Monday 10 March 2014

မြန်မာနိုင်ငံတွင် သတင်းလွတ်လပ်ခွင့် အပြည့်အ၀ မရရှိသေးကြောင်းနှင့် သတင်းမီဒီယာများ အနေဖြင့်လည်း တာဝန်ယူမှု ရှိရမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား

စုဖောင်ဒေးရှင်း ဖွင့်ပွဲအခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ နာမည်ကျော် သရုပ်ဆောင် မီရှဲယိုအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

မြန်မာနိုင်ငံတွင် သတင်းမီဒီယာလွတ်လပ်ခွင့် အပြည့်အ၀ မရရှိသေးကြောင်းနှင့် မြန်မာမီဒီယာများ အနေဖြင့် လည်း လွတ်လပ်ခွင့်နှင့်အတူ တာဝန်ယူမှုပါရှိအောင် ကြိုးပမ်းကြရမည်ဖြစ်ကြောင်း အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မတ် ၉ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် ဆရာစံ ပလာဇာတွင် ကျင်းပသော စုဖောင်ဒေးရှင်း ဖွင့်ပွဲအခမ်းအနား မိန့်ခွန်းတွင် ထည့်သွင်းပြောကြား ခဲ့သည်။


နိုင်ငံတစ်နိုင်ငံတွင် ဒီမိုကရေစီစနစ် အောင်မြင်စွာ ဖြစ်ထွန်းလာနိုင်ရန်အတွက် လွတ်လပ်သော မီဒီယာများ ၏ အခန်းကဏ္ဍမှာ အရေးပါကြောင်း၊ မီဒီယာများသည် အာဏာရှိသူများကို ထောက်ပြပြောဆိုပြီး ပြည်သူကို မှန်ကန်သော သတင်းအချက်အလက်များ ပေးနေခြင်းဖြစ်သောကြောင့် မီဒီယာများသာ လွတ်လပ်စွာရေး သားခွင့် မရှိဘူး ဆိုပါက အာဏာရှိသူများ၏ ချယ်လှယ်မှုကိုသာ ခံနေရဦးမည်ဖြစ်ကြောင်းနှင့် လက်ရှိအချိန် တွင် သတင်းလွတ်လပ်ခွင့်သည် ယခင်ကထက် များစွာတိုးတက်လာပြီ ဖြစ်သော်လည်း အပြည့်အ၀ မရရှိသေးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

“မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်ဟာ အရင်ကထက်စာရင် အများကြီး တိုးတက်လာပါတယ်။ သတင်း မီဒီယာတွေ လွတ်လွတ်လပ်လပ်ရေးသားခွင့် ရလာတယ်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံမှာ သတင်းလွတ်လပ် ခွင့် အပြည့်အ၀ ရပြီလားလို့ ကျွန်မကို မေးမြန်းမယ်ဆိုရင်တော့ မရသေးဘူးလို့ပဲ ကျွန်မဖြေရမှာပါ။ မြန်မာနိုင်ငံမှာ သတင်းမီဒီယာ လွတ်လပ်ခွင့်ကို အကာအကွယ်ပေးတဲ့ ဥပဒေတွေ မရှိသေးပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

သို့သော် သတင်းမီဒီယာများ အနေဖြင့်လည်း သတင်းလွတ်လပ်ခွင့်ကို တောင်းဆိုနေသည့်နည်းတူ တာဝန် ယူမှု လည်းရှိအောင် ကြိုးပမ်းရမည်ဖြစ်ကြောင်းကို ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြား ခဲ့သည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီနည်းကျ လူမှုအဖွဲ့အစည်းတစ်ခုကို တည်ထောင်ရာတွင် လူတိုင်းလူတိုင်းသည် လွတ်လပ်ခွင့်နှင့်အတူ တာဝန်ယူမှုပါရှိအောင် ကြိုးပမ်းမွေးမြူကြရမည် ဖြစ်ကြောင်းကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

တရားဝင်မီဒီယာ မဟုတ်ဘဲ ပြည်သူများအပေါ် သက်ရောက်မှုရှိနေသော အွန်လိုင်းပေါ် အထူးသဖြင့် လူမှု ကွန်ရက် များပေါ်မှ ၀ါဒဖြန့် အမုန်းပွားအောင် ပြုနေသူများ၏ တာဝန်ယူမှုနှင့် ပတ်သက်၍လည်း မည်သို့ ထင်မြင် ယူဆပါသနည်းဟု Eleven Media Group က မေးမြန်းခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က ပြန် လည်ဖြေကြား ခဲ့ရာတွင် “အွန်လိုင်းတွေပေါ်မှာ ရေးသားချက်ကတော့ ပုဂ္ဂိုလ်တစ်ဦးချင်းရဲ့ တာဝန်ယူမှုကိုပဲ ကြည့်ရမှာပေါ့။ ကိုယ်ရေးတဲ့ ကိစ္စအတွက် ကိုယ်တာဝန်ယူရမယ်။ တာဝန်ယူစိတ် ရှိတဲ့သူကတော့ မဟုတ်တာ မမှန်တာတွေ ရေးမှာမဟုတ်ဘူး” ဟု ဖြေကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုသောအားဖြင့် အဆိုပါ စုဖောင်ဒေးရှင်းကို တည်ထောင်ခဲ့ခြင်းဖြစ်ပြီး မြန်မာပြည်သူများ၏ ကျန်းမာရေးနှင့် ပညာရေးများကို အကူအညီပေးနိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။ စုဖောင်ဒေးရှင်း၏ ဂုဏ်ထူးဆောင် ဥက္ကဋ္ဌများအဖြစ် အမေရိကန်သမ္မတ ဟောင်းဘုရှ်၏ ဇနီးလော်ရာဘုရှ်နှင့် အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဟောင်း ဟီလာရီကလင်တန်တို့က ပူးတွဲတာဝန်ယူ မည်ဖြစ် သည်။ စုဖောင်ဒေးရှင်း တရားဝင်ဖွင့်ပွဲကို East West Center နှင့် ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး နိုင်ငံပေါင်း ၃၁ နိုင်ငံမှ သတင်းမီဒီယာသမားများ တက်ရောက်ခဲ့သည်။

Eleven Media Group

No comments:

Post a Comment