Friday 14 February 2014

မြန်မာ-အမေရိကန် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ ဆောက်မည်

လျှပ်စစ်ဓာတ်အား လိုအပ်ချက် မြင့်မားနေသော မြန်မာနိုင်ငံအတွက် လျှပ်စစ် ၈၂ မဂ္ဂါဝပ် ထုတ်လုပ်နိုင် မည့် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံတစ်ရုံ တည်ဆောက်ရန် မြန်မာအစိုးရနှင့် အမေရိကန် အခြေစိုက် လျှပ်စစ်စွမ်းအင် အလျင်အမြန် ထုတ်လုပ် အသုံးပြုရေး နယ်ပယ်တွင် ကမ္ဘာ့ရှေ့တန်း ရောက်နေသည့် ARP Energy ကုမ္ပဏီတို့ စာချုပ် ချုပ်ဆိုလိုက်ကြောင်း ARP Energy ကုမ္ပဏီက ထုတ်ပြန် ကြေညာသည်။

အဆိုပါ လျှပ်စစ်စွမ်းအင် ၈၂ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် သဘာဝဓာတ်ငွေ့သုံး စက်ရုံကို မြန်မာ့လျှပ်စစ် စွမ်းအင် လုပ်ငန်း (MEPE) အတွက် ARP Energy ကုမ္ပဏီက ထောက်ပံ့ပေးခြင်း ဖြစ်ကြောင်း ယင်း ထုတ်ပြန်ချက် အရ သိရှိရသည်။

စက်ရုံကို ကျောက်ဆည်ဒေသတွင် တည်ဆောက်မည် ဖြစ်ပြီး ယင်းစက်ရုံမှာ မြန်မာနိုင်ငံ၏ ပမာဏ အကြီးမားဆုံး အပူစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ (Thermal Plant) ဖြစ်လာမည် ဖြစ်ပြီး လူပေါင်း ခြောက်သန်းကျော်ကို လျှပ်စစ်ဓာတ်အား ထောက်ပံ့ပေးမည် ဖြစ်သည်။

ယင်းကဲ့သို့သော စာချုပ် ချုပ်ဆိုမှုသည် စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းလိုက်သည့် ၂၀၁၃ ခုနှစ်နောက်ပိုင်း အမေရိကန် အခြေစိုက် ကုမ္ပဏီတစ်ခုနှင့် မြန်မာအစိုးရကြား ပထမဆုံး လက်မှတ် ရေးထိုးလိုက်သည့် စွမ်းအင် ထုတ်လုပ်ရေးဆိုင်ရာ သဘောတူညီချက် ဖြစ်သည်။

အဆိုပါ ဓာတ်အားပေးစက်ရုံတွင် ရွေ့လျားနိုင်သော ဓာတ်ငွေ့သုံး စွမ်းအင် ထုတ်လုပ်ရေးစက်များ အသုံးပြုမည် ဖြစ်သောကြောင့် ယင်းစက်ရုံမှာ မြန်မာနိုင်ငံ၏ စွမ်းအင် ထုတ်လုပ်ရေး စက်ရုံများတွင် အသန့်ရှင်းဆုံး စက်ရုံအဖြစ် မှတ်တမ်းဝင်မည် ဖြစ်ကြောင်း ယင်းကုမ္ပဏီက ကတိပြုထားသည်။

အဆိုပါ ဓာတ်အားပေးစက်ရုံ စီမံကိန်းကို ၂၀၁၄ ခုနစ် ဒုတိယ လေးလပတ် အတွင်းတွင် စတင်မည်ဖြစ်ပြီး ၂၀၁၅ ခုနှစ် နောက်ပိုင်းထိ ကြာမြင့်မည် ဖြစ်သည်။

“ဖွံ့ဖြိုးစ ဈေးကွက်တွေမှာ စီးပွားရေးလုပ်ရင် စိန်ခေါ်မှု အများကြီး ကြုံရပါတယ်။ အဓိက စီးပွားရေး ပြုပြင်ပြောင်းလဲမှု မူဝါဒ ချမှတ် အကောင်အထည်ဖော်ရေး၊ အခြေခံ အဆောက်အဦ စိန်ခေါ်ချက်တွေကို ရပ်ဆိုင် ဖြေရှင်းရေး၊ နိုင်ငံစီးပွားရေး အလားအလာတွေကနေ အကျိုးအမြတ် ရရှိအောင် လုပ်ဆောင်ရေး စတာတွေ ပါဝင်ပါတယ်။ အမေရိကန် စီးပွားရေး လုပ်ငန်းတွေရဲ့ အတွေ့အကြုံ ရင့်ကျက်မှု၊ အခြေခံမူတွေ အပေါ် လိုက်နာဆောင်ရွက်မှု၊ ပွင့်လင်းမြင်သာမှု စတဲ့ ချဉ်းကပ်နည်းတွေက အဲဒီလိုမျိုး အားထုတ်မှုတွေကို ကူပံ့ပေးနိုင်ပါလိမ့်မယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ် က ပြောကြား သည်။

မြန်မာနိုင်ငံသား သုံးပုံတစ်ပုံမှာ ယနေ့ကာလတွင် လျှပ်စစ်မီးမရှိဘဲ နေထိုင်နေရကြောင်း၊ ယင်းကြောင့် မြန်မာနိုင်ငံ လျှပ်စစ်မီးဈေးကွက်မှာ ARP ၏ မဟာဗျူဟာမြောက် ဈေးကွက် ဖြစ်လာမည် ဖြစ်ကြောင်း ARP Energy အာရှ-ပစိဖိတ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဌာန အကြီးအကဲ ကလီတာတွန်က ပြောဆိုသည်။

The Voice Weekly

No comments:

Post a Comment