Sunday 11 May 2014

မြန်မာ-အင်ဒိုနီးရှား ဗီဇာ ကင်းလွတ်ခွင့် ယခုလအတွင်း စတင်မည်

အာဆီယံဒေသတွင်း နိုင်ငံများ ပေါင်းစည်းဗီဇာ (Single Visa) အစီအစဉ် မစတင်မီ မြန်မာနှင့် အင်ဒို နီးရှား နှစ်နိုင်ငံ ပြည်ဝင်ခွင့် ဗီဇာ ကင်းလွတ်ခွင့်ကို ယခုလ (မေလ) အတွင်း စတင်နိုင်မည် ဖြစ်ကြောင်း နိုင် ငံတော် သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က The Voice သို့ ပြောကြားသည်။
ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ခွင့်ကို အင်ဒိုနီးရှားနိုင်ငံဘက်က ယခု သီတင်းပတ် အတွင်း စတင်ရန် လျာ ထားသော်လည်း မြန်မာနိုင်ငံဘက်ကမူ မေလအတွင်း စတင်ရန် စီစဉ်နေကြောင်း ၎င်းက ဆက်လက် ပြော ကြားသည်။
“ကျွန်တော်တို့ နိုင်ငံရဲ့ထုံးစံအရ ဒါက ပြီးသွားရင် ဝန်ကြီးဌာနတွေ ချပြီးတော့ ဆုံးဖြတ်ရတယ်” ဟု ဦးရဲထွဋ်က ဆိုသည်။

အင်ဒိုနီးရှားနှင့် မြန်မာနိုင်ငံတို့ကြား ဗီဇာကင်းလွတ်ခွင့် သဘောတူညီမှု စာချုပ်ကို မေလ ၁၀ ရက်နေ့ အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကျင်းပရာ နေပြည်တော်ရှိ MICC ခန်းမတွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

အင်ဒိုနီးရှား ခရီးသွားလာရေးနှင့် စီးပွားရေးအကြံပေး ဝန်ကြီးက ယခုနှစ်ဆန်းပိုင်းကတည်းက မြန်မာနှင့် ဗီဇာကင်းလွတ် အစီအစဉ်ကို အပြီးသတ် ရေးဆွဲထားကြောင်း ထုတ်ဖော် ပြောကြားထားသည်။

ယင်းအပြင် အာဆီယံ ပေါင်းစည်းရေး ဗီဇာအတွက်မူ မြန်မာအာဆီယံ ဥက္ကဋ္ဌ သက်တမ်း ၂၀၁၄ ခုနှစ် အတွင်း အကောင်အထည်ဖော်ရန် အခက်အခဲများ ရှိနေသေးကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

သာမန် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသော မြန်မာနိုင်ငံသားများ အတွက် အင်ဒိုနီးရှားနိုင်ငံ ဘာ လီလေ ဆိပ် ဆိုက်ရောက်ဗီဇာ ကင်းလွတ်ခွင့်ကို ၂၀၁၃ ခုနှစ် ဝန်းကျင်ကတည်းက ခွင့်ပြု ထားပြီး ဖြစ် သည်။

မြန်မာနိုင်ငံသည် ဘရူနိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ ဗီယက်နမ် နိုင်ငံတို့နှင့် ဗီဇာ ကင်းလွတ်ခွင့် သဘောတူ စာချုပ်များ ရေးထိုးထားပြီး မလေးရှားနှင့် စင်ကာပူ နိုင်ငံတို့နှင့်လည်း ဆက် လက် ဆွေးနွေးနေ ဆဲ ရှိသည်။

The Voice Weekly

No comments:

Post a Comment