Friday 19 July 2013

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေကြမ်း အား အမျိုးသား လွှတ်တော်မှ ပြည်သူ့ လွှတ်တော် သို့ ပြန်လည်ရောက်ရှိပါက အဆိုပြန်လည်တင်သွင်း ပြင်ဆင်ခွင့် ရှိသည်ဟု သူရဦးရွှေမန်း အတည်ပြု

ပြည်သူ့လွှတ်တော်မှ အတည်ပြုကာ အမျိုးသား လွှတ်တော်သို့ ပေးပို့ထားပြီး ဖြစ်သော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဆိုင်ရာ ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်မှ ပြည်သူ့လွှတ်တော်သို့ ပြန် လည်ရောက်ရှိပါက အဆိုပြန်တင်သွင်း ပြင်ဆင်ခွင့် ရှိသည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်း က အတည်ပြု ပြောကြားခဲ့သည်။
 ''ဒီဥပဒေနဲ့ ပတ်သက်ပြီးတော့ မီဒီယာ အဖွဲ့အစည်းသုံးခုက တစ်ညီတစ်ညွတ်တည်း ကန့်ကွက်တယ် ဆိုတာကို သိရပါပြီ။ အဲဒီတော့ မိမိတို့ ကန့်ကွက်ချင်တာဟာ ဘာတွေလဲ ဆိုတာကို ပြည်သူ့လွှတ်တော် ကို ပေးပို့ဖို့လည်း လိုပါတယ်။ အမျိုးသားလွှတ်တော်က ဒါကိုအတည်ပြုပြီး ရင် ပြည်သူ့လွှတ်တော် ကို ပြန်ပို့ရမယ့် အနေအထား ရှိပါတယ်။ အဲဒီမှာ ဒီဘက်ကနေပြီးတော့ မိမိတို့ လုပ်နိုင်သလောက် ဒီကိစ္စနဲ့ ပတ်သက်ပြီး ကိုယ်စားလှယ် တစ်ဦးက အဆိုပြန်လည် တင်ပြလာမယ်ဆိုရင် ပြန်ပြီးတော့ လွှတ်တော်မှာ ဆွေးနွေးနိုင်တဲ့ အနေအထား ရှိပါတယ်''ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း က ပြောကြား ခဲ့သည်။

ထို့အပြင် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းနှင့် ပတ်သက်ပြီး အတည်မပြုမီ ကတည်းက ပြန်ကြားရေး ၀န်ကြီးဌာနနှင့် မီဒီယာများအကြား တွေ့ဆုံဆွေးနွေး ကာ နောက်ဆုံး ပြင်ဆင် ထားသည့် ဥပဒေကြမ်းဟုသာ ထင်မိခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကလည်း ထုတ်ဖော် ပြောကြားခဲ့ သည်။
ဇူလိုင် ၁၈ ရက်က လွှတ်တော်အတွင်းရှိ ဇဗ္မူသီရိဆောင်၊ မီဒီယာခန်းမတွင် ကျင်းပသည့် တွေ့ဆုံပွဲတွင် သတင်းထောက်များ၏ မီဒီယာဥပဒေကြမ်းနှင့် ပတ်သက်သည့် မေးမြန်းချက် အပေါ် ဒေါ်အောင်ဆန်း စုကြည် မှ ''မီဒီယာနဲ့ ပတ်သက်လို့ရှိရင် အန်တီနားလည်တာကတော့ မီဒီယာတွေ ကနေပြီးတော့ ပြန် ကြားရေးဝန်ကြီးဌာနနဲ့ ဆွေးနွေးပြီးပြီ။ ဆွေးနွေးပြီးတော့ သဘောတူညီမှု ရပြီးပြီလို့ ဒီလိုနားလည်ပါ တယ်။ ဒီလိုနားလည်လို့လည်း ပြည်သူ့လွှတ်တော်ကို တင်လိုက်တဲ့ ဥပဒေကြမ်းဟာ မီဒီယာနဲ့ ၀န်ကြီးဌာနနဲ့ သဘောတူညီထားပြီးသား ဥပဒေကြမ်းလို့ ဒီလိုပဲ အန်တီတို့က သတ်မှတ်လိုက် တာပေါ့နော်။ နောက်မှဒီဟာ မဟုတ်ဘူးဆိုပြီးတော့ ပြောကြတယ်။ အဲဒီတော့ နောက်ပေါ်လာမယ့် အချက် အလက်တွေ၊ သတင်းအချက်အလက်တွေ အပေါ်မှာ အခြေခံပြီးတော့မှ ဆက်ပြောပါမယ်'' ဟု ပြောကြားခဲ့သည်။
ပြည်သူ့လွှတ်တော်တွင် အတည်ပြုခဲ့သော အဆိုပါ ဥပဒေကြမ်းနှင့် ပတ်သက်၍ သူရဦးရွှေမန်းက ''မီဒီယာပုံနှိပ် ထုတ်ဝေခြင်းဆိုင်ရာ ဥပဒေနဲ့ ပတ်သက်လို့ အခုအားလုံး စုစုစည်းစည်းနဲ့ ကန့်ကွက်နေကြ တာနