Sunday 11 May 2014

ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်မှုစနစ် ညှိနှိုင်းရန် နိုင်ငံရေးပါတီများကို ရွေးကောက်ပွဲ ကော်မရှင် တွေ့မည်

ယခုနှစ် ပွင့်လင်းရာသီတွင် ကျင်းပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆွယ် စည်းရုံးခွင့်နှင့် ပတ် သက်ပြီး နိုင်ငံရေးပါတီများနှင့် တွေ့ဆုံညှိနှိုင်းရန် စီစဉ်ထားကြောင်း ပြည်ထောင်စု ရွေးကောက် ပွဲ ကော် မရှင်မှ ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က The Voice သို့ ပြောကြားသည်။
နိုင်ငံရေးပါတီများနှင့် ရွေးကောက်ပွဲ ကော်မရှင်တို့ မေလ ၁၅ ရက်နေ့တွင် တွေ့ဆုံ ဆွေးနွေး မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

လစ်လပ် မဲဆန္ဒနယ်များတွင် သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်သာမက ပါတီဝင် တစ်ဦးဦးက စိတ်ကြိုက် မဲဆွယ် စည်းရုံးခွင့် ရှိသည့် အခွင့်အရေးကို ဆွေးနွေး ညှိနှိုင်းမည် ဖြစ်ကြောင်း ဦးသောင်းလှိုင်က ရှင်းပြသည်။

“လွှတ်တော်ကိုယ်စားလှယ် မအားလို့ သူ့ကိုယ်စား ပါတီဝင်တွေက မဲဆွယ်ခွင့် ရှိတာကို ချပြမယ်။ ဒါပေမဲ့ ဘယ်နှဦးထိ ခွင့်ပြုမလဲ ဆိုတာကို ညှိရမယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ မဲဆွယ်ခွင့် မူကြမ်းကို နိုင်ငံရေးပါတီများထံသို့ ပေးပို့ထားပြီး လစ်လပ် မဲဆန္ဒနယ်များတွင် လွှတ်တော် ကိုယ်စားလှယ်များကို လွတ်လပ်စွာ မဲဆွယ်ခွင့် ပြုရန်အတွက် ရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြ သွား မည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ NDF ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ က ပြောကြားသည်။

“ဘယ်နှယောက်ပဲ ကိုယ်စား မဲဆွယ်ခွင့် ရှိတယ်လို့ ကန့်သတ်လိုက်ရင် ယှဉ်ပြိုင်တဲ့ နေရာမှာ ဘောင်ကျဉ်း သွားနိုင် ပါတယ်” ဟု ၎င်းက ထောက်ပြသည်။

၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများသည် စိတ်ကြိုက် မဲဆွယ် စည်းရုံးခွင့် မရရှိ ခဲ့ကြောင်း၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆွယ် စည်းရုံးခွင့်ကို အနည်းငယ် လွတ်လပ် ခွင့် ပြုခဲ့သော် လည်း ကန့်သတ်ချက်အချို့ ရှိခဲ့ကြောင်း နိုင်ငံရေးပါတီများက ဝေဖန်လျက် ရှိသည်။

နယ်မြေအေးချမ်းမှု မရှိခြင်း၊ အစိုးရအဖွဲ့ဝင် ဖြစ်သွားခြင်း (သို့မဟုတ်) သေဆုံးသွားသော လွှတ်တော် ကိုယ်စားလှယ်များ၏ လစ်လပ်မဲဆန္ဒနယ် ၃၀ ရှိသောကြောင့် ကြားဖြတ်ရွေးကောက်ပွဲကို ယခုနှစ် ပွင့်လင်း ရာသီတွင် ပြုလုပ်မည် ဖြစ်ပြီး ရွေးကောက်ပွဲ ပြုလုပ်မည့် အချိန်ကို မကျင်းပမီ သုံးလ ကြိုတင် ထုတ်ပြန် မည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။

The Voice Weekly

No comments:

Post a Comment