Sunday 11 May 2014

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ယာဉ်တိုက်မှု များကြောင့် သေ ဆုံးခဲ့သူများအား ရည်စူး၍ အကျွတ်အလွတ်ဒါနပြုပွဲ ပြုလုပ်


 ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ယာဉ်တိုက်မှုဖြစ်စဉ် များကြောင့် သေဆုံးခဲ့သူများအား ရည်စူး၍ အကျွတ်အလွတ် ဒါနပြုပွဲ ပြုလုပ်ပေးကာ အမျှအတန်းဝေမှုများကို မေ ၁၀ ရက် ည ၁၁ နာရီက မိုင်တိုင် ၁၁၆ တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ အကျွတ်အလွတ်ဒါနပြုပွဲ၌ သက်သတ်လွတ်အဖြစ် ထမင်း၊ ပေါင်မုန့်၊ ငှက်ပျောသီးနှင့် ပဲပြား တို့အပြင် ဆိတ်သားဟင်းတို့ကို မကျွတ်မလွတ်သေးသူများအား အစားအစာ ကျွေးမွေးခဲ့သည်။ ထို့အပြင် ဆေးလိပ်၊ ကွမ်း သုံးဆောင်တတ်သူများ အတွက်လည်း ထမင်းထုပ်များထဲတွင် ဆေးလိပ်၊ ကွမ်းတို့ကို ထည့်သွင်းလှူဒါန်းခဲ့ကြောင်း သိရသည်။

“နောက်ပြီး အစ်မ ဒီလမ်းကိုဖြတ်ပြီး ခရီးသွားတိုင်း ဘောင်းဘီရှည်နဲ့ ဆင်တူဝတ်စုံတွေ ၀တ်ထားတဲ့ လူတွေကို ခဏခဏမြင်ယောင်တယ်။ အစ်မရဲ့အဖေကတော့ ဂျပန်ခေတ်က စစ်သားတွေလည်း အများ ကြီးသေ ဖူးတယ်ပြောတယ်။ ဒါကြောင့် ဒီအမြန်လမ်းမမှာ အခုလိုဒါနပြုပွဲ လုပ်ချင်တဲ့ စိတ်တွေပေါ်လာတာ။ အခုလို ဒါနပြုပွဲလုပ်တာလည်း အမတစ်ယောက်ထဲရဲ့ အလှူမဟုတ်ဘူး။ အစ်မတစ်ယောက်ထဲ လုပ်တယ် ဆိုရင်း ဘ၀အဆက် ဆက်က အစ်မနဲ့ဆွေမျိုးတော်ခဲ့ဖူးတဲ့ လူတွေပဲ အမျှအတန်းရမှာ.. ဒါကြောင့် မကျွတ်မလွတ်တဲ့သူတွေအားလုံးကို အမျှအတမ်းရစေချင်လို့ အခုလို စုပေါင်းအလှူလုပ်တာပါ” ဟု မန္တလေးမြို့နယ်တွင် နေထိုင်သည့် ဒေါက်တာ မိုးမိုးလှိုင်က ပြောကြားသည်။

ထို့အပြင် မကျွတ်မလွတ်သေးသူများအား ကျွေးမွေးရာတွင် မိုင်တိုင် ၁၁၆ မိုင် အနီးအနား ပတ်ဝန်းကျင်ရှိ လမ်းဘေးတစ်လျှောက် အစားအစာများကို ချ၍ကျွေးမွေးခဲ့ကြောင်း သိရသည်။

“ဘုန်းဘုန်းတို့ ဒီညတော့ မိုင်တိုင် ၁၁၆ မိုင်အပြင် အနီးအနားပတ် ၀န်းကျင်တွေမှာလည်း မကျွတ် မလွတ်သေးသူများအတွက် အစားအစာတွေ ချကျွေးခဲ့ပါတယ်။ ဆေးလိပ်၊ ကွမ်းသုံးစွဲတတ်သူတွေအတွက် လည်း ထမင်းထုပ်တွေထဲမှာ တစ်ပါတည်း ထည့်သွင်းပေးခဲ့တယ်။ နောက်ပြီး မနက် အမျှအတန်းပေးဝေပွဲ ကို လည်း လာရောက်ကြဖို့ ဖိတ်ကြားမှုတွေ ပြုလုပ်ခဲ့ပါတယ်” ဟု နတ်ရေကန်ကျောင်းတိုက်မှ ဆရာတော် အရှင်သောဘဏက မိန့်ကြားသည်။

ယင်းအပြင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ ယာဉ်တိုက်မှုကြောင့် သေဆုံးခဲ့ရသည့်သူများကို ရည်စူး၍ မေ ၇ ရက် ညနေ ၄ နာရီခွဲတွင် သဲပုံစေတီ တည်ထားခဲ့ကြောင်း သိရသည်။

ယင်း ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလတွင် ယာဉ်တိုက်မှု ၂၃ မှု ဖြစ်ပွားခဲ့ပြီး ၁၁ ဦးသေဆုံးကာ ၃၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဖေဖော်ဝါရီလအတွင်း ယာဉ်တိုက်မှု ၄၀ ဖြစ်ပွားခဲ့ပြီး ၁၃ ဦး သေဆုံးကာ ၅၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ မတ်လတွင် ၄၄ မှု ဖြစ်ပွားခဲ့ပြီး ကိုးဦး၊ သေဆုံးခဲ့ကာ ၈၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဧပြီ (၁ရက်မှ ၂၂ ရက်အထိ) ယာဉ်တိုက်မှု ၄၈ မှု ဖြစ်ပွားခဲ့ပြီး ၂၉ ဦး သေဆုံးခဲ့ ကာ ၁၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

Eleven Media Group

No comments:

Post a Comment