Friday 21 February 2014

ငြိမ်းချမ်းရေးကို သွားရာတွင် လူထုအပေါ် လက်တွေ့အကျိုးဖြစ်နိုင်သည့် လမ်းကြောင်းကိုသာ သွားစေလိုဟု KNU/KNLA ရှင်းလင်း

ဖေဖော်ဝါရီ ၂၀ ရက်က KNU/KNLA ငြိမ်းချမ်းရေးကောင်စီ ဗဟိုကော်မတီဝင် ဗိုလ်မှူးချုပ်ဒေါက်တာတင်မိုသီ မီဒီယာများနှင့် တွေ့ဆုံနေစဉ်

ငြိမ်းချမ်းရေးကို သွားရာတွင် လူထုအပေါ် လက်တွေ့အကျိုးဖြစ်နိုင်သည့် လမ်းကြောင်းကိုသာ သွားစေ လိုပြီး အပစ်အခတ်ရပ်စဲရေးကို လက်မှတ်ရေးထိုးနိုင်ဖွယ် မရှိဟု KNU/KNLA ငြိမ်းချမ်းရေးကောင်စီ ဗဟိုကော်မတီဝင် ဗိုလ်မှူးချုပ် ဒေါက်တာတင်မိုသီက ဖေဖော်ဝါရီ ၂၀ ရက်က ရန်ကုန်မြို့၌ မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးသည့် အခါတွင် Nationwide Ceasefire၊ ပြည်နယ်အဆင့် Ceasefire ဆိုပြီး ရှုပ်နေကြောင်း၊ ၎င်းတို့အနေဖြင့်မူ လူထုဖွံ့ဖြိုးမှုရှိပါက ငြိမ်းချမ်းရေးလည်း ရနိုင်မည်ဟု ယူဆပြီး ငြိမ်းချမ်းရေးကို တိုတိုတုတ်တုတ် လမ်းကြောင်းဖြင့်သာ သွားလိုပြီး လက်တွေ့လူထုအပေါ်တွင် အကျိုးရှိမည့် အရာကိုသာ မြင်စေချင်ကြောင်း၊ ခရီးရှည်နေသည့် အခါတွင် နောက်ကြောင်း ပြန် ဆွဲနိုင်ကြောင်း ဗိုလ်မှူးချုပ် တင်မိုသီက ပြောကြားသည်။

"ကျွန်တော်တို့က ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးပဲ။ အဲဒါနဲ့တွဲပြီးတော့ ပြည်နယ်ဖွံ့ဖြိုးရေး၊ ပြည်နယ်ဖွံ့ဖြိုးမယ်၊ လူထုတွေ ဖွံ့ဖြိုးလာတာနဲ့အမျှ ငြိမ်းချမ်းရေးက တွဲလာမယ်။ ဖွံ့ဖြိုးမှုတွေ နှောင့်နှေးနေမယ်ဆိုရင် အစိုးရ ပင်ပန်းသလို ကျွန်တော်တို့လည်း ပင်ပန်းလိမ့်မယ်" ဟု ၎င်းက ဆိုသည်။

KNU/KNLA ငြိမ်းချမ်းရေးကောင်စီ အနေဖြင့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးတွင် လက်မှတ် မထိုးရန်များကြောင်း၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့အဖွဲ့မှာ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးကိုသာ ဦးတည်သည့်အဖွဲ့ ဖြစ်သည့်အတွက် လက်မှတ်ထိုးပြီးမှ လက်တွေ့တွင် ပျက်သွားပါက အဆိုပါအထဲတွင် ၎င်းတို့အဖွဲ့ မပါဝင်လိုခြင်းကြောင့်ဖြစ်ကြောင်း ဗိုလ်မှူးချုပ်တင်မိုသီက ပြောကြားသည်။

"ကျွန်တော်တို့ပါချင်တာက လူထုအကျိုးပြုတဲ့ လုပ်ငန်းတွေ၊ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ၊ တိုင်းပြည်စိတ်ချမ်း သာတဲ့ ငြိမ်းချမ်းရေးကိုပဲ ကျွန်တော်တို့ သွားချင်တယ်။ နိုင်ငံရေး ကစားတာကြောင့် ဘယ်သွားရမှန်းမသိတဲ့ အရှုပ်အထွေးတွေတော့ ကျွန်တော်တို့ မဖြစ်ချင်ဘူး" ဟု ၎င်းကဆိုသည်။

KNU/KNLA ငြိမ်းချမ်းရေးကောင်စီ အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ဒုတိယအကြိမ် ထိပ်သီး ညီလာခံဖြစ်သည့် လော်ခီးလာညီလာခံသို့ လေ့လာသူအဖြစ် တက်ရောက်ခဲ့သည်။ အဆိုပါ ညီလာခံမှ ဆုံးဖြတ်ခဲ့သော အစိုးရနှင့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲအတွက် ဆွေးနွေးရာတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက အသုံးပြုမည့် စာချုပ်မူကြမ်းတွင်လည်း အခြား လက်နက် ကိုင်အဖွဲ့ ၁၆ ဖွဲ့နှင့်အတူ သဘောတူလက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။ 

Eleven Media Group

No comments:

Post a Comment