Friday 14 February 2014

ကလေးငယ်များ အနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းကို စံနမူနာယူပြီး တိုင်းပြည်အတွက် သာမက လူသားများအတွက်ပါ တန်ဖိုးရှိသူတစ်ယောက် ဖြစ်လာအောင် ကြိုးစားရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

ကလေးငယ်များ အနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းကို စံနမူနာယူပြီး နိုင်ငံ့ထိပ်တန်း ခေါင်းဆောင် တစ်ယောက်သာမက တစ်ကမ္ဘာလုံးက အသိအမှတ်ပြုရသော ခေါင်းဆောင်တစ်ယောက်ဖြစ်အောင်၊ တိုင်းပြည် အတွက်သာမက လူသားများ အတွက်ပါ တန်ဖိုးရှိသူ တစ်ယောက်ဖြစ်လာအောင် ကြိုးစားကြရန် ဖေဖော်ဝါရီ ၁၃ ရက်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ် အဖြစ် ထုတ်ပြန်သည့် အသံဖိုင်တွင် ဒေါ်အောင်ဆန်းစုကြည်က ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အထိမ်းအမှတ် အမှတ်တရစကား ပြောကြားရာတွင် တိုက်တွန်းခဲ့သည်။


ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ကို မြန်မာနိုင်ငံ ကလေးများနေ့အဖြစ် သတ်မှတ်ထားတာ အင်မတန်မှ သင့်လျော်တယ်လို့ မြင်ကြောင်း၊ ဖခင်ဖြစ်သူ သေဆုံးချိန်တွင် ၎င်းသည် နှစ်နှစ်အရွယ်သာ ရှိသေးကြောင်း မိခင်ဖြစ်သူ၏ သင်ကြားမှုအရ ဖခင်သည် အင်မတန် ဖြောင့်မတ်သည့် ပုဂ္ဂိုလ်တစ်ဦးလို့ နားလည်ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“မေမေက ဖေဖေ့အကြောင်း ပြောပြလို့ရှိရင် ပထမဦးဆုံး အရေးကြီးတာက ရိုးသားဖို့၊ ဖြောင့်မတ်ဖို့၊ မှန်ကန်ဖို့၊ သူတစ်ပါးကို အကောက်မကြံဖို့။ ဒုတိယ အရေးကြီးတာက တိုင်းပြည်ကိုချစ်ဖို့ ကိုယ့်ရဲ့နိုင်ငံသူ နိုင်ငံသားတွေပေါ်မှာ ကရုဏာမေတ္တာ ထားနိုင်ဖို့ တတိယကတော့ ပညာ၊ ပညာရှာတဲ့ နေရာမှာ စိတ်ထက်သန်ဖို့ စာကြိုးစားဖို့ စာတော်ဖို့။ စာတော်ဖို့ ဆိုတာက အတန်းထဲမှာ အမှတ်ရဖို့ကို ပြောတာမဟုတ်ပါဘူး။ ကိုယ်သင်တဲ့ ကိစ္စတွေ ကိုယ်သင်ယူတဲ့ ကိစ္စတွေကို အသုံးကောင်းကောင်း ချနိုင်ဖို့ မှန်မှန်ကန်ကန် အသုံးချနိုင်အောင်လို့။ နောက်စတုတ္ထကမှ သတ္တိလို့ ပြောပါတယ်။ ဘာဖြစ်လို့ ဒီလိုပြောလဲလို့ စဉ်းစားကြည့်လို့ရှိရင် သတ္တိဆိုတာ အကောင်းအတွက်လည်း ဖြစ်နိုင်တယ်။ အဆိုးအတွက်လည်း ဖြစ်နိုင်တယ်။ အရှေ့ကအရာတွေ အားလုံးပါသွားပြီဆိုရင် ကိုယ့်သတ္တိဟာ မှန်ကန်တဲ့သတ္တိပဲ ဖြစ်လိမ့်မယ်။ ဘယ်သူ့ကိုမှ မတရား မလုပ်ချင်ဘူး။ နောက်ပြီး ကိုယ့်တိုင်းပြည်ကိုချစ်တယ်။ ကိုယ်နိုင်ငံသူ နိုင်ငံသားတွေကို တိုးတက်စေချင်တယ်”ဟု ၎င်းကဆိုသည်။

ဗိုလ်ချုပ်အောင်ဆန်း ကွယ်လွန်သည်မှာ နှစ်ပေါင်း ၇ဝ နီးပါး ရှိပြီဖြစ်သော်လည်း မြန်မာနိုင်ငံသူ နိုင်ငံသား များက ဗိုလ်ချုပ်အောင်ဆန်းအား ချစ်ခင်လေးစား ကြည်ညိုနေသည့် စိတ်များရှိကြောင်း၊ ယင်းကဲ့သို့  ချစ်ခင်လေးစား ကြည်ညိုသည့်စိတ်တွေ ဖြစ်လာအောင် ဗိုလ်ချုပ်အောင်ဆန်း အနေဖြင့် မည်ကဲ့သို့သော ဘဝမျိုးကို ဖြတ်သန်းခဲ့သလဲ ဆိုသည်ကို လေ့လာဖို့ လိုအပ်ကြောင်း၊ ကလေးများ အနေဖြင့် ဗိုလ်ချုပ်အောင် ဆန်း ဆိုပြီး စဉ်းစားရာတွင် ဂုဏ်ဘက်ကို မကြည့်ဘဲ ဗိုလ်ချုပ်အောင်ဆန်းကို မည်သည့်အတွက်ကြောင့်  ပြည်သူများက ချစ်ခင်၊ လေးစား၊ ကြည်ညိုလဲ ဆိုသည့် အကြောင်းရင်းကို သေချာစွာ လေ့လာရန် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့သည်။

Eleven Media Group

No comments:

Post a Comment