Friday 14 February 2014

ဖေ့စ်ဘွတ်ခေတ် ကုန်တော့မည်ဟု လေ့လာဆန်းစစ်ချက်များက ဆို


ဖေ့စ်ဘွတ်အသုံးပြုမှုသည် လာမည့်နှစ်များအတွင်း အလျင်အမြန် ကျဆင်းလာဖွယ်ရှိရာ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလသို့အရောက်တွင် အသုံးပြုမှု ၂၀ ရာခိုင်နှုန်း ကျဆင်းသွားမည်ဟု အွန်လိုင်းဝက်ဘ်ဆိုဒ်တစ်ခု ဖြစ်သော ArXiv.org. တွင် ဖော်ပြထားသော အစီရင်ခံစာအရ သိရသည်။ နာမည်ကျော် လူမှုကွန်ရက် ကြီးသည် ဆက်တိုက်ကျဆင်းလာဖွယ်ရှိပြီး ၂၀၁၅ ခုနှစ်နှင့် ၂၀၁၇ ခုနှစ် ကြားတွင် အမြင့်ဆုံးအသုံးပြု သည့် အရေအတွက် ရာခိုင်နှုန်း ၈၀ ဆုံးရှုံးရလိမ့်မည်ဟု ဆိုသည်။


ဖေ့စ်ဘွတ်သည် ကူးစက်ရောဂါတစ်ခုကဲ့သို့ တစ်ဟုန်ထိုးပုံစံဖြင့် ပျံ့နှံ့လာသော်လည်း ပြန်လည်မှေးမှိန် သွားလိမ့်မည် ဖြစ်သည်ဟု အမေရိကန်သုတေသနပညာရှင်များ၏ သုတေသနရလဒ်အရ သိရသည်။ ၎င်းတို့၏ လေ့လာချက်အရ လူမှုရေးကွန်ရက်တစ်ခုဖြစ်သော ဖေ့စ်ဘွတ်သည် ၂၀၁၇ ခုနှစ်သို့အရောက်တွင် အသုံးပြုနေသူအပေါင်း၏ ရာခိုင်နှုန်း ၈၀ ကို ဆုံးရှုံးရလိမ့်မည် ဖြစ်သည်။

ပရင်စတန်တက္ကသိုလ်မှ စက်မှုအင်ဂျင်နီယာနှင့် လေကြောင်းအာကာသအင်ဂျင်နီယာ ပညာတို့ဖြင့် ပါရဂူ ဘွဲ့ယူရန် ကျမ်းပြုနေသူနှစ်ဦးက သူတို့၏ လေ့လာချက်စာတမ်းကို အွန်လိုင်း၌ ဖော်ပြခဲ့ခြင်းဖြစ်သည်။ MySpace ၏ အတက်အကျအပေါ်တွင် အခြေခံ၍ ဂျွန်ကန်နာရယ်လာနှင့် ဂျိုရွှားစပက်ချယ်လာတို့ နှစ်ဦးက သမိုင်းတွင် အကြီးမားဆုံး အွန်လိုင်းလူမှုရေး ကွန်ရက်ဖြစ်သော ဖေ့စ်ဘွတ်သည် အကြီးအကျယ် ကျ ဆင်းသွားတော့မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“သဘောကတော့ ရောဂါတွေလိုပါပဲ၊ လူတွေကြားမှာ အကြီးအကျယ် ကူးစက် ပျံ့နှံ့မယ်။ နောက်တော့ အခါအားလျော်စွာ အရှိန်ကုန်သွားမှာပဲ။ ဒါကို ကူးစက်ရောဂါ ပျံ့နှံ့တဲ့ ပုံစံတွေနဲ့ အောင်အောင်မြင်မြင် ရှင်း ပြနိုင်ပါတယ်” ဟု ၎င်းတို့က ရေးသားခဲ့သည်။

သူတို့သည် ဂူးဂဲလ်တွင် အများပြည်သူ ရယူနိုင်သော အချက်အလက်များကို အသုံးပြုလျက် အွန်လိုင်း လူမှုရေးကွန်ရက်များကို အသုံးပြုသူများ၏ သဘောထားကို ရှင်းပြရန် ရောဂါပျံ့နှံ့ပုံကို ဖော်ပြသည့်ပုံစံ ကို အထူးပြု သုံးစွဲခဲ့သည်။ ၎င်းတို့၏ လေ့လာဖော်ပြချက်က ကမ္ဘာတစ်လွှား၌ အသုံးပြုသူပေါင်း ၁ ဒသမ ၁ ဘီလျံရှိနေပြီး ၁၀ နှစ် သက်တမ်းရှိ ဖေ့စ်ဘွတ်ကို တည်ထောင်သူ မက်ဇူကာဘတ်အတွက် မသက် မသာဖြစ်သွားစေသည်ဟု ဆိုသည်။

Mizzima - News in Burmese

No comments:

Post a Comment