Monday 30 June 2014

အပူပိုင်းဒေသများ၏အခြေအနေ အစီရင်ခံစာထုတ်ပြန် ပညာရေးကဏ္ဍ အရေးကြီးပုံကို ဒေါ်စု ထောက်ပြ

ကမ္ဘာပေါ်ရှိ အပူပိုင်းဒေသများ၏ ဂေဟစနစ်၊ လူမှုစနစ်(ကျန်းမာရေး၊ ပညာရေး၊ ဆင်းရဲမှု)၊ စီးပွားရေး၊ အုပ်ချုပ်မှုပိုင်းဆိုင်ရာ စသည့် ကိစ္စရပ်များအပေါ် လေ့လာထားသည့် အစီရင်ခံစာတစ်စောင်ကို ရန်ကုန်မြို့၊ ကန်တော်ကြီး ပဲလေ့စ်ဟိုတယ်တွင် ဇွန်၂၉ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။

“ခုခေတ်မှာ နိုင်ငံရေးဆိုတာ အားလုံးချိတ်ဆက်မှုတွေ ရှိနေပါတယ်။ ကျွန်မတို့ အတူတကွယှဉ်တွဲနေထိုင်ဖို့ သင်ယူရပါမယ်။ ကျွန်မတို့ နေထိုင်တဲ့နေရာမှာတင်မဟုတ်ဘဲ တခြားကမ္ဘာမှာပါ ဘာတွေဖြစ်နေတယ် ဆိုတာ သတိပြုဖို့လိုပါတယ်။ ဒီလိုပြုမိဖို့လည်း ပညာရေးက အရေးကြီးပါတယ်”ဟု အစီရင်ခံစာထုတ်ပြန် ကြေညာပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

အပူပိုင်းဒေသများတွင် ဖြစ်တတ်သည့်ရောဂါများ၊ အပူပိုင်းဒေသများတွင်တွေ့ရသည့် ဆေးဝါးများနှင့် ပတ်သက်ပြီး ပြောဆိုရာတွင် ပညာရေးကို ချန်လှပ်ထား၍ မရကြောင်း၊ ဆေးဝါးများဟု ပြောရာတွင်လည်း သုတေသန၊ အချက်အလက်များတွင်မကပဲ ပြည်သူလူထုတစ်ရပ်လုံးအတွက် အရေးကြီးသော ပညာရေးလည်း ပါဝင်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

“ကျန်းမာဖို့ဆိုရင် ပညာတတ်တဲ့ လူထုကိုလိုအပ်တယ်။ ဒါမှ ပြည်သူကသူတို့ ကိုယ်သူတို့ ကူညီနိုင်မယ်၊ စောင့်ရှောက်နိုင်မှာ ဖြစ်ပါတယ်။ ဥပမာ မြန်မာနိုင်ငံမှာ အကြီးမားဆုံးပြဿနာဖြစ်တဲ့ တီဘီရောဂါဆိုရင် ဆေးတွေ အလွယ်တကူရရှိနိုင်မှုနဲ့ တီဘီဆေးတွေကို ပြည်သူက ဘယ်လိုသောက်ရမယ်ဆိုတဲ့ အချက် တွေကြောင့် အခက်အခဲတွေဖြစ်ရတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောသည်။

အစီရင်ခံစာတွင် ချို့တဲ့သော ပညာရေးရလဒ်များ၊ချို့တဲ့သော ကျန်းမာရေးရလဒ်များ၊ လူပေါင်း တစ်ဘီလျံကျော် ခံစားနေရသည့် အပူပိုင်းဒေသဆိုင်ရာ ရောဂါများ၊ လက်သင့်မခံနိုင်သော မွေးကင်းစ ကလေး သေဆုံးနှုန်းများ၊ အခြေအနေအချို့တွင် စီးပွားရေးနှင့် နိုင်ငံရေး မတည်ငြိမ်မှုများ စသည့် အလေး ထား စရာ ကိစ္စများပါဝင်သည်။

ထို့ပြင် ကမ္ဘာကြီး၏အနာဂတ်ကို အပူပိုင်းဒေသများက ဆုံးဖြတ်ပေးမည်ဖြစ်ကြောင်းလည်း အစီရင်ခံစာက ဖော်ပြထားသည်။

“၂၀၅၀ ပြည့်နှစ်မှာဆိုရင် ကမ္ဘာမှာရှိတဲ့ ကလေးငယ်အများစုက အပူပိုင်းဒေသတွေမှာ နေထိုင်ကြမှာဖြစ်တဲ့ အတွက် ကျွန်မတို့ဟာ ထောက်ပံ့ရေးအကူအညီ၊ တည်ဆောက်ပြုပြင်မှု၊ သုတေသနနဲ့ ပညာရေးဆိုင်ရာ ကမ္ဘာ့ဦးစားပေးမှုတွေကို ပြန်လည်ဆင်ခြင်ကြရပါမယ်”ဟု သြစတြေးလျရှိ ဂျိမ်းစ်ကွတ်ခ်တက္ကသိုလ်မှ ဒုတိယ အဓိပတိဖြစ်သူ ပါမောက္ခ ဆန်ဒရာဟာဒင်က ပြောသည်။

အရှေ့တောင်အာရှ နိုင်ငံများတွင် ဆင်းရဲနွမ်းပါးမှုနူန်းမှာ လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ များအတွင်းက ၆၅ ရာခိုင်နူန်း ( ၉၅ သန်း) ခန့် ကျဆင်းခဲ့သည်။ ယခုအခါ ၁၇၅ သန်းထက်နည်းသော လူများမှာ ဆင်းရဲမှုဖြင့် နေထိုင်နေကြရကြောင်း သိရသည်။ 

အရွယ်ရောက်သူများ စာတတ်မြောက်မှုနှုန်းထားမှာ ၉၄ ရာခိုင်နှုန်းဖြစ် ပြီး လူငယ်များစာတတ်မြောက်မှု နူန်းမှာ ၉၈ ရာခိုင်နှုန်းရှိသည်။ အဆိုပါအစီရင်ခံစာကို ကမ္ဘာတစ်လွှားရှိ သုတေသနအဖွဲ့ အစည်းပေါင်း ၁၂ ခုမှ ငါးနှစ်ကြာ သုတေသနကောက်ယူခဲ့ခြင်း ဖြစ်သည်။ အစီရင်ခံစာကို အပူပိုင်းဒေသများဖြစ်သော အာဖရိက အလယ်ပိုင်းနှင့် တောင်ပိုင်း၊ အာဖရိကမြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်း၊ ကရစ်ဘီယံ၊ အမေရိကတိုက်အလယ်ပိုင်း၊ အမေရိကတိုက် တောင်ပိုင်း၊ သမုဒ္ဒရာပိုင်း ဇုန်နိုင်ငံများ၊ အရှေ့တောင်အာရှ နှင့် တောင်အာရှတို့တွင် ကောက်ယူခဲ့ခြင်း ဖြစ်သည်။

Mizzima - News in Burmese 

No comments:

Post a Comment