Friday 14 February 2014

ဂျပန်၊ ဒိုင်ဝါနှင့် မြန်မာ့သကြား ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီတို့ ပူးပေါင်းရန် ဆွေးနွေး

ဂျပန်နိုင်ငံ၊ ဒိုင်ဝါအဖွဲ့အစည်း(Daiwa)နှင့် မြန်မာ့သကြားဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီ (MSD) တို့ နှစ်ရှည်ရင်းနှီးမြှုပ်နှံမှုများ ပူးပေါင်းဆောင်ရွက်ရန် ဒိုင်ဝါမှ အလုပ်အမှုဆောင် Mr. Go Fuji Yama မှ တာဝန်ရှိသူများနှင့် ဖေဖော်ဝါရီ ၁၃ ရက်တွင် လာရောက် ဆွေးနွေးညှိနှိုင်းခဲ့သည်။


“ဇန်န၀ါရီ ၃၁ ရက်၊ တိုကျိုမှာ ပြုလုပ်ခဲ့တဲ့ ဂျပန်-မြန်မာ စီးပွားရေးဆွေးနွေးပွဲမှာ ဒိုင်ဝါအဖွဲ့အစည်းနဲ့တွေ့ ဆုံခဲ့ပါတယ်။ သူတို့က MSD နဲ့ လုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိပါတယ်။ အခုကတော့ MSD ရဲ့ လတ်တလောလုပ်ဆောင်ချက်တွေ၊ စီမံကိန်းတွေကို လာရောက် လေ့လာတာပါ။ ဂျပန်ကိုပြန်ရောက် ရင် တွေ့ရှိချက်တွေကို ဆွေးနွေးဆုံးဖြတ်ပြီး ဘယ်လိုရင်းနှီးမြှုပ်နှံမှုတွေ လုပ်မယ်ဆိုတာ အကြောင်းပြန် မှာ ဖြစ်ပါတယ်။ နောက်တစ်ခေါက်လာရင် ကသာနဲ့ ရှမ်းပြည်ဘက်က ကြံစိုက်ခင်းတွေကို သွားရောက် လေ့လာမှာဖြစ်ပါတယ်”ဟု MSD မှ မန်နေးဂျင်းဒါရိုက်တာ ဦးဝင်းဌေးက မဇိ္ဈမကို ပြောသည်။

ဒိုင်ဝါအဖွဲ့အစည်းသည် အထက်မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ဆန္ဒရှိပြီး မြန်မာ့သကြား ဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီနှင့် ပူးပေါင်း၍ တောင်သူများအတွက် အသေးစားချေးငွေလုပ်ငန်း များ ဆောင်ရွက်ပေးရန်နှင့် စိုက်ပျိုးရန် လုပ်ငန်းများဆောင်ရွက်ရန် ရည်ရွယ်ခြင်းဖြစ်သည်။

“ဒိုင်ဝါက မြန်မာနိုင်ငံဗဟိုဘဏ်နဲ့ သဘောတူစာချုပ်ချုပ်ဆိုပြီး stock exchange လုပ်ငန်းတွေကို လုပ် ဆောင်နေတဲ့ အဖွဲ့အစည်းပါ။ MSD နဲ့ပူးပေါင်းမှာကတော့ တောင်သူတွေအကျိုးနဲ့ စိုက်ပျိုးရေးလုပ်ငန်း တွေမှာ ရင်းနှီးမြှုပ်နှံဖို့ပါ။ စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ နည်းပညာတွေ ရရှိနိုင်မှာ၊ ရင်းနှီးမြှုပ်နှံမှု တိုးတက် လာမှာတွေကြောင့် ကုမ္ပဏီအတွက်သာမက နိုင်ငံအတွက်ပါ အကျိုးအမြတ်ရရှိနိုင်ပါတယ်။ ဒိုင်ဝါနဲ့ ပူး ပေါင်းပြီး နှစ်ရှည်ရင်းနှီးမြှုပ်နှံမှု လုပ်မယ်လို့တော့ အကြမ်းဖျင်း ပြောလို့ရပါတယ်။ ရင်းနှီးမြှုပ်နှံမယ့် ပမာ ဏကတော့ သဘောတူလက်မှတ်ထိုးပြီးမှ ထုတ်ပြန်နိုင်မှာဖြစ်ပါတယ်”ဟု ဦးဝင်းဌေးက ဆိုသည်။

မြန်မာ့သကြားဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီတွင် ရှယ်ယာတန်ဖိုး အမေရိကန်ဒေါ်လာ ၁၀ သန်းရှိ ပြီး ရှယ်ယာရှင် ၃၀၀ ကျော်ရှိကြောင်း သိရသည်။

ရှယ်ယာတစ်စုတန်ဖိုးမှာ စတင်ရောင်းချချိန်က ကျပ်တစ်သောင်းဖြစ်ပြီး ယခုအခါ ကျပ် ၁၁,၀၀၀ သို့ မြင့် တက်လာသည်။ အမေရိကန်ဒေါ်လာ ၈၅ သန်း ရင်းနှီးမြှုပ်နှံလုပ်ကိုင်မည့် Kamadhenu Ventures Myanmar Ltd အများပိုင်ကုမ္ပဏီကို ၂၀၁၃ ခုနှစ် နိုဝင်ဘာလ၂၆ ရက်၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကော်မ ရှင်က ခွင့်ပြုလိုက်ပြီဖြစ်သောကြောင့် ဒီဇင်ဘာလမှ လုပ်ငန်းများ စတင် ဆောင်ရွက်လျက်ရှိသည်။

အဆိုပါကုမ္ပဏီက စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်၊ စကားကုန်းကျေးရွာအုပ်စုတွင် တစ်နေ့လျှင် သကြားတန် ၅,၀၀၀ ထုတ်လုပ်နိုင်မည့် သကြားစက်ရုံ၊ သကြားစက်ရုံမှ ဘေးထွက်ပစ္စည်း များဖြင့် တစ်ရက်လျှင် ၃၅ ကီလိုဂရမ် ထုတ်လုပ်မည့် အီသနောစက်ရုံ၊ တစ်ရက်လျှင် ၃၀-၃၅ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် လျှပ်စစ်ဓာတ်အားထုတ်စက်ရုံ၊ တစ်ရက်လျှင် တန် ၈၀ ထုတ်လုပ်နိုင်မည့် သဘာဝ ဓာတ်မြေသြဇာစက်ရုံနှင့် အဆင့်မြင့်နည်းပညာဖြင့် စိုက်ပျိုးမည့် ကြံစိုက်ခင်းများကို အကောင်အထည် ဖော် လုပ်ကိုင်သွားမည်ဖြစ်သည်။

ဆောက်လုပ်ရေးလုပ်ငန်းများကို ဒီဇင်ဘာလမှ စတင် အကောင်အထည်ဖော်နေပြီဖြစ်ပြီး သကြားစက်ရုံ ကို ၂၀၁၄ ခုနှစ်၊ နှစ်ဆန်းတွင် စတင် ဆောက်လုပ်မည်ဖြစ်ကာ ဆောက်လုပ်ရေးကာလ ၁၄ လ သတ် မှတ်ထားကြောင်း သိရသည်။ Kamadhenu Ventures Myanmar Ltd အများပိုင် ကုမ္ပဏီသည် အဆိုပါ လုပ်ငန်းများအပြင် သီလ၀ါဆိပ်ကမ်းစီမံကိန်းတွင်လည်း ပါဝင်ထားကြောင်း သိရသည်။

မြန်မာ့သကြားဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီ (MSD)ကို ၂၀၁၂ ခုနှစ် ဇွန်လတွင် စတင်တည် ထောင်ခဲ့ပြီး စင်ကာပူနိုင်ငံမှEngenius Investments Limited နှင့် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလတွင် ပူး ပေါင်းခဲ့ခြင်းဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment