Wednesday 21 August 2013

ယာဉ်ပိုင်ရှင်နှင့် ယာဉ်ကိုအုပ်စုဖွဲ့ ရိုက်နှက်ဖျက်ဆီးသူများအား တရားစွဲဆို တင်ပို့နိုင်ရန် ဥပဒေအကြံဥာဏ် တောင်းခံ

ဗဟန်းမြို့နယ်၊ ကန်တော်ကြီး ဗိုလ်ချုပ်ပန်းခြံအတွင်း သြဂုတ် ၁၈ ရက်က ဖြစ် ပွားခဲ့သည့် ယာဉ်ပိုင်ရှင်နှင့် ယာဉ်အား အုပ်စုဖွဲ့ ရိုက်နှက်သူများကို တရားစွဲဆို တင်ပို့နိုင်ရန်အတွက် မြို့နယ်တရားရုံးသို့ ဥပဒေ အကြံဥာဏ် တောင်းခံထားကြောင်း ဗဟန်းမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ကျူးလွန်သူများကို ဗဟန်းမြို့နယ် ရဲစခန်းမှ စုံစမ်းခဲ့ရာ တာမွေမြို့နယ် ဗျိုင်းရေအိုးစင် ကွက်သစ် ရပ်ကွက်နေ မင်းနိုင်၊ နိုင်ဝင်း၊ တူးတူး၊ ဝေလင်းကျော်၊ အေးကျော်နိုင်၊ ဇာနည်၊ ဇေလင်းထွန်းတို့ ခုနစ်ဦးမှ ကျူးလွန်ခဲ့ခြင်းဖြစ်ရာ ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အမျိုးသားတစ်ဦးသည် ၎င်းပိုင် မာစီဒီး အနက်ရောင်ယာဉ်ဖြင့် ဗိုလ်ချုပ်ပန်းခြံ အတွင်းရှိ စားသောက်ဆိုင်သို့ သွားရောက်စဉ် ဆိုင်အ၀င်လမ်းဘေးရှိ အမည်မသိ လူငယ်တစ်စုထဲမှ တစ်ဦးက ကားဘေးကို လက်ဖြင့်တွန်းခဲ့ကြောင်း၊ ထိုအခါ ကားပိုင်ရှင်က ဆင်းကြည့်စဉ် အဆိုပါ လူငယ်တစ်စုမှ ၀ိုင်းဝန်းဆဲဆို ထိုးကြိတ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ၎င်းစီးလာသောကားအား အုတ်ခဲဖြင့် ပစ်ပေါက်ခဲ့သောကြောင့် ကား ရှေ့/နောက်လေကာမှန်များ ကွဲအက်သွားပြီး ယာဘက်တံခါးနှင့် ကားအနောက်ဖုံးတို့ ပိန်ချိုင့်သွားကြောင်း သိရပြီး ပိုင်ရှင်ဖြစ်သူမှာ ဒဏ်ရာအနည်းငယ် ရရှိခဲ့ကြောင်း သိရသည်။

"ကျူးလွန်တဲ့သူ ခုနစ်ဦးကို ဖမ်းဆီးစစ်ဆေးနေတယ်။ ပြီးတော့  ရဲလုပ်ငန်းတွေ ဆက်လုပ်ဖို့နဲ့ တရားရုံးတင် ဖို့ အတွက် ဥပဒေအကြံဥာဏ် တောင်းခံထားပါတယ်" ဟု ဗဟန်းမြို့နယ် တာဝန်ရှိသူ တစ်ဦးက သြဂုတ် ၂၀ ရက် ညနေက ပြောကြားခဲ့သည်။

အဆိုပါဖြစ်စဉ်ကို ဗဟန်းမြို့မ ရဲစခန်းမှ (ပ)၃၂၆/၂၀၁၃၊ ပုဒ်မ-၂၉၄/၃၂၅/၄၂၇/၁၁၄ တို့ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment