Monday 10 March 2014

မန္တလေးမြို့ ဧရာဝတီမြစ်တစ်လျှောက် လူအုပ်စုဖြင့် ဓားပြဆန်ဆန် ပစ္စည်းလုယူသူ ၁၈ ဦးဖမ်းမိ

Photo: မန္တလေးမြို့ ဧရာဝတီမြစ်တစ်လျှောက် လူအုပ်စုဖြင့် ဓားပြဆန်ဆန် ပစ္စည်းလုယူသူ ၁၈ ဦးဖမ်းမိ
Monday, March 10, 2014

မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီ မြစ်ကြောင်း တစ်လျှောက် ညပိုင်းအချိန် ကုန်တင် စက်လှေ၊ သင်္ဘောများရှိ ပစ္စည်းများကို လူအုပ်စုတစ်စုက ဓားပြဆန်ဆန် တုတ်၊ ဓား၊ လေးခွများဖြင့် ပစ္စည်းလုယူမှုများ ပြုလုပ်နေသူ ၁၈ ဦးကို မတ်လ ၇ ရက်နေ့ နံနက် ၆ နာရီအချိန်တွင် ဖမ်းဆီးရမိပြီး အခြားအမှုများ ကျူးလွန်ခြင်းရှိ မရှိ စုံစမ်း စစ်ဆေးလျက်ရှိကာ မသင်္ကာမှုဖြင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး စိန်ထွန်းက ပြောကြားသည်။
“သူတို့တွေက ဒီလိုမျိုးပြစ်မှုတွေ ကျူးလွန်လို့ စစ်ကိုင်းတိုင်းဘက်မှာ နေလို့ မရတဲ့အတွက် ရှမ်းကလေးကျွန်း အနီးမှာရှိတဲ့ သဲသောင်မှာ လာနေတယ်။ တံငါသည်၊ တောင်ယာ လုပ်တယ်ဆိုပြီး အယောင် ဆောင်နေတယ်။ ညဘက်ကျမှ ဒီလိုမျိုး လုယက် ခြိမ်းခြောက်တာတွေ လုပ်တယ်လို့ ဝန်ခံတယ်။ အရင် လုယက်ခံရတာတွေက သူတို့ကျူးလွန်လား ဆိုတာကို စစ်ဆေးနေတယ်” ဟု ခရိုင် ဒုတိယရဲမှူးကြီး စိန်ထွန်းက ဆိုသည်။

မြစ်ကြောင်း တစ်လျှောက်ရှိ ရေယာဉ်ပေါ်များတွင် ပစ္စည်းခိုးယူ ခြိမ်းခြောက်လုယူမှုများ ဖြစ်ပွားနေသဖြင့် ပူးပေါင်းဗဟို အဖွဲ့သုံးဖွဲ့၊ ပိတ်ဆို့ရေးအဖွဲ့ ငါးဖွဲ့နှင့်အတူ ညပိုင်းအချိန်တွင် ပူးပေါင်း ဖမ်းဆီးရေး လုပ်ဆောင် ခဲ့ကြောင်း၊ အဆိုပါ သဲသောင်ပြင်တွင် နေထိုင်သူ ၁၆ ဦးကို မတ်လ ၇ ရက် နေ့ နံနက် ၆ နာရီအချိန်တွင် စက်လှေခုနစ်စီး၊ ရဲတပ်ဖွဲ့ဝင် အင်အား ၁၀၆ ဦးဖြင့် ဖမ်းဆီးရမိကာ ၎င်းတို့နှင့်အတူ စက်လှေနှစ်စီး၊ သင်္ဘောအခွံ လေးစီး၊ ဆိုင်ကယ်ငါးစီး၊ နို့ဆီးဘူး ခုနစ်လုံး၊ ဆန်အိတ် ငါးအိတ်တို့ပါ ဖမ်းဆီးရမိပြီး အမရပူရမြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် ပြစ်မှုပုဒ်မ ၃၈၀/၅၄ အရ မသင်္ကာမှုဖြင့် အမှုဖွင့် အရေးယူထားလျက် ရှိကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းအရ သိရသည်။

“သူတို့ကို ဖမ်းမိပေမယ့်လည်း လုံခြုံရေးကို ဆက်တိုက် ချမှတ်သွားမှာပါ။ စစ်ကိုင်းတိုင်းထဲမှာ ရှိတဲ့ နောက်ကြည့် ကျွန်းမှာလည်း တစ်ရွာလုံးနီးပါး ရှိတယ်။ အဲဒီဘက်တွေ ကနေပြီးတော့ ရောက်လာနိုင်တယ်” ဟု အဆိုပါရုံးမှ တာဝန်ရှိသူက ဆိုသည်။

မန္တလေးမြို့ဂေါဝိန် ဆိပ်ကမ်းတွင် ၂၀၁၃ ခုနှစ် အောက်တိုဘာလအတွင်း လုယက်မှုများ စတင်ဖြစ်ပွား ခဲ့သဖြင့် ယင်းလပိုင်းမှ စတင်၍ လုံခြုံရေး ကြီးကြပ် လုပ်ဆောင်လျက် ရှိကြောင်း ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး၊ ဧရာဝတီဌာနခွဲမှ တာဝန်ရှိသူထံမှ သိရသည်။

“ခုနောက်ပိုင်းတော့ ဂေါဝိန် ဆိပ်ကမ်းမှာ ခိုးယက်မှုတွေ နည်းသွားသလောက်တော့ တွေ့ရပါတယ်” ဟု အဆိုပါ တာဝန်ရှိသူက ဆိုသည်။

ဧရာဝတီ မြစ်ကြောင်း တစ်လျှောက်တွင် ညပိုင်းအချိန် ဆိုက်ကပ်သော ကုန်တင်စက်လှေ၊ သင်္ဘောများကို လွန်ခဲ့သည့် ရက်သတ္တတစ်ပတ်ခန့်မှ စတင်ပြီး စစ်ကိုင်းတိုင်းဒေသကြီး နောက်ကြည့်ကျွန်းရှိ လူအုပ်စု တစ်စုတို့မှ ဓားပြဆန်ဆန် ကုန်ပစ္စည်းများကို တုတ်၊ ဓား၊ လေးခွများ ကိုင်ဆောင်၍ လုယူမှုများ ဖြစ်ပွားလေ့ ရှိသဖြင့် မဟာအောင်မြေမြို့နယ် မြစ်ကြောင်း တစ်လျှောက် စက်လှေသုံးစီး၊ အောင်မြေသာစံမြို့နယ် တစ်စီး၊ ပုသိမ်ကြီးမြို့နယ်၊ အမရပူရမြို့နယ်တွင် စက်တပ်လှေများ နယ်မြေရဲတပ်ဖွဲ့မှ လူအင်အား ၅၀ ကျော်ဖြင့် ညပိုင်းအချိန် လှည့်ကင်းပတ်၍ ဆောင်ရွက် နေရကြောင်း အဆိုပါ တာဝန်ရှိသူက ရှင်းပြသည်။

The Voice Weekly

No comments:

Post a Comment