Saturday 24 August 2013

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းအား အမျိုးသား လွှတ်တော်၌ ကိုယ်စားလှယ် ခုနစ်ဦးက ဆွေးနွေးခဲ့ပြီး ဥပဒေကြမ်း ကော်မတီမှ ပြန်လည်ကြားနာရန် ဆုံးဖြတ်

ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းနှင့်ပတ်သက်၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော် မတီမှ လေ့လာတွေ့ရှိ ပြင်ဆင်ချက်များအား သြဂုတ် ၂၃ ရက်က ပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေး၌ ကိုယ်စားလှယ် ခုနစ်ဦးက ဆွေးနွေးခဲ့ပြီးနောက် ဥပဒေကြမ်း ကော်မတီ မှ ပြန်လည်ကြားနာရန် ဆုံးဖြတ်ခဲ့သည်။
ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေသည် အာဏာသုံးရပ်ကို စောင့်ကြည့်ပြီး လူထုနှင့် တိုက်ရိုက်ဆက်နွှယ်သော စတုတ္ထမဏ္ဍိုင် တစ်ခုဖြစ်သည့် ရှုထောင့်မှနေ၍ အထူးဂရုစိုက် ရေးဆွဲရမည့် ဥပဒေဖြစ်ကြောင်း၊ ဥပဒေ တစ်ရပ်လုံးတွင် ပုဒ်မ ၃၂ ခုရှိသည့် အနက် ပုံနှိပ်ထုတ်ဝေခြင်း လုပ်ငန်း အသိအမှတ်ပြု လက်မှတ်ကို ရုပ်သိမ်းနိုင်သည့် ပုဒ်မသည် တစ်ခုသာပါကြောင်း၊ အဆိုပါ ပုဒ်မမှာ စာမျက်နှာ ၄ ပါ ပုဒ်မ ၅ ဖြစ်ပြီး မီဒီယာများအတွက် ကြောက်စရာကောင်းသည့် ပုဒ်မတစ်ခု ဖြစ်နေကြောင်း၊ ပုဒ်မ ၅ တွင် အပိုင်းနှစ်ပိုင်း ပါဝင်ပြီး ဒုတိယပိုင်းဖြစ်သော ''ဤဥပဒေ ပြဋ္ဌာန်းချက်များကို ဆန့်ကျင်ဆောင် ရွက် ကြောင်းသော် လည်းကောင်း တစ်နည်းနည်းဖြင့် စိစစ်တွေ့ရှိပါက ရုပ်သိမ်းနိုင်သည်'' ဆိုသည့် အချက်အား ဥပဒေကြမ်း ကော်မတီမှ ပယ်ဖြုတ်ထားသည်ကို တွေ့ရပြီး မိမိအနေဖြင့် ထောက်ခံကြောင်း၊ သို့ရာတွင် ဥပဒေ၏ ပထမပိုင်းမှာ ကျန်ရှိနေသည့် အတွက် ပထမပိုင်းကိုလည်း ဖြုတ်စေချင်ကြောင်း ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၆)မှ လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က ဆွေးနွေးသည်။

ပုဒ်မ ၅ ပထမပိုင်းတွင် ''မရိုးဖြောင့်တဲ့ သဘောဖြင့်ဖြစ်စေ လိမ်လည်လှည့်ဖြား ရန် အကြံဖြင့်ဖြစ်စေ၊ လျှောက်ထားခဲ့ကြောင်း တစ်နည်းနည်းဖြင့် စိစစ်တွေ့ရှိပါက ခွင့်ပြုလက်မှတ်ကို ရုပ်သိမ်းနိုင်သည်'' ဟု ပြဋ္ဌာန်းထားသည့် အတွက် နောက်ကြောင်းပြန်လှည့် စိစစ်သည့် သဘောဖြစ်ပြီး သဘာဝမကျဟု ထင်မိကြောင်း၊ နဂိုလျှောက်ထားစဉ် ကတည်းက စေ့စေ့စပ်စပ် စိစစ်ရမည်ဖြစ်ပြီး သေချာ မှသာ ထုတ်ပေးရမည် ဖြစ်ကြောင်း၊ ယခုဥပဒေသည် စတုတ္ထမဏ္ဍိုင်နှင့် ပတ်သက်သည့် အတွက် အမြင်ကတ် ပုဒ်မသဘော ဆန်နေလို့ မရပါကြောင်း ၎င်းက ဆွေးနွေးသည်။

''အဲဒါကြောင့် ဒီအပိုင်းကိုလည်း ဖြုတ်သင့်ပါတယ်။ ဒီအပိုင်းကို ဖြုတ်လိုက် မယ်ဆိုရင် ပြန်ကြားရေး ၀န်ကြီးဌာနမှာ ကြီးကြပ်စရာ လက်နက်မရှိ သလို ဖြစ်သွားနိုင်ပါတယ်။ ဒါဟာ ပုဒ်မ ၅ တစ်ခုလုံး ပြုတ်သွား တာ ဖြစ်ပါတယ်။ ဒီမိုကရေစီဖူးပွင့်စ မြန်မာနိုင်ငံမှာ မီဒီယာ အတားအဆီး နည်းနည်းလိုသေးတဲ့ အတွက် ကျွန်တော့်အနေနဲ့ ဒီပုဒ်မ ၅ အရ လုပ်ပိုင်ခွင့် ရုပ်သိမ်းခြင်းအစား ဒဏ်ငွေများများ ရိုက်တဲ့စနစ်ကိုပဲ သုံးစေချင်ပါတယ်။ မီဒီယာ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာလည်း မီဒီယာနဲ့ ပတ်သက်ရင် မိမိသဘောနဲ့ မှတ်ပုံတင်တာပဲ ရှိတယ်။ အဲဒါကို ပြန်ရုပ်သိမ်းလို့ မရတော့ဘူး'' ဟု ဦးခင်မောင်လတ် က ဆွေးနွေးပြော ကြားသည်။

ထို့အပြင် ဦးခင်မောင်လတ်က ပုဒ်မ ၅ အား ''လုပ်ငန်း အသိအမှတ်ပြု လက်မှတ် ရရှိသူသည် ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို ဆန့်ကျင် ၍ ဆောင်ရွက်ကြောင်း စိစစ်တွေ့ရှိ ရပါက ၀န်ကြီးဌာနသည် ယင်းလုပ်ငန်းအား ဒဏ်ငွေသိန်း ၂၀ ချမှတ်နိုင်သည်'' ဟု ပြင် ဆင်ပြောင်းလဲရန်လည်း ဆွေးနွေးခဲ့သည်။

''ဒီကနေ့ခေတ်ပိုင်းမှာ ထုတ်ဝေသူ တစ်ဦးဟာ မီဒီယာစာစောင် သုံးလေးငါးခုကို တစ်ပြိုင်တည်း ထုတ်ဝေနိုင်ပါတယ်။ အဲဒီအထဲက ဥပဒေနဲ့ ငြိတဲ့စာစောင်ရဲ့ ထုတ်ဝေခွင့် လက်မှတ်တစ်ခုတည်းကိုသာ ရုပ်သိမ်းသင့်ပါတယ်။ 'မည်သူမျှ မထုတ်ဝေရ' ဆိုရင် အဲဒီမီဒီယာ သူဌေးရဲ့အခြားစာစောင် ထုတ်ဝေခွင့် တွေကိုပါ ထိခိုက်လာ နိုင်တာကြောင့် အဲဒီပုဒ်မမှာပါတဲ့ 'မည်သူမျှ' ဆိုတာကို ဖြုတ်သင့်ပါတယ်။ မဖြုတ်ရင် အဲဒီမီဒီယာ သူဌေးရဲ့ စာစောင်တွေအားလုံး ရပ်ဆိုင်းသွား နိုင် တာကြောင့် ဖြစ်ပါတယ်'' ဟု ဦးခင်မောင်လတ်က ဆွေးနွေးပြောကြားသည်။

သတင်းပြန်ကြားရေးနဲ့ မီဒီယာနဲ့ သက်ဆိုင်တဲ့ ဥပဒေတွေကို တစ်ပေါင်း တစ်စည်းတည်း ဥပဒေ တစ်ခုတည်းမှာ အပိုင်းလိုက် ပြဋ္ဌာန်းပေးခဲ့မယ် ဆိုရင် နိုင်ငံတကာ စံချိန်စံညွှန်းများနဲ့ ကိုက်ညီပြီး ကျစ်လျစ် ခိုင်မာတိကျတဲ့ မီဒီယာ ဥပဒေတစ်ခုကို ဖော်ဆောင်ပေးနိုင်...

ဥပဒေကြမ်းပါ မှတ်ပုံတင် အရာရှိနှင့် ပတ်သက်၍ ဧရာဝတီတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ်(၆)မှ လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ရီ ဆွေးနွေးရာတွင် ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့သော မှတ်ပုံတင် အရာရှိဆိုသည့် အဓိပ္ပာယ် ဖွင့်ဆိုချက်သည် ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေပါ 'ဗဟိုမှတ်ပုံတင်အဖွဲ့၊ မှတ်ပုံတင်အရာရှိ' စနစ်နှင့် လုံးဝမပတ်သက်ကြောင်း၊ Register လုပ်သည့်စကားကို ဘာသာပြန်ဆိုရာတွင် မှတ်ပုံတင်ခြင်းဟု တရားဝင် သုံးနှုန်းသည် ဖြစ်သဖြင့် မှတ်ပုံတင် အရာရှိလိုY သုံးနှုန်းရသော်လည်း ၎င်းအရာရှိအား ၁၉၆၂ ခုနှစ် ဥပဒေပါ မှတ်ပုံတင် အရာရှိကဲ့သို့ အခွင့်အာဏာ မပေးထားကြောင်း၊ ဥပဒေကြမ်းပါ '၀န်ကြီးဌာနက ပုဒ်မ ၆ အရ လျှောက်ထားလာသူကို သတ်မှတ်ကာလ အတွက် လုပ်ငန်းအသိအမှတ်ပြု လက်မှတ်ထုတ်ပေး ရမည်' ဟု ပါရှိသည့်အတွက် လက်မှတ်ထုတ်ပေးခွင့်ရှိသည့် ၀န်ကြီးဌာန၌ပင် ထုတ်ပေးရန်သာ ပြဋ္ဌာန်းပြီး ငြင်းပယ်ခွင့် ပေး မထားကြောင်း၊ သို့ဖြစ်၍ မှတ်ပုံတင် အရာရှိ၊ မှတ်ပုံတင်ခြင်း ဆိုသည့် အသုံးအနှုန်းကို ၆၂ ခုနှစ် ဥပဒေနှင့် ဆက်စပ်တွေး ပူရန် အကြောင်းမရှိတာကို ရှင်းလင်းစွာ တွေ့ရမည်ဖြစ်ကြောင်း၊ ထို့အပြင် အသိအမှတ်ပြု လက်မှတ်ကို ထုတ်ပေးရန်အတွက် လျှောက်လွှာကို စနစ်တကျ လက်ခံပြီး စာရင်းသွင်းရန် အထက်အဆင့်သို့ တင်ပြရန်ရာတွင် သတ်မှတ်သည့် ပုဂ္ဂိုလ်၊ ဌာနရှိရမည် ဖြစ်ကြောင်း၊ အဆိုပါကဲ့သို့ မဟုတ်ပါက ဟိုဘက်ပုတ်၊ ဒီဘက်ပုတ် ဖြစ်နေမှာ ဖြစ်ကြောင်း ပြောကြားသည်။

''ဒါကြောင့် ညွှန်မှူးအဆင့်ရှိ ပုဂ္ဂိုလ်ဦးစီးတဲ့ ဌာနခွဲတစ်ခု သတ်မှတ်ပေးဖို့ လိုမှာ ဖြစ်ပါတယ်။ အခုကိစ္စက လုပ်ငန်းအနှစ်သာရက အဓိကမို့ အခေါ်အဝေါ်ကို ဥပဒေဟောင်းနှင့် ဆက်စပ်ပြီး စိုးရိမ်စိတ်နှင့် မြင်နေ တာလို့ပဲ ထင်မိပါတယ်။ အခန်း ၃၊ ပုဒ်မ ၆ မှာ ပြဋ္ဌာန်းချက်ဟာ တိကျရေရာမှု မရှိပါဘူး။ ကျွန်တော် ရှင်းပြခဲ့တဲ့အတိုင်း လျောက်ထားမှုကို စနစ်တကျ လက်ခံစာရင်းသွင်း မှတ်ပုံတင်ပေးမဲ့ ဌာနခွဲ လိုပါတယ်။ ဒါကို ဥပဒေပုဒ် မ ၆ မှာ ''မှတ်ပုံတင်ဌာနခွဲ'' ဆိုတဲ့ စကားရပ်ကို ၀န်ကြီးဌာန ဆိုသည့် စကားရပ်နောက်မှာ ပါရှိသင့်ပါတယ်။ အလားတူ ပုဒ်မ ၇ မှာလည်း ၀န်ကြီးဌာနသည် ဆိုသည့် စကားရပ်နောက်တွင် အသိအမှတ်ပြု လက်မှတ်ထုတ်ပေးခွင့် ရှိသူရဲ့ ရာထူးကို ဖော်ပြသင့်တယ်လို့ ယုံကြည်ပါတယ်'' ဟု လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ရီက ဆွေးနွေးသည်။

