Sunday 6 October 2013

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲတွင် ကေအိုင်အို ပါဝင်လာရေးမှာ အစိုးရ၏ နိုင်ငံရေးအာမခံချက်၊ စစ်ရေး အာမခံချက်တို့ အပေါ် မူတည်ဟုဆို

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးတွင် ကချင် လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ပါဝင်လာရေးမှာ အစိုးရ၏ နိုင်ငံရေး အာမခံချက်၊ စစ်ရေး အာမခံချက် ပေးမှုအပေါ်တွင် မူတည်နေဟု အစိုးရနှင့် ကေအိုင်အိုတို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဖြစ်မြောက်ရေးအတွက် ကြားဝင်ဆောင် ရွက်ပေးနေသည့် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) မှ ဦးဆန်းအောင်က ပြောကြားသည်။
အစိုးရနှင့် ကေအိုင်အို အလုပ်အဖွဲ့တို့ အောက်တိုဘာ ၂ ရက်၊ ၃ ရက်တို့တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ တွေ့ဆုံကာ တပ်ပိုင်းဆိုင်ရာ နေရာချထားရေး ၊ လေ့လာစောင့်ကြည့် သည့်အဖွဲ့များထားရှိရေး၊ ဒုက္ခသည်များ နေရာချထားရေး၊ တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး စသည့် ခေါင်းစဉ်လေးခုကို အဓိကထား ဆွေးနွေးခဲ့ကြပြီး နှစ်ဖက်ခေါင်းဆောင်ပိုင်းများ ပါဝင် မည်ဖြစ်သော အောက်တိုဘာ ၈၊ ၉ နှင့် ၁၀ ရက် ဆွေးနွေးပွဲတွင် လေ့လာသူများအဖြစ် မည်သူများ ပါဝင်မည် ဆိုသည်ကို အတည်ပြု ဆွေးနွေးခဲ့ကြောင်း သိရသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးတွင် ကေအိုင်အိုအဖွဲ့ ပါဝင်ရေးနှင့် ပတ်သက်ပြီး ဦးဆန်းအောင်က ''တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲမှာ ကေအိုင်အို ပါဝင်လာဖို့ဆိုတာက သုံးသပ် ဖို့ စောလွန်း တယ်။ အစိုးရဘက်က တပ်ပိုင်းဆိုင်ရာမှာ ဘယ်လောက်ထိ အာမခံချက် ပေးနိုင်မလဲ ဆိုတာပေါ်မှာ မူတည်ပါတယ်။ အစိုးရက ယုံကြည်အောင် ဘယ်လောက်ထိ ပြင်ဆင်လာသလဲဆိုတာမှာ မူတည်တယ်။ အခုက ကြိုတင်ပြီးမှ ပြောရတာ ခက်ပါတယ်''ဟု The Daily Eleven သတင်းစာ၏ မေးမြန်းမှုအား ပြန်လည်ဖြေကြားသည်။

''နိုင်ငံရေး အာမခံချက်၊ စစ်ရေး အာမခံချက်တွေကို သူတို့က လိုချင်ပါတယ်။ အရင်တုန်းက လည်း နိုင် ငံရေး ဆွေးနွေးပွဲ လုပ်ဖို့ ၁၇နှစ် စောင့်ခဲ့ပေမယ့် မလုပ်ဘဲနဲ့ စစ်ပွဲပဲလာတယ်ဆိုတဲ့ အခါကျတော့ မယုံကြည်ဘူး ဖြစ်နေတယ်။ အဲဒီ မယုံကြည်တဲ့ဟာကို ယုံကြည်အောင် အစိုးရဘက်က ဘယ်လိုလုပ် လာမလဲဆိုတဲ့ ဟာပေါ် အခြေခံပြီး တစ်ပြည်လုံးအတိုင်းအတာ အပစ်ရပ် လက်မှတ်ရေးထိုး မထိုးဆိုတာ အဲဒီအပေါ်မှာ အခြေခံသွားပါလိမ့်မယ်''ဟု ဦးဆန်းအောင်က ဆက်လက်ပြောကြားသည်။

နိုင်ငံရေး ဆွေးနွေးမှုများအတွက် ပိုမို ခိုင်မာသည့် အာမခံချက် ရရှိနိုင်စေရန် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးမှု ပြီးပါက နိုင်ငံရေး ဆွေးနွေးပွဲများ အစပြုနိုင်ရန် လိုအပ်မည့် ပြင်ဆင်မှု များဖြစ်သော နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ မူဘောင်များ ညှိနှိုင်းခြင်း၊ ရေးဆွဲခြင်းများကို တစ်ပြိုင်နက် တည်း လုပ်ဆောင်သွားမည် ဖြစ်သည်ဟု နိုင်ငံတော်သမ္မတက အောက်တိုဘာ ၁ ရက်က ပြည်သူ များသို့ ပြောကြားခဲ့သည့် ရေဒီယိုမိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသည်။

မူဘောင်ကိစ္စဆိုင်ရာ ညှိနှိုင်းမှုများကို အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့များနှင့် တိုင်းရင်းသား အဖွဲ့အစည်းအသီးသီးတို့ အဆင့်ဆင့် ညှိနှိုင်းရေးဆွဲ၍ သဘောတူညီမှု ရရှိအောင် ဆောင်ရွက် သွားမည်ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။

နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ မူဘောင်များ သဘောတူညီချက် ရရှိပြီးသည်နှင့် နိုင်ငံရေးဆွေးနွေးပွဲများကို အစပြုပြီး တစ်ပြည်လုံးအတိုင်းအတာ လွှမ်းခြုံနိုင်သော အမျိုးသားအဆင့် ငြိမ်းချမ်းရေးဆိုင်ရာ ညီလာခံ တစ်ရပ် ကျင်းပရန် ဦးတည်ချက်ထား လုပ်ဆောင်သွားရမည် ဖြစ်ကြောင်း၊ နိုင်ငံရေး ဆိုင်ရာ ဆွေးနွေး ပွဲများ၊ အမျိုးသားအဆင့် ငြိမ်းချမ်းရေးဆိုင်ရာ ညီလာခံကျင်းပခြင်းနှင့် ပတ်သက်၍ မည်သို့မည်ပုံ ကျင်းပမည် အချိန်ကာလ မည်မျှ သတ်မှတ်ထားရှိမည်၊ ကိုယ်စားလှယ်များ ဘယ်လို ရွေးချယ်မည်နှင့် ဘယ်လိုကိစ္စရပ်များကို ဆွေးနွေးမည်ဆိုသော လုပ်ငန်းစဉ် အဆင့်ဆင့်ကို ဆွေးနွေးညှိနှိုင်းမှုများအပေါ် အခြေခံကာ ပြည်သူလူထုတစ်ရပ်လုံးအား အလျဉ်းသင့်သလို တင်ပြသွားမည်ဟု နိုင်ငံတော် သမ္မတ က ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment