Wednesday 21 August 2013

အနာကြီးရောဂါကြောင့် ကိုယ်အင်္ဂါ ပျက်စီးရသည့် လူနာသစ်များ နှစ်စဉ်တိုးပွားလာသည့် အကြောင်းရင်းနှင့် ပတ်သက်၍ အတိအကျ သိရှိနိုင်ရန် အနာကြီးရောဂါ ဖြစ်ပွားမှုနှုန်း မြင့်မားသည့် တိုင်းဒေသကြီးနှစ်ခုတွင် သုတေသနလုပ်ငန်း ဆောင်ရွက်မည်

Z-21-8
ကျန်းမာရေး ဦးစီးဌာနမှ အနာကြီးရောဂါ ဖြစ်ပွားသူများအား ကျေးရွာအထိ ကွင်းဆင်းကုသနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ကျန်းမာရေးဦးစီးဌာန)
မြန်မာနိုင်ငံတွင် နှစ်စဉ်အနာကြီးရောဂါ လူနာသစ် ၃၀၀၀ ကျော် ထွက်ရှိနေပြီး ယင်းလူနာသစ်များအနက် အဆင့် ၂ အခြေအနေအဖြစ် သတ်မှတ်ထားသည့် အနာကြီးရောဂါကြောင့် ကိုယ်အင်္ဂါ ပျက်စီးရသည့် လူနာများမှာ ၄၀၀ ကျော် ပါဝင်နေကြောင်း သိရသည်။
ယခုကဲ့သို့ နှစ်စဉ်ဒုတိယအဆင့် ကိုယ်အင်္ဂါချို့ယွင်းသည့် လူနာသစ်များ နှစ်စဉ်များပြားလာရခြင်းမှာ လူနာသစ်ရှာဖွေ မှု နှောင့်နှေးခြင်း၊ ဝေဒနာရှင်များ အနေဖြင့် အနာကြီးရောဂါ ဖြစ်ပွားနေ သည်ကို လူသိမခံ လိုခြင်း၊ မိမိကိုယ်တိုင် အနာကြီးရောဂါ ခံစားနေရကြောင်း မသိခြင်း စသည့်ကျန်းမာရေးဆိုင်ရာ အသိပညာ အားနည်းခြင်း များကြောင့် ဖြစ်နိုင်သည့်အတွက် တိကျသည့် အကြောင်းရင်းမှန်များကို သိရှိနိုင်ရန် အတွက် သုတေသန ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

"သုတေသန လုပ်ဖို့အတွက် အဲဒီဒေသက သားဖွားဆရာမတွေ၊ အနာကြီး လူနာဟောင်းတွေ၊ ဆေးစားဆဲ လူနာဟောင်းတွေကို သင်တန်းပေးမယ်။ ပြီးရင် လူနာရှာဖွေရေး လုပ်ငန်းတွေမှာ သူတို့ကို တွဲပြီးလွှတ်မယ်။ အနာကြီးရောဂါ ခံစားနေရတဲ့သူတွေ ကိုယ်တိုင်ကနေပြီးတော့ သူတို့ရဲ့ အတွေ့အကြုံတွေ နဲ့ ပြောပြ ပြီး ဟောပြော ပွဲတွေ လုပ်မယ်။ လက္ခဏာတွေက ဘယ်လိုစပေါ်တယ်။ တချို့ကျတော့လည်း လက္ခဏာ မပေါ်ဘဲ ကိုက်ခဲပြီး လက်တွေကောက်ကွေးသွားတာတွေ ရှိတယ်။ လူနာကိုယ်တိုင် ပြောပြခြင်းအားဖြင့် ဒီလိုခံစားရတဲ့ လူနာမှာ လူနာရှင်နဲ့ဆိုတော့ လူနာတွေ ပိုပြီးထွက်လာနိုင်မယ်။ ဒီလိုနည်းနဲ့ လူနာသစ်ရှာဖွေတဲ့ လုပ်ငန်းတွေကို လုပ်မယ်။ ပြီးရင် သူတို့ကောက်ယူထားတဲ့ လူနာစာရင်းတွေ အချက်အလက်တွေပေါ်မှာ မူတည်ပြီးတော့ ကျွန်တော်တို့က သုတေသန ပြန်လုပ်မယ်" ဟု ဧရာဝတီတိုင်းဒေသကြီး အနာကြီးရောဂါ တိုက်ဖျက်ရေး ဆရာဝန်ကြီး ဒေါက်တာကျော်ကျော်လင်း က ပြောကြားသည်။

သုတေသန လုပ်ငန်းများကို ရောဂါဖြစ်ပွားနှုန်း မြင့်မားသည့် ဧရာဝတီတိုင်းဒေသကြီးနှင့် မန္တလေး တိုင်း ဒေသကြီးတို့တွင် ဒီဇင်ဘာမှ စတင်ကာ သုတေသန လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျန်းမာရေးဦးစီးဌာန၊ ဆေးသုတေသနဌာန (အောက်မြန်မာပြည်) နှင့် ဒေသခံ အနာကြီးရောဂါ ဝေဒနာရှင် များနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

သုတေသန လုပ်ငန်းများအတွက် ကုန်ကျငွေများကို ကျန်းမာရေး ၀န်ကြီးဌာနနှင့် နိုင်ငံတကာ အနာကြီးရောဂါဆိုင်ရာ အဖွဲ့မှ ငွေကြေးပိုင်းဆိုင်ရာ ပံ့ပိုးပေးမည်ဖြစ်ပြီး ယင်းလုပ်ငန်းများ ဆောင်ရွက်ရန် တစ်နှစ်ခန့် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အနာကြီးရောဂါ ဖြစ်ပွားမှုနှုန်း မြင့်မားသည့် ဒေသများမှာ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မကွေး တိုင်းဒေသကြီး တို့ဖြစ်ပြီး ယင်းတို့အနက်မှ ဖြစ်ပွားမှု အမြင့်ဆုံးဖြစ်သည့် မန္တလေး တိုင်းဒေသကြီးနှင့် ဧရာဝတီ တိုင်းဒေသကြီးတွင် သုတေသန လုပ်ငန်း များ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ကျန်းမာရေး ဦးစီးဌာန အနေဖြင့် အနာကြီးရောဂါ ဖြစ်ပွားသူများအတွက် MTD ဆေးများဖြင့် ကုသပေး လျက် ရှိကြောင်းနှင့် ရောဂါဖြစ်ပွားသည့် အခြေအနေပေါ် မူတည်၍ ဆေးကုသချိန်မှာ ခြောက်လမှ တစ်နှစ်အထိ ကြာမြင့်နိုင်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment