Saturday 24 August 2013

သတင်းမီဒီယာ ဥပဒေကြမ်း တင်သွင်းမှုအား အမျိုးသား လွှတ်တော်တွင် ဆွေးနွေးရန် သဘောတူ

သတင်းမီဒီယာ ဥပဒေကြမ်း တင်သွင်းမှုအား သြဂုတ်၂၃ ရက်က ပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ်(၃)မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်၏ တင်သွင်းခဲ့မှုကို လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူညီခဲ့သည်။

နိုင်ငံသားတိုင်း၏ သတင်းသိပိုင်ခွင့်ကို ဖြည့်ဆည်းပေးရေးအတွက် သတင်းမီဒီယာ လုပ်ငန်းသည် စတုတ္ထ မဏ္ဍိုင်အဖြစ် ပီပြင်စွာရပ်တည်နိုင်ရန် သတင်းမီဒီယာသမားများ၏ ရပိုင်ခွင့်နှင့် လွတ်လပ်ခွင့်များ အပြည့် အ၀ရ ရှိရန်လည်း လိုအပ်ကြောင်း၊ သတင်းအချက်များ ပိုမိုပွင့်လင်းစွာ စီးဆင်းနေသော မျက်မှောက် ကာလ၌ လွတ်လပ်စွာ သတင်းရေးသား ဖြန့်ဝေခြင်း ဆောင်ရွက်ရာတွင် သတင်းမီဒီယာသမားများ လိုက်နာ ရမည့် တာဝန်၊ ကျင့်ဝတ်၊ စည်းကမ်းနှင့် ကျင့်စဉ်ဆိုင်ရာ လုပ်ငန်းများကို အဖွဲ့အစည်းများအတွင်း သတ်မှတ်ပေးရန် လိုအပ်ကြောင်း၊ သတင်းမီဒီယာ တစ်ခုခုတွင် ရေးသားဖော်ပြ ထုတ်ဝေမှု တစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ တစ်ဦးဦးက တိုင်ကြားလာလျှင် ယင်းအငြင်းပွား ချက်များကို နှစ်ဖက်ညှိနှိုင်း ဖြေရှင်းသော နည်းလမ်းဖြင့် ကျေအေးပြေငြိမ်း စေရန် တိကျသော ဥပဒေပြဋ္ဌာန်းချက် လိုအပ်ကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောကြားသည်။

''ဒီမိုကရေစီ၏ အခြေခံ အုတ်မြစ်တစ်ခု ဖြစ်သော သတင်းမီဒီယာ လွတ်လပ်ခွင့် ဖြစ်ထွန်း လာစေရေး နိုင် ငံတော်နှင့် နိုင်ငံသား အားလုံးတို့၏ အကျိုးစီးပွားကို ရှေ့ရှုသော တာဝန်ယူမှုရှိသည့် စတုတ္ထမဏ္ဍိုင် ရုပ်လုံးပေါ်လာ စေရေးအတွက် ဥပဒေကြမ်းကို တင်ပြရခြင်း ဖြစ်ပါတယ်'' ဟု ဦးဖုန်းမြင့်အောင် က ပြောကြား သည်။

အဆိုပါ ဥပဒေကြမ်းအား ဆွေးနွေးလိုသော ကိုယ်စားလှယ်များသည် သြဂုတ် ၂၈ ရက် နောက်ဆုံးထား၍ အမည်စာရင်း ပေးသွင်းရမည် ဖြစ်ကြောင်း သိရသည်။

အမျိုးသား လွှတ်တော်၌ သြဂုတ် ၂၃ ရက်တွင် သတင်းမီဒီယာဥပဒေ တင်သွင်းခဲ့သည့်အပြင် စာနယ် ဇင်း လောကသားအများအပြား ကန့်ကွက်ခဲ့သည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းအား ဥပဒေကြမ်း ကော်မတီ၏ လေ့လာတွေ့ရှိချက် အစီရင်ခံစာကို ကိုယ်စားလှယ်ခုနစ်ဦးက ဆွေးနွေးခဲ့သော် လည်း ဥပဒေကြမ်း ကော်မတီနှင့် ပြန်လည်ကြားနာရန် ဆုံးဖြတ်ခဲ့သည်။

Eleven Media Group

No comments:

Post a Comment