Monday 30 September 2013

၂၀၁၄ ခုနှစ်တွင် သန်းခေါင်စာရင်း ကောက်ယူမည် ဆိုခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်မှ တရားမ၀င် ၀င်ရောက်မှု ပိုမိုများပြားလာ




၂၀၁၄ ခုနှစ်တွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမည် ဆိုသောကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဘင်္ဂါလီများ တရားမ၀င် ၀င်ရောက်မှု ပိုမိုများပြားလာကြောင်း ရခိုင်တိုင်းရင်းသား ဒေသခံများ က ပြောကြား သည်။

စက်တင်ဘာ ၂၉ ရက်တွင် ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ စီးပွားရေး ဗဟိုဌာန (IBC) တွင် ပြုလုပ်သော ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး မိသားစု တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းထံသို့ ရခိုင်ပြည်နယ် အရေးကိစ္စများနှင့် ပတ်သက် ၍ ဆွေးနွေး ရာတွင် ထိုသို့ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။



မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် ခြံစည်းရိုးများ ကာရံထားသော်လည်း လုံခြုံမှု အပြည့်အ၀ မရခြင်း၊ ချောင်းများအတွင်း လှေများခိုးဝင် ခိုးထွက် များပြားနေခြင်းတို့ကြောင့် ဘင်္ဂါလီများ ခိုးဝင်မှုများ ရှိနေသေးကြောင်းလည်း ရခိုင်တိုင်းရင်းသားများက ဆိုသည်။

"နဂါးမင်း စီမံချက်တုန်းက အကုန်လုံး တစ်ဖက်နိုင်ငံကို ထွက်ပြေး သွားကြပေမယ့် အခုအခါမှာတော့ သန်းခေါင်စာရင်း ကောက်ယူမယ်လို့ ကြားတဲ့အတွက် လူတွေဟာ တစိမ့်စိမ့်နဲ့ ရေစိမ့်သလို စိမ့်ဝင်လာနေတယ်" ဟု ရခိုင်တိုင်းရင်းသား တစ်ဦးဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးဘိုမင်းဖြူက ပြောကြားသည်။

၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေတွင် တိုင်းရင်းသားအဖြစ် မပါဝင်ဘဲ ၎င်းတို့ သည် တိုင်းရင်းသားဖြစ်ကြောင်း ပြောဆိုနေခြင်းသည် ဥပဒေမဲ့ လုပ်ရပ်ဖြစ်ကြောင်းနှင့် ၁၉၈၂ ခုနှစ် ဥပဒေကို အကြွင်းမဲ့ ထောက် ခံကြောင်း ရခိုင် တိုင်းရင်းသားများက ပြောကြားသည်။

"ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ဥပဒေအားလုံးရဲ့ အချုပ်ပါ။ White Card ဆိုတာကို ဒီဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ရှာကြည့်ပါတယ်။ လုံးဝမတွေ့ ပါဘူး။ ၁၉၈၂ နိုင်ငံသား ဥပဒေမှာလည်း ဒီ White Card ဆိုတာဟာ လုံးဝမပါရှိပါဘူး။ အဲဒါကြောင့် White Card ဆိုတာကို တင်ပြနေတာဟာ ဥပဒေမဲ့ တင်ပြနေခြင်းသာဖြစ်ကြောင်း ကျွန်တော်တင်ပြ လိုပါတယ်" ဟု ဦးဘိုမင်းဖြူက ဆက်လက်ပြောကြား သည်။

၂၀၁၄ ခုနှစ်တွင် သန်းခေါင်စာရင်း ကောက်ယူရာ၌ ၁၉၈၂ ခုနှစ် နိုင်ငံ သားဖြစ်မှု ဥပဒေကို အလေးထား ကောက်ခံသင့်ကြောင်းလည်း ရခိုင်တိုင်း ရင်း သားများက တိုက်တွန်းပြောဆိုခဲ့ကြသည်။

Eleven Media Group

No comments:

Post a Comment