Tuesday 15 July 2014

လားရှိုးမြို့ရှိ ပုဂ္ဂလိကဘဏ်နှစ်ခုအနီး ပေါက်ကွဲမှုဖြစ်စဉ်မှာ နှစ်လ နီးပါး ကြာနေပြီ ဖြစ်သော်လည်း ကျူးလွန်သူများကို ဖမ်းဆီးနိုင်ခြင်းမရှိသေး

ရှမ်းပြည်နယ် လားရှိုးမြို့ရှိ ပုဂ္ဂလိကဘဏ်နှစ်ခုအနီး ပေါက်ကွဲမှုဖြစ်စဉ်မှာ နှစ်လနီးပါးကြာမြင့်နေပြီဖြစ်သော် လည်း ကျူးလွန်သူများကို ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း လားရှိုးမြို့မရဲစခန်းမှ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ဆွေဝင်း က ဇူလိုင် ၁၄ ရက် နံနက်က ပြောကြားသည်။


လားရှိုးမြို့ရှိ ကမ္ဘောဇဘဏ်နှင့် CB ဘဏ်အနီးတွင် အသံမိုင်းပေါက်ကွဲမှု ဖြစ်စဉ်အား မှုခင်းရဲတပ်ဖွဲ့၊ သတင်း ရဲတပ်ဖွဲ့နှင့် နယ်မြေခံရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး စုံစမ်းစစ်ဆေးနေသော်လည်း ကျူးလွန်သူကို ဖမ်းဆီးရန် အချက်အလက်တစ်ခုမှ မရရှိသေးကြောင်း သိရသည်။

အဆိုပါ အသံမိုင်းပေါက်ကွဲမှုဖြစ်စဉ်တွင် တစ်ဦးတစ်ယောက်မှ ထိခိုက်ဒဏ်ရာရရှိမှုမရှိသော်လည်း ပြည် သူများ အထိတ်တလန့်ဖြစ်ပွား ခဲ့မှုကြောင့် အမြန်ဆုံးဖော်ထုတ်နိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။
"ဒီပြစ်မှုကျူးလွန်သွားတဲ့ တရားခံတွေကို အခုချိန်အထိ စုံစမ်းနေတုန်းပါပဲ" ဟု လားရှိုးမြို့မရဲစခန်းတပ်ဖွဲ့မှူး ရဲမှူးတင်ဆွေဝင်းက ဇူလိုင် ၁၄ ရက်က ပြောကြားသည်။

အဆိုပါ အသံမိုင်းဖောက်ခွဲမှုဖြစ်စဉ်အား ကျူးလွန်ခဲ့သူ အသုံးပြုခဲ့သည်ဟု ယူဆထားရသည့် မော်တော်ယာဉ် ကို CCTV ကင်မရာမှတစ်ဆင့် ခြေရာခံ ရရှိထားသော်လည်း ဖော်ထုတ်မှုအပိုင်းတွင် အခက်အခဲများ ရှိနေကြော င်း သိရသည်။ 

လားရှိုးမြို့နယ်အတွင်း အလားတူဖြစ်စဉ်မျိုးထပ်မံဖြစ်ပွားလာပါက ကျူးလွန်သူအား အမြန်ဆုံးဖမ်းဆီးရမိ ရန်နှင့် လားရှိုးမြို့နယ်အတွင်းမှ ကျူးလွန်သူ လွတ်မြောက်သွားခြင်းမရှိစေရန် ရဲတပ်ဖွဲ့အနေဖြင့် လေ့ကျင့်မှု များ ပြုလုပ် လျက်ရှိကြောင်း သိရသည်။

ရဲမှူးတင်ဆွေဝင်းက "လားရှိုးမြို့အတွင်းမှာ ပြစ်မှုဖြစ်စဉ်တစ်ခုဖြစ်ပွားလာရင် တရားခံကို ချက်ချင်းဖမ်းဆီး ရမိ ဖို့နဲ့ ပိတ်ဆို့ကာကွယ်မှုတွေကို ထိရောက်စွာဆောင်ရွက်နိုင်ဖို့ ရဲတပ်ဖွဲ့တွေ စုပေါင်းလေ့ကျင့်မှု တွေပြု လုပ်နေပါတယ်" ဟု ဆက်လက်ပြောကြားသည်။

ဖြစ်စဉ်မှာ မေ ၁၆ ရက် နံနက် ၃ နာရီခွဲခန့်က ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ ၃ ရပ်ကွက်၊ သဇင်လမ်းနှင့် ဗိုလ်ချုပ် လမ်းထောင့် ကမ္ဘောဇဘဏ် (၁) ဘေးရှိ အုတ်ရေမြောင်းအတွင်းမှ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားရာ ကမ္ဘောဇ ဘဏ်၏ တောင်ဘက်အခြမ်းတွင် တပ်ဆင်ထားသော ပြတင်းပေါက်မှန်များကွဲခြင်း၊ အနောက် ဘက် သံတံခါး ပိန်ချိုင့်ခြင်းတို့ဖြစ်ပွားခဲ့သည်။

ထို့ပြင် ကမ္ဘောဇဘဏ်အနောက်ဘက်ရှိ အောင်သီရိ အဆင့်မြင့်ရုပ်ရှင်ရုံ အရှေ့မျက်နှာစာ မှန်ကွဲခြင်း တို့ဖြစ် ပွားခဲ့ပြီးနောက် နံနက် ၃ နာရီ ၃၅ မိနစ်ခန့်တွင် လားရှိုးမြို့၊ ၂ ရပ်ကွက်၊ သိန်းနီလမ်းနှင့် စံကောင်း လမ်းထောင့် CB ဘဏ်၏ အနောက်ဘက်ထရန်စဖော်မာအောက်ခြေတွင် ပေါက်ကွဲမှုတစ်ခု ထပ်မံဖြစ်ပွား ခဲ့ရာ ထရန်စဖော်မာအောက်ခြေတွင် ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ယင်းဖြစ်စဉ်ကို လားရှိုးမြို့မရဲစခန်းမှ ပေါက်ကွဲစေမှုဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

Eleven Media Group

No comments:

Post a Comment