Monday 30 June 2014

မတူညီမှုများအကြား ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ခြင်းသည် နိုင်ငံရေးဖြစ်သည် ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

အပူပိုင်းဒေသ၏အခြေအနေ အစီရင်ခံစာဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည် အမှာစကား ပြောကြားနေ စဉ်
နိုင်ငံတကာတက္ကသိုလ်နှင့် သုတေသနအဖွဲ့အစည်း ၁၂ ခုမှ ပူးပေါင်းသုတေသန ပြုလုပ်သည့် အပူပိုင်းဒေသ ၏ အခြေအနေ အစီရင်ခံစာ’ ဆွေးနွေးပွဲကို ဇွန် ၂၉ ရက်က မြန်မာနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့တွင် တစ်ပြိုင်နက် ကျင်းပခဲ့ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အမှာစကား ပြောကြားခဲ့ပြီး အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမှာစကားကို စင်ကာပူနိုင်ငံတွင်လည်း တိုက်ရိုက်ထုတ်လွှင့်မှုဖြင့် အခမ်းအနား ကို ဖွင့်လှစ်ခဲ့ကြောင်းလည်း သိရသည်။

အခမ်းအနားဖွင့်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မိမိသည် သိပ္ပံပညာ ရှင် မဟုတ် နိုင်ငံရေးသမား တစ်ဦးသာဖြစ်ကြောင်း၊ ထို့အတွက်ကြောင့် အစီရင်ခံစာအပေါ် နိုင်ငံရေး ရှုထောင့်မှသာ ပြောကြားမည်ဖြစ်ကြောင်း၊ ယခု အစီရင်ခံစာသည် ပြီးပြည့်စုံသည့် အစီရင်ခံစာဖြစ်ကြောင်း၊ တစ်ဦးနှင့်တစ်ဦး စောင့်ရှောက်သည့် ကမ္ဘာတစ်ခု ဖန်တီးရန် အဓိကကျကြောင်း ပြောကြားသည်။

“ကျွန်မတို့ကမ္ဘာဟာ သက်ရှိမျိုးကွဲပေါင်းများစွာ နေထိုင်ရာအရပ် ဖြစ်ပါတယ်။ အားလုံးအတွက် ဒီကမ္ဘာကြီး ကို ပိုပြီးပျော်စရာကောင်းအောင် ဘယ်လိုလုပ်မလဲ။ လူသားတွေဟာ အခြားသော သက်ရှိမျိုးနွယ်တွေ အတွက် အကောင်းဆုံးသခင်တော့ မဟုတ်သေးဘူး။ ဇီဝမျိုး ကွဲပြားမှုဆိုတာ လိုလားတောင့်တစရာထက် မရှိမဖြစ်တဲ့ အရာလို့ ဆိုသင့်တယ်။ ဒီအချက်ဟာ ကျွန်မအနေနဲ့ ဒီ report အပေါ် ထပ်မံဖြည့်စွက်ပေးနိုင်တဲ့ အရာလို့ ထင်ပါတယ်။ နားလည်အောင် ပြောရမယ်ဆိုရင် ဒါဟာ ဇီဝကွဲပြားမှုရဲ့ အရေးကြီးမှုပါပဲ။ ဒီဟာက ကျွန်မတို့ရဲ့ အသက်ရှင်ကျန်မှု အတွက်ပါပဲ။ သာမန် အသက်ရှင်ကျန်မှု မဟုတ်ပါဘူး။ အဓိပ္ပာယ်ရှိတဲ့ အသက်ရှင်ကျန်မှုမျိုးပါ။ မတူညီတဲ့ သက်ရှိတွေကြား၊ လူတွေကြား၊ ယဉ်ကျေးမှုတွေကြား၊ အယူအဆတွေအကြား ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင် နိုင်ကြရပါမယ်။ ဒါဟာ ကျွန်မအတွက်တော့ နိုင်ငံရေးပါပဲ။ နိုင်ငံရေးဆိုတာ ချိတ်ဆက်မှု၊ အားလုံးပါဝင်မှုပါပဲ။ လူတိုင်းဟာ အတူတကွ နေထိုင်နိုင်ဖို့ သင်ယူကြရပါမယ်။ ကမ္ဘာကြီးဟာ အရင်ကနဲ့ မတူတဲ့ ချိတ်ဆက်မှုမျိုးတွေ ရှိနေပါပြီ” ဟု အမှာစကားတွင် ထည့်သွင်းပြောကြားသည်။

ယင်းဆွေးနွေးပွဲ ဇွန် ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် ကျင်းပမည်ဖြစ်ပြီး ပထမနေ့တွင် အပူပိုင်းဒေသ၏ အခြေ အနေ အစီရင်ခံစာနှင့် ပတ်သက်၍ မြေယာအသုံးပြုမှု၊ လူဦးရေ တိုးပွားမှု၊ ကူးစက်ရောဂါများအကြောင်း၊ အနာဂတ်အစားအစာ ဖူလုံမှု၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍနှင့် မိုဘိုင်းဖုန်း နည်းပညာကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ဇီဝမျိုးကွဲများ ထိန်းသိမ်းခြင်း၊ အခန်းကဏ္ဍ၊ အလုပ်သမားများ ရွှေ့ပြောင်းမှု အခန်းကဏ္ဍတို့ကို နိုင်ငံတကာမှ ပညာရှင်များက ဆွေးနွေးခဲ့ကြသည်။

Eleven Media Group 

No comments:

Post a Comment