Friday 2 August 2013

အခြေခံ ဥပဒေကို အသစ်ပြန် ဆွဲရန် တိုင်းရင်းသား ညီလာခံ ဆုံးဖြတ်

ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းရေးအပါအ၀င်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား အသစ်ရေးဆွဲရန် ဇူလိုင် ၂၉ ရက်မှ သြဂုတ် ၁ရက်အထိ လေးရက်ကြာ ကျင်းပခဲ့သည့် တိုင်းရင်းသားညီလာခံတွင် သဘောတူ ဆုံးဖြတ်ခဲ့ကြောင်း UNFC ၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုဒေးဗစ်တာကပေါက ပြောသည်။
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)က ဦးစီးကျင်းပသော တိုင်းရင်းသား ညီလာခံတွင် ထိုအချက်များအပြင် ဖက်ဒရယ်တပ်မတော်ဖွဲ့စည်းရေး၊ စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းရေး အပါအ၀င် အချက် ၁၀ ချက် သဘောတူ ဆုံးဖြတ်ခဲ့သေးသည်။

“ဖက်ဒရယ် တပ်မတော်ကတော့ စံပြပေါ့လေ။ မူလေးတွေ ထားတာပေါ့။ တပ်မတော်ဆိုရင် အချင်းချင်း လိုက်တိုက်တဲ့ တပ်မတော်မဟုတ်ဘူး။ ပြည်ထောင်စုကို ကာကွယ်တဲ့ တပ်မတော်ဖြစ် ရမယ်။ နောက် ပြီးတော့ တိုင်းရင်းသား တွေ အချိုးကျ ပါဝင်ကြဖို့၊ ပြဿနာဖြေရှင်း ရင်လည်း ငြိမ်းချမ်းတဲ့ နည်းနဲ့ ဖြေ ရှင်းဖို့”ဟု ပဒိုဒေးဗစ်တာကပေါက ပြောသည်။

ထိုညီလာခံသို့ တက်ရောက်ခဲ့သည့် တိုင်းရင်းသားကိုယ်စားလှယ်များက လက်ရှိ ၂၀၀၈ အခြေခံဥပဒေကို အသစ်ရေးဆွဲရန် ရည်မှန်းခြင်းမှာ စစ်မှန်သည့် ပြည်ထောင်စု တည်ထောင်လိုက်ခြင်းဖြင့် ငြိမ်းချမ်းမည် ဟု မျှော်လင့်ထားသောကြောင့် ဖြစ်သည်ဟု လည်း သူက ဆိုသည်။

သို့သော် အခြေခံဥပဒေမှ မည်သည့်အချက်များကို ပြင်ဆင်မည်ကိုမူ UNFC က အသေးစိတ် မထုတ်ပြန်သေးပေ။ သမ္မတဦးသိန်းစိန် ပြောကြား ထားသော တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရန်မှာလည်း တိုင်းရင်းသားများဘက်မှ နိုင်ငံရေး၊ စစ်ရေးအရ အာမခံချက်ရှိမှသာ လက်မှတ် ထိုးမည်ဟု ထိုညီလာခံတွင် သဘောတူညီခဲ့ကြောင်းလည်း သူက ဆက်ရှင်းပြသည်။

အစိုးရက ငြိမ်းချမ်းရေးဖော်ဆောင်နေသည့် လုပ်ငန်းစဉ်ကိုလည်း “ဦးအောင်မင်း က တစ်ဖွဲ့ချင်း လက်မှတ် ထိုးတာကို ငြိမ်းချမ်းပြီ ဆိုပြီးတော့ ၀ါဒဖြန့်နေတာရှိတယ်။ ကျွန်တော်တို့က အစကတည်းက တစ်ပြည်လုံး အပစ်ရပ်လိုက် ပြောတာ။ ခုထိ တစ်ဖွဲ့ချင်း လိုက်တွေ့နေ တယ်”ဟု သူက ဝေဖန်သည်။

အဆိုပါ သဘောထားဆုံးဖြတ်ချက်များ ချမှတ်ခဲ့သည့် လေးရက်ကြာ တိုင်းရင်းသားညီလာခံကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ထိုညီလာခံပြီးနောက် ကြေညာချက် တစ်စောင် ထုတ်ပြန်ထားသည်။

ညီလာခံတွင် ပြည်တွင်း/ပြည်ပ တိုင်းရင်းသား နိုင်ငံရေးပါတီများ၊ လက်နက်ကိုင် အဖွဲ့အစည်း ၄၅ ဖွဲ့မှ ကိုယ်စားလှယ် ၁၃၀ ကျော် တက်ရောက်ခဲ့သည်ဟု ထိုကြေညာချက်တွင် ဖော်ပြထားသည်။

UNFC သည် ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီက စတင်ဖွဲ့စည်းခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင်နှင့် လက်နက်မကိုင်သော အဖွဲ့အစည်း ၁၂ ဖွဲ့ဖြင့် စုပေါင်းဖွဲ့စည်းထားသော အဖွဲ့ဖြစ်သည်။
mizzimaburmese

No comments:

Post a Comment