Sunday 29 September 2013

ကျောက်ဖြူ အထူးစီးပွားရေးဇုန် အကြံပေးကုမ္ပဏီ ၃၀ ကျော် လျှောက်ထား

ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း အကောင်အထည် ဖော်ရာတွင် အကြံပေးကုမ္ပဏီ ခေါ် ယူနိုင်ရန်အတွက် ပြည်တွင်း၊ ပြည်ပရှိ စိတ်ဝင်စားသော ကုမ္ပဏီများကို ဖိတ်ခေါ်ရာ နိုင်ငံပေါင်း ၁၆ နိုင်ငံမှ ကုမ္ပဏီ ၃၁ ခုက စိတ်ဝင်စားမှုရှိသည်ဟု တင်ပြလာကြကြောင်း တင်ဒါ စိစစ်အကဲဖြတ် ရွေး ချယ်ရေး ကော်မတီ (BEAC) ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်သိမ်း က ပြောကြားသည်။

အဆိုပါ စိတ်ဝင်စားမှု ရှိကြောင်း ဖော်ပြချက် (Expression of Interest-EOI) ကို စက်တင်ဘာလ ၂၅ ရက်နေ့က နောက်ဆုံးထား လက်ခံပြီးနောက် စိတ်ဝင်စားမှုရှိသော ကုမ္ပဏီများအနက် တရုတ်နိုင်ငံက ငါးခု၊ စင်ကာပူနိုင်ငံက လေးခု၊ အမေရိကန်ပြည်ထောင်စုနှင့် ဂျာမနီနိုင်ငံတို့က သုံးခုစီနှင့် အများဆုံးဖြစ်ပြီး အကြံပေး ကုမ္ပဏီအဖြစ် လျှောက်ထားသော ကုမ္ပဏီ အများစုသည် တည်ဆောက် ရေးပိုင်းဆိုင်ရာ ကုမ္ပဏီတစ်ခု၊ အကြံပေး ကုမ္ပဏီတစ်ခုနှင့် ပြည်တွင်း မြန်မာကုမ္ပဏီ တစ်ခုတို့ ပါဝင်သော Consortium များ ဖြစ်ကြကြောင်း BEAC ၏ တွဲဖက် အတွင်းရေးမှူး ဦးအောင်ကျော်သန်းက ပြောကြားသည်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန်သည် ကျန်အထူး စီးပွားရေးဇုန် စီမံကိန်း နှစ်ခုကဲ့သို့ အစိုးရချင်း ပူးပေါင်း ဆောင်ရွက်သည့် စီမံကိန်း မဟုတ်ဘဲ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြစ်စေ မည့်၊ အလုပ်အကိုင် အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်မည့် စီမံကိန်း ဖြစ်လာရန် နိုင်ငံတကာမှ အတွေ့အကြုံရှိ ကုမ္ပဏီများနှင့် ရင်းနှီး တည်ဆောက်သွားမည် ဖြစ်ကြောင်း BEAC အတွင်းရေးမှူး ဦးမြင့်သိန်း က ပြောကြား သည်။

ကျောက်ဖြူ စီမံကိန်းကို မြန်မာနိုင်ငံ၏ အတုယူစရာ စီမံကိန်း တစ်ခု ဖြစ်လာစေရန် ပွင့်လင်းမြင်သာမှု အရှိဆုံးဖြစ်ရေး ကြိုးစားလျက် ရှိကြောင်း BEAC အဖွဲ့ဝင် ရှေ့နေ ဦးသန်းမောင် (စစ်တွေ) က ဆိုသည်။
“ရှေ့က မှားခဲ့တဲ့ အမှားတွေ၊ မသိခဲ့တာတွေကို ဒီအချိန်မှာ သင်ခန်းစာ ယူရမယ်။ အခုရှုပ်မှ နောင်ရှင်း မယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ EOI တင်ထားသော ကုမ္ပဏီများအနက်မှ ဆန်ခါတင် စာရင်းကို စက်တင်ဘာ လကုန် တွင် ရွေးချယ်ကာ အောက်တိုဘာလ ၁ ရက်နေ့တွင် အကြံပေးအဖွဲ့ တင်ဒါအဆိုပြုလွှာ စတင်ခေါ်ယူသွား မည် ဖြစ်ပြီး နိုဝင်ဘာလ ၂၇ ရက်နေ့တွင် တင်ဒါအောင်သည့် အကြံပေး ကုမ္ပဏီအဖွဲ့ကို ထုတ်ပြန်သွား မည် ဖြစ်ကြောင်း BEAC ထံမှ စုံစမ်းသိရှိရသည်။

ကျောက်ဖြူ အထူးစီးပွားရေး စီမံကိန်း စတင်သည့် အချိန်မှစ၍ ဆောင် ရွက်နေသည့် လုပ်ငန်းစဉ်များကို ပွင့်လင်းမြင်သာမှု ရှိစွာ ထုတ်ပြန်လျက် ရှိပြီး ဒေသခံများ၏ အကျိုးစီးပွား ထိခိုက်နစ်နာမှု မရှိစေရန် အတွက် တင်ဒါစိစစ်အကဲဖြတ် ရွေးချယ်ရေး ကော်မတီ(BEAC)တွင် သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုရေး ဆိုင်ရာ ဒေသခံ ပညာရှင်များကိုပါ ပါဝင်ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးလည်း ဖြစ်သူ ဦးမြင့်သိန်းက ဆိုသည်။

အကြံပေး ကုမ္ပဏီအဖွဲ့ ရွေးချယ်ပြီးနောက်တွင် ကျောက်ဖြူ အထူး စီးပွားရေး ဇုန်ကို ရင်းနှီး တည်ဆောက် မည့် သူများကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၄ ခုနှစ် မတ်လ အတွင်းတွင် ယင်းအကြံပေး ကုမ္ပဏီအဖွဲ့နှင့် BEAC တို့ ပူးပေါင်း စိစစ်ရွေးချယ်သွားမည် ဖြစ်ကြောင်း ဦးအောင်ကျော်သန်းက ဆိုသည်။

ကျောက်ဖြူ အထူးစီးပွားရေး ပထမအဆင့် စီမံကိန်း ဧရိယာကို ဧက ၁၀၀၀ လျာထားပြီး ကနဦး ရင်းနှီးမြှုပ်နှံ မှု အမေရိကန် ဒေါ်လာ ၂၇၇ သန်း လျာ ထားကြောင်း BEAC အတွင်းရေးမှူး ဦးမြင့်သိန်းက ပြောကြားထားသည်။
 
The The Voice Weekly

No comments:

Post a Comment