Monday 30 September 2013

သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်း၏ ဒုတိယအဆင့် အကျိုးတူ ပူးပေါင်းမှု သဘောတူညီချက် (Joint Venture Agreement) ကို အောက်တိုဘာလ တွင် လက်မှတ်ရေးထိုးမည်




သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်း၏ ဒုတိယအဆင့်ဖြစ်သည့် အကျိုးတူ ပူးပေါင်းမှု သဘောတူညီချက် (Joint Venture Agreement) ကို ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလတွင် လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း သီလ၀ါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီမှ သတင်းရသည်။



အဆိုပါ သဘောတူညီချက်အား မြန်မာအစိုးရ၊ ဂျပန်အစိုးရ၊ မြန်မာသီလ၀ါ အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးမှု အများပိုင် ကုမ္ပဏီနှင့် ဂျပန်နိုင်ငံမှ ပုဂ္ဂလိက ကုမ္ပဏီအစုအဖွဲ့တို့ ပူးပေါင်း၍ လက်မှတ်ရေး ထိုးသွားမည် ဖြစ်သည်။

"မြန်မာ-ဂျပန် နှစ်နိုင်ငံ အစိုးရအဖွဲ့၊ မြန်မာဘက်က အများပိုင် ကုမ္ပဏီနဲ့ ဂျပန်ကုမ္ပဏီတွေ ပူးပေါင်းထားတဲ့ အဖွဲ့တွေ အားလုံးပါတဲ့ JV ကုမ္ပဏီ တစ်ခု စတင်တည်ထောင်ဖို့ လာမယ့်အောက်တိုဘာမှာ Joint Venture Agreement ကို လက်မှတ်ရေးထိုး သွားမှာပါ" ဟု သီလ၀ါ အထူးစီးပွားရေး ဇုန် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြားသည်။

၂၁ ရာစုအတွင်း ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အများဆုံး ဖြစ်လာနိုင်သည့် သီလ၀ါ အထူးစီးပွားရေးဇုန် ပထမအဆင့် အကောင်အထည်ဖော်ရန် ဂျပန်-မြန်မာ နှစ်နိုင်ငံ သဘောတူ လက်မှတ်ရေးထိုးမှုကို ၂၀၁၃ ခုနှစ်၊ မေ ၂၅ ရက်က ပြုလုပ်ခဲ့သည်။

သီလ၀ါ အထူးစီးပွားရေးဇုန် ပထမအဆင့် အနေဖြင့် ရင်းနှီးမြှုပ်နှံ မည့် ငွေကြေး အား တွက်ချက်ခြင်း၊ ရင်းနှီးမြှုပ်နှံမည့် ငွေကြေးအပေါ် တွင် နှစ်နိုင်ငံ အသီးသီး ထည့်ဝင်ရမည့် ငွေကြေးအချိုးအဆအား တွက်ချက်ခြင်းနှင့် အဆိုပါ ထည့်ဝင်ရမည့် ငွေကြေးပမာဏ အပေါ်တွင် နှစ်နိုင်ငံမှ ရှယ်ယာထည့်ဝင်မည့် ရှယ်ယာရှင်များအား ရှယ်ယာရောင်းချခြင်း လုပ်ငန်းစဉ်များ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။               

သီလ၀ါ အထူးစီးပွားရေးဇုန်အား ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်း (သို့) ၂၀၁၄ နှစ် ဆန်းပိုင်းတွင် တည်ဆောက်ရေး လုပ်ငန်းများ စတင်မည်ဖြစ်ပြီး၊ ၂၀၁၅ တွင် အပြီးတည်ဆောက် သွားမည်ဟု သိရသည်။ လက်ရှိတွင် အဆိုပါ အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် ဒေသခံများအား သီးနှံလျော်ကြေး၊ အသက်မွေးဝမ်းကြောင်း ဆုံးရှုံးများအတွက် နစ်နာကြေးများ စတင်ပေး အပ်နေပြီ ဖြစ်သည်။

သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် ဖယ်ရှားပေးရမည့် မြေနေရာ များအတွက် ဒေသခံများအား နစ်နာကြေး အမျိုးအစား အနေဖြင့် ၁၃ မျိုးခန့် ခွဲခြားသတ်မှတ်ထားကြောင်း သိရသည်။ အဆိုပါ နစ်နာကြေး အမျိုးအစားများတွင် ဒေသခံများ အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရေး ဦးစားပေး ခန့်ထားခြင်းများလည်း ပါဝင်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ သီလ၀ါ အထူးစီးပွားရေးဇုန်၊ ကျောက်ဖြူ အထူးစီးပွားရေး ဇုန်နှင့် ထားဝယ် အထူးစီးပွားရေးဇုန် စသည့်အထူးစီးပွားရေးဇုန် စီမံကိန်း သုံးခုရှိနေပြီး၊ သီလ၀ါ အထူးစီးပွားရေးဇုန်မှာ ပင်လယ်ရေနက်ဆိပ်ကမ်း ပါဝင်ခြင်း မရှိသည့် တစ်ခုတည်းသော အထူးစီးပွားရေးဇုန် တစ်ခုဖြစ်သည်။ သို့ရာတွင် သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်းကိုသာ ဂျပန်နိုင်ငံ အပါအ၀င် နိုင်ငံတကာမှ စိတ်ဝင်စားမှု ရှိနေကြခြင်း ဖြစ်သည်။ 

Eleven Media Group
သီလ၀ါဆိပ်ကမ်း နယ်မြေတွင် ပုဂ္ဂလိက ကုမ္ပဏီတစ်ခုမှ ဆီတင်ဆီချ ဆိပ်ကမ်းတစ်ခု တည်ဆောက်နေသည်ကို တွေ့ရစဉ်

No comments:

Post a Comment