Monday 30 June 2014

မက္ကစီကိုနှင့်ပွဲ ပထမပိုင်းတွင် ဒိုင်ဗင် ထိုးမိခဲ့ကြောင်း ရော်ဘန်ဝန်ခံ

မက္ကစီကိုနှင့်ပွဲ ပထမပိုင်းတွင် မိမိအနေဖြင့် ပင်နယ်တီရရန် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့ကြောင်း အာယန်ရော် ဘန် က ဖွင့်ဟ ပြောကြားခဲ့သည်။

နယ်သာလန် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမားက မိမိသည် ပေါ်တူဂီ ဒိုင်လူကြီး ပက်ဒရို ပရိုယန်ကာကို လှည့်စားပြီး ပင်နယ်တီ ရယူနိုင်ရန် ပထမပိုင်းတွင် ကြိုးပမ်းခဲ့ကြောင်း ဝန်ခံခဲ့သည်။ သို့သော် လည်း ပွဲပြီးခါနီး နောက်ဆုံးမိနစ်တွင် ရရှိသည့် ပင်နယ်တီ၌ မိမိအမှန်တကယ် လူချခံခဲ့ရကြောင်းလည်း ဘိုင်ယန်မြူးနစ် ကစားသမားက ဆိုသည်။ နာကျင်အပိုဆောင်းချိန်တွင် ရော်ဘန်၏ ထိုးဖောက်မှုကို မက္ကစီကို ခံစစ်က ဟန့်တားရာမှ ရရှိလာသော ပင်နယ်တီကို လူစားဝင် တိုက်စစ်သမား ကလာ့စ်ယန် ဟန်တဲလားက အမှားအယွင်း မရှိ ကန်သွင်းပြီး နယ်သာလန်တို့ (၂-၁)ဖြင့် အနိုင်ရကာ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် အဆင့် တက်ရောက်နိုင်ခဲ့သည်။

“ကျွန်တော် တောင်းပန်ရမယ့် ကိစ္စ ရှိပါတယ်။ နောက်ဆုံး ရခဲ့တဲ့ ပင်နယ်တီက မှန်ကန်ပေမယ့် ပထမပိုင်း မှာတော့ ကျွန်တော် ပင်နယ်တီ ရအောင် တစ်ကြိမ် ဒိုင်ဗင် ထိုးခဲ့မိတယ်။ တကယ်တော့ ဒါမျိုးကို ကျွန်တော် မလုပ်ခဲ့သင့်ဘူး” ဟု ရော်ဘန်က ဆိုသည်။ ၎င်းက နောက်ဆုံး ပင်နယ်တီကို ကန်ခွင့် ရသော်လည်း ရာဖေးလ်မားကွက်ဇ်၏ ဖျက်ထုတ်မှုကြောင့် ခြေထောက် အတန်ငယ် နာကျင်နေသဖြင့် ဟန်တဲလားကို အခွင့်အရေး ပေးခဲ့ခြင်းဟုလည်း ရှင်းပြခဲ့သည်။ “ပုံမှန်ဆိုရင် ပင်နယ်တီ ကန်ဖို့က ကျွန်တော့်အတွက် ဘာပြဿနာမှ မရှိပါဘူး။ ဒါပေမဲ့ ခုတစ်ကြိမ်မှာက ကျွန်တော်က ဖျက်ထုတ် ခံထားရတယ်လေ။ ဒီတော့ ဟန်တဲလားကို တာဝန်ပေး သင့်တယ်လို့ ကျွန်တော် ယူဆခဲ့တယ်။ ဒါဟာ သူ့အတွက် တကယ့် အချိန်ကောင်းပါပဲ။ သူ့အတွက် တကယ်လည်း ထိုက်တန်ပါတယ်။ ဂိုးဝင်သွားတဲ့ အချိန်မှာတော့ ကျွန်တော် ချုံးပွဲချ ငိုမိလုနီးပါးထိ စိတ်လှုပ်ရှားခဲ့ပါတယ်” ဟုလည်း ရော်ဘန်က ဖွင့်ဟသွားသည်။

SOCCER MYANMAR 

No comments:

Post a Comment