Monday 26 August 2013

ဒီမိုကရေစီ ကျင့်စဉ် နှင့်အညီ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် ပုဂ္ဂလိက ကဏ္ဍ ပြုပြင် ပြောင်းလဲရေး လုပ်ဆောင်နေ

ဒီမိုကရေစီ ကျင့်စဉ် နှင့်အညီ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် ပုဂ္ဂလိက ကဏ္ဍ ပြုပြင် ပြောင်းလဲရေး လုပ်ဆောင်နေ
ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဖြည့်ဆည်း ဆောင်ရွက် ပေးနိုင်ရန်အတွက် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် မှ လေကြောင်း ခရီးဖြင့် ထွက်ခွာခဲ့ရာ လားရှိုးမြို့သို့ ရောက်ရှိပြီး ခရိုင်မီးသတ် ဦးစီးဌာန၌ ပြုလုပ်သည့် မီးသတ်ယာဉ်များ လွှဲပြောင်းပေးအပ်ပွဲသို့ တက်ရောက်ကာ မီးသတ် ယာဉ် များအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။မီးသတ်ယာဉ် လှူဒါန်းပွဲတွင် လားရှိုးမြို့အတွက် နှစ်စီး၊ သိန်းနီမြို့အတွက် တစ်စီး၊ သီပေါမြို့နယ် နမ့်လန် ကျေးရွာ အတွက် တစ်စီး၊ နမ္မတူမြို့နယ် မန်စံကျေးရွာအတွက် တစ်စီး စုစုပေါင်း မီးသတ်ယာဉ် ငါးစီးကို ရွှေသံလွင် မီဒီယာ ကုမ္ပဏီ လီမိတက်က လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ဒုတိယ သမ္မတသည် ပြည်သူ့ ဆေးရုံကြီး၌ ပြုလုပ်သည့် ကွန်ပျူတာ ပုံရိပ်ဖော် ဓာတ်မှန် အဆောက်အအုံ ဖွင့်ပွဲသို့ တက်ရောက်ခဲ့ပြီး ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ သန်းအောင်နှင့် ပြည်နယ် လူမှုရေး ဝန်ကြီး ဒေါက်တာ မျိုးထွန်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးခဲ့သည်။

ဆက်လက်၍ ဒုတိယ သမ္မတသည် ဆရာဝန် အသင်းတိုက်၌ ပြုလုပ်သည့် မြန်မာနိုင်ငံ ဆရာဝန်အသင်း အဆောက် အအုံ ဖွင့်ပွဲသို့ တက်ရောက်ပြီး အသင်းဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့ကာ အဆိုပါ အသင်း တိုက်ခန်းမ၌ ဆရာဝန် အသင်းဝင်များနှင့် ကျန်းမာရေး ဝန်ထမ်း များအား တွေ့ဆုံ၍ ကျန်းမာ ရေးစောင့်ရှောက်မှု အနည်းဆုံး ရရှိသူ များသည် ကျေးလက်နေ ပြည်သူများဖြစ်ပါကြောင်း၊ ထို့ကြောင့် ကျေးလက်နေ ပြည်သူများ ကျန်းမာရေး စောင့်ရှောက်မှု ရရှိအောင် Special Tour ထွက်၍ ကုသပေးလေ့ ရှိကြပါကြောင်း၊

ယင်းသို့ သွားရာတွင် လိုက်ဖက်သည့် အထောက်အကူ ပြုများပါရှိမှ အမှန်တကယ် အလုပ်ဖြစ် ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်း များနှင့် ပြင်ပ ကျန်းမာရေး လောကသားများ လက်တွဲ ပူးပေါင်းကြရန် လိုအပ် ပါကြောင်း၊ ဆရာ ဝန်အသင်းမှ တာဝန်ရှိ သူများနှင့် ဝန်ထမ်းအဖြစ် တာဝန် ထမ်းဆောင် နေကြသူများ ချိတ်ဆက်မိရန် လိုအပ်ပါကြောင်း၊ နှစ်ဦးနှစ်ဖက် ပူးပေါင်း၍ ကျန်းမာရေး စောင့်ရှောက်မှုကို နိုင်ငံတကာ အဆင့်ရောက်အောင် ကြိုးစားပေးကြရန် တိုက်တွန်း လိုပါကြောင်းဖြင့် မှာကြား ခဲ့သည်။

မြန်မာနိုင်ငံ ဆရာဝန် အသင်း(လားရှိုး)  အတွက် အလှူငွေ ကျပ်သိန်း ၅ဝဝ ကို အလှူရှင်ကိုယ်စား ပြည် နယ်ဝန်ကြီးချုပ် က ပေးအပ်သည်။