အလားတူ ဥပဒေကြမ်း ကော်မတီမှ ဖြည့်စွက်ပြဋ္ဌာန်းရာ၌ ''နိုင်ငံအချင်းချင်း အပြန်အလှန် နားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုကို ထိခိုက်စေမည့် အကြောင်းအရာများကို ဖော်ပြခြင်း'' သည် ယေဘုယျဆန် ဆန် ဖြစ်နေကြောင်း၊ လက်ရှိနိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေသည့် မြစ်ဆုံစီမံကိန်း လက်ပံတောင်းတောင် ကိစ္စများတွင် ဒီမိုကရေစီအရ ပြည်သူ့မီဒီယာ များသည် ပြည်သူကို တင်ပြသင့်ပါက တင်ပြရမည် ဖြစ်သဖြင့် ကန့်သတ်ပိတ်ပင်မှု မပြုသင့်ကြောင်း၊ သို့ဖြစ်၍ ''အကြောင်းအရာ များ ဖော်ပြခြင်း'' လို့ မရေးဘဲ ''ထိခိုက်စေမည့် ထိပါးပုတ်ခတ် ထိုးနှက်သော အကြောင်းအရာများ ဖော်ပြခြင်း'' စသည်ဖြင့် မီဒီယာ ကျင့်ဝတ်အရ မလိုလား အပ်သည့် အချက်ကိုသာ တိကျရှင်းလင်းစွာ ကန့် သတ်ဖော်ပြခြင်းဖြင့် မီ ဒီယာ လွတ်လပ်ခွင့် မထိခိုက်စေ ရန် ရှောင်ကြဉ်ပြဋ္ဌာန်းသင့်ကြောင်း အဆိုပြု ဆွေးနွေးခဲ့သည်။

''ယခုပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း ဥပဒေမူကြမ်းလိုပဲ မီဒီယာဥပဒေကြမ်း၊ ရုပ်သံလွှင့်ဆိုင်ရာ ဥပဒေကြမ်း၊ PSM လို့ခေါ်တဲ့ Public Service Media 'ပြည်သူ့ဝန်ဆောင်မှု သတင်းမီဒီယာ' ဥပဒေကြမ်းတွေကို ဆက်လက် တင်သွင်း လာဦးမယ်လို့လဲ သိရှိထားပါတယ်။ တည်ဆဲဥပဒေ တွေ မှာတောင် ရှေးဦးက ကျွန်တော်တင်ပြခဲ့သလို အထူးဥပဒေ ပြဋ္ဌာန်းချက်များ များပြားနေတယ်ဆိုရင် ဗူးလေးဟာ ဖရုံဆင့် ဆိုသလို ဖြစ်နေမှာကို စိုးရိမ်မိပါတယ်။ သတင်းပြန်ကြားရေးနဲ့ မီဒီယာနဲ့ သက်ဆိုင်တဲ့ ဥပဒေတွေကို တစ်ပေါင်း တစ်စည်းတည်း ဥပဒေ တစ်ခုတည်းမှာ အပိုင်းလိုက် ပြဋ္ဌာန်းပေး ခဲ့မယ်ဆိုရင် နိုင်ငံတကာ စံချိန်စံညွှန်းများနဲ့ ကိုက်ညီပြီး ကျစ်လျစ် ခိုင်မာတိကျတဲ့ မီဒီယာ ဥပဒေတစ်ခုကို ဖော်ဆောင်ပေးနိုင် လိမ့်မယ်လို့ ထင်မြင်ယူဆ မိပါကြောင်း တင်ပြဆွေးနွေး အပ်ပါတယ်'' ဟု အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမင်းဦးက ပြောကြားသည်။

ထို့နောက် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေကြမ်းအား အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီ မှ ပြန်လည် ကြားနာရန် ဆုံးဖြတ်ခဲ့သည်။

Eleven Media Group

No comments:

Post a Comment