စိုင်းဆိုင်ထူးနဲ့ စိုင်းစံပေတို့ကို PNO ပြည်သူ့စစ်အဖွဲ့က သေနတ်နဲ့ပစ်ခဲ့တာပါ၊ အခုလွယ်လင်ပြည်သူ့ဆေးရုံ မှာဆေးကုသမှုခံယူနေပါတယ်” ဟုဆွေမျိုးတော်စပ်သူတစ်ဦးကပြောသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ PNO ပြည်သူ့စစ်အဖွဲ့မှ ခေါင်းဆောင်တစ်ဦးက “ကျွန်တော်တို့နယ်မြေရှင်းလင်းရေးလုပ်တဲ့ နေရာမှာ တွေ့လို့ လှမ်းခေါ်တာပါ၊ ဒါကို သူတို့က ထွက်ပြေးသွားတယ်၊ ရွက်ဆစ်အဖွဲ့ဝင် နှစ်ယောက်ကျွန်တော်တို့ လှုပ်ရှား မှုကိုစုံစမ်းပြီး မိုင်းထောင်နေတယ်ထင်လို့ ပစ်လိုက်တာပါ” ဟုပြောကြားသွားသည်။
ယင်းအဖွဲ့နှစ်ဖွဲ့သည် ပဋိပက္ခများ ဖြစ်ပွားလျက်ရှိရာ အခြေအနေတင်းမာနေ၍ တိုက်ပွဲများဖြစ်ပွားမှာကို ဒေသခံများက စိုးရိမ် ထိတ်လန့်နေကြကြောင်းသိရှိရပါသည်
နိုင်သစ်(တောင်ကြီး)
Shan News

No comments:

Post a Comment