မွန်းလွဲပိုင်းတွင် ဒုတိယ သမ္မတသည် မြို့တော်ခန်းမ၌ ဒေသခံ ပြည်သူလူထုနှင့် တွေ့ဆုံပြီး တင်ပြချက်များအပေါ် ညှိ နှိုင်း ဆောင်ရွက် ပေးခဲ့ပြီး ဒုတိယ သမ္မတ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်နယ် ဝန်ကြီးချုပ်နှင့် ဒုတိယ ဝန်ကြီးများက ၂ဝ၁၂- ၂ဝ၁၃ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ၌ လားရှိုး စာစစ်ဌာနမှ ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများ အား ဂုဏ်ပြုဆုများ ပေးအပ်ကြသည်။

ဂုဏ်ထူးရရှိသူ အရေအတွက်မှာ ၆ ဘာသာ ဂုဏ်ထူးရှင် သုံးဦး၊ ၅ ဘာသာဂုဏ်ထူးရှင် ၁၁ဦး၊ လေးဘာသာ ဂုဏ်ထူးရှင် ကိုးဦး၊ ၃ ဘာသာ ဂုဏ်ထူးရှင် ၃၁ ဦး၊ ၂ ဘာသာ ဂုဏ်ထူးရှင် ၃၆ ဦးနှင့် ၁ ဘာသာ ဂုဏ်ထူးရှင် ၁ဝ၇ ဦး စုစုပေါင်း ၁၉၇ ဦးဖြစ်ပြီး ချီးမြှင့်ငွေမှာ ဂုဏ်ထူးရ ၁ ဘာသာလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် စုစုပေါင်း ၃၈၁ သိန်းဖြစ်သည်။

ဒေသခံပြည်သူလူထုနှင့် တွေ့ဆုံစဉ် ဒုတိယ သမ္မတက ယခုလာရောက်ခြင်းသည် တွေ့ကြုံရသည့် အခက်အခဲများကို ကူညီဖြေရှင်း ပေးနိုင်အောင် နိုင်ငံတော်က ဆောင်ရွက်နေသည့် ဒီမိုကရေစီ ဖော်ဆောင်မှုများကို ပြည်သူလူထု နား လည် သိရှိပြီး ပူးပေါင်း ပါဝင်နိုင်အောင်၊ လားရှိုးပြည်သူ များ၏ ဆန္ဒကို သိရှိရအောင်၊ ဥပဒေနှင့် အညီဖြစ်နိုင်သည့် ကိစ္စ၊ ဖြစ်လိုသည့် ကိစ္စကို ပြည်သူလူထု ဗဟိုပြုစနစ်ဖြင့် ဖော်ဆောင်ပေးနိုင်အောင် ဖြစ်ပါကြောင်း၊ ချောင်းမြောင်း တိမ်ကော ပိတ်ဆို့မှုကြောင့် ရေကြီးရေ လျှံမှုများနှင့် ပတ်သက်၍ ယမန်နှစ်က ပြုပြင်ဆောင်ရွက် ပေးခဲ့ပါကြောင်း၊ မီးဘေး ကာကွယ်ရေး အတွက် ယနေ့နံနက်တွင်ပင် မီးသတ်ယာဉ် နှစ်စီး ဖြည့်ဆည်းပေးခဲ့ပြီးဖြစ်ပါကြောင်း၊ လားရှိုးမြို့တွင် ယာဉ်ကြောပိတ်ဆို့မှု၊ ယာဉ်တိုက်မှု၊ လမ်းပိုမို ပျက်စီးမှုများကို ရှောင်ရှားနိုင်အောင် မြို့ရှောင်လမ်း ဖောက်လုပ် ပေးထား ပါကြောင်း၊ ထိုလမ်း ပြီးစီးပါက အဆိုပါ ပြဿနာများ တစ်နည်းတစ်ဖုံ ဖြေရှင်း ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း၊

နမ့်ယောဝ်ချောင်း ရေကြီးမှုကြောင့် AT ဂိတ်အနီးမှ နှစ်စဉ်နှစ်တိုင်း ရေလျှံသည့် ကိစ္စကိုလည်း ဆောင် ရွက် ပေးသွားမည် ဖြစ်ပါ ကြောင်း၊ ပညာရေးကဏ္ဍ မြင့်မားသည့် နိုင်ငံသည် တိုးတက်မှုမြန်ပြီး ပညာရေး နိမ့်ကျသည့် နိုင်ငံသည် တိုးတက်မှု နှေးကြပါကြောင်း၊ ထို့ကြောင့် တက္ကသိုလ်ဝင် စာမေးပွဲကို ထူးထူးချွန်ချွန်ဖြင့်  အောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူ များကို ချီးမြှောက်သည့် အစီအစဉ် ထည့်ထားခြင်းဖြစ်ပါကြောင်း၊ အနာဂတ်ကာလ နိုင်ငံ့ တာဝန်ကို ယူကြမည့် သူများသည် ပညာရည်မြင့် မားပြီး အမှန် တကယ်တော်၊ အမှန်တကယ် တတ်သည့် ဘွဲ့ရများဖြစ်ရန် လိုပါကြောင်း၊ နိုင်ငံတော် အစိုးရအဖွဲ့ အတွင်းတွင်ရော ဥပဒေပြု လွှတ်တော် အတွင်း၌ပါ နိုင်ငံတကာ ဆက်ဆံရေး နယ်ပယ်၌ အရည် အချင်း ရှိသောသူများ အရေးတကြီး လိုအပ်လာပြီဖြစ်သည့်အတွက် ယခုထက်မက ဆက်လက် ကြိုးစားကြရန် အလေး အနက်မှာကြား လိုပါကြောင်း၊

နိုင်ငံတော် အနေဖြင့် ဒီမိုကရေစီ ကျင့်စဉ်နှင့် အညီ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် ပုဂ္ဂလိက ကဏ္ဍ ပြုပြင် ပြောင်းလဲရေး လုပ်ဆောင်နေပါကြောင်း၊ နိုင်ငံသားများကို အလုပ်အကိုင်၊ အခွင့်အလမ်း အများအပြား ပေးနိုင်မည့် လုပ်ငန်း များအတွက် ပိုမိုအားပေး နေပါကြောင်း၊ အုပ်ချုပ်ရေး အပိုင်းကို အားဖြည့်ပေးသည့် အနေဖြင့် စီမံခန့်ခွဲမှု ကော်မတီ၊ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီများ ကို သိက္ခာ သမာဓိရှိ ရပ်မိရပ်ဖ များဖြင့် ဖွဲ့စည်းပေးထား ပါကြောင်း၊ လားရှိုးမြို့၏ စည်ပင်သာယာရေးကို ပုဂ္ဂလိကပိုင် လုပ်ငန်းအနေဖြင့် လုပ်ဆောင် နေသည်ကို သိရပါကြောင်း၊ လျှပ်စစ်မီး တပ်ဆင်ဖြန့်ဖြူးရေးတွင်လည်း ပုဂ္ဂလိကပိုင် လုပ်ငန်းအဖြစ် တဖြည်းဖြည်း ပြောင်းနေပြီဖြစ်သည့်အတွက် အနာဂတ် ကာလတွင် ပုဂ္ဂလိကပိုင် လုပ်ငန်းများကသာ အလုပ်အကိုင်၊ အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည် ဖြစ်သည် ကို အသိပေး လိုပါကြောင်း၊ အကြံကောင်း၊ ဥာဏ်ကောင်းများကိုလည်း သတ်မှတ်ထားသည့် နည်းလမ်းများအတိုင်း  ပေးပို့နိုင်ပါ ကြောင်းဖြင့်  ပြောကြား ခဲ့သည်။

ယင်းနောက် ဒုတိယ သမ္မတသည် မြို့နယ် စည်ပင်သာယာရေး အဖွဲ့ရုံး၌ တာဝန်ရှိ သူများ၏ လားရှိုးမြို့ နယ် ရေစီး ရေလာ ကောင်းမွန်ရေး ဆောင်ရွက်ထား ရှိမှုနှင့် ပတ်သက်၍ တင်ပြချက်များ အပေါ် ဆွေးနွေးဖြည့် ဆည်း ဆောင်ရွက် ပေးပြီး လားရှိုးမြို့ ရေစီးရေလာ ကောင်းမွန်ရေး ဆောင်ရွက် ထားရှိသည့် နေရာများကို လှည့်လည်ကြည့်ရှု စစ်ဆေး သည်။

ထို့နောက် ဒုတိယ သမ္မတအား မောက်ခေါင်ဝတီ(၂) မြို့ကွက်သစ် ဖော်ထုတ်မှုနှင့် ပတ်သက်၍ တာဝန်ရှိသူများက စီမံကိန်း ရှင်းလင်းဆောင်၌ ရှင်းလင်း တင်ပြကြသည်။

ညနေပိုင်းတွင် ဒုတိယ သမ္မတနှင့် မိသားစုနှင့် အဖွဲ့ဝင်များသည် လားရှိုးမြို့ ရန်တိုင်းအောင် ဆုတောင်းပြည့် မြို့ဦး စေတီ ဂန္ဓကုဋိ၌ ကန်မိန်းကျောင်းတိုက် ပဓာနနာယက ဆရာတော် အမှူးပြုသော သံဃာတော်များအား ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းကာ စေတီတော်အား လှည့်လည်ဖူးမြော် ကြည်ညိုပြီး စေတီတော်အတွက် အလှူငွေများ ပေးအပ် သည်။

ယင်းနောက် ဒုတိယ သမ္မတသည် မြေသားလမ်းအဖြစ် ဖောက်လုပ်ပြီးစီးသည့် လားရှိုးမြို့ မြို့ရှောင်လမ်း တစ်လျှောက် မော်တော်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။

ထို့နောက် ဒုတိယ သမ္မတသည် ရှမ်းတိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ရုံး၌ တိုင်းရင်းသား ယဉ်ကျေးမှု အဖွဲ့များ နှင့် တွေ့ဆုံရာ တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များက ဆွေးနွေး တင်ပြကြပြီး အဆိုပါ ယဉ်ကျေးမှု အဖွဲ့များသို့ ဂုဏ်ပြု ငွေ စုစု ပေါင်းကျပ်သိန်း ၃ဝဝ ပေးအပ်ခဲ့သည်။

ယင်းသို့တွေ့ဆုံစဉ် ဒုတိယ သမ္မတက ပြောင်းလဲလာသည့် ခေတ်သစ်၊ စနစ်သစ်အရနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါရှိသည့် အတိုင်း တိုင်းရင်းသားများ တန်းတူ အခွင့်အရေး ရရှိအောင် ပြည်ထောင်စု လွှတ်တော်တွင် မကြာခဏ ဆွေးနွေး နေကြသည်ကို ကြားသိကြမည်ဟု ယူဆပါကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားများ၏ ယဉ်ကျေးမှု ပွဲတော်၊ နှစ် သစ်ကူး ပွဲတော်နှင့် စာပေ သင်ကြားရေးတွင် သတ်မှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်းအတိုင်း လွတ်လွတ် လပ်လပ် ဆောင်ရွက်နိုင်ပြီ ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် တိုင်းရင်းသားပေါင်းစုံ စုပေါင်းနေထိုင်သည့် နိုင်ငံဖြစ်သည့် အားလျော်စွာ လူမျိုးရေးကို ဦးစားပေးသည့် လုပ်ဆောင်ချက်များကို ရှောင်ရှား ကြရန် အထူး လိုအပ်ပါကြောင်း၊

လူတစ်ဦးချင်းစီ၊ တစ်ဖွဲ့ချင်းစီ၏ အရည်အချင်း၊ အရည်အသွေးကို ဦးစားပေးသည့် စနစ်သည်သာ မှန်ကန်သော ပြိုင်ဆိုင်မှု ကိုဖြစ်စေပြီး တည်ငြိမ် အေးချမ်းပြီး ခေတ်မီဖွံ့ ဖြိုးတိုးတက်သည့် လမ်းကြောင်းပေါ် ရောက်ရှိစေမည် ဖြစ်ပါ ကြောင်း၊ မိမိတို့နှင့် သက်ဆိုင်သော စာပေ၊ ယဉ်ကျေးမှု လူမှု စီးပွားဘဝ တိုးတက်နိုင်ရန် မိမိတို့ ကိုယ်တိုင်ပင် ကြိုးစား ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် လားရှိုးမြို့နယ် တိုင်းရင်းသား စာပေယဉ်ကျေး မှုအဖွဲ့များ အနေဖြင့် မိမိတို့ တစ်ဖွဲ့ချင်းစီ၏ တိုးတက်မှုများ အတွက် တစ်ဖွဲ့ချင်း ကြိုးစား ဆောင်ရွက်ရန် တာဝန်ရှိကြ သကဲ့သို့ အဖွဲ့များ အချင်းချင်းလည်း စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်ဖြင့် စာပေယဉ်ကျေးမှု လုပ်ငန်းများ ဆောင်ရွက် သွားကြရန် တိုက်တွန်း လိုပါကြောင်းဖြင့် ပြောကြား ခဲ့ကြောင်း သတင်း ရရှိသည်။

မြ၀တီ

No comments:

Post a Comment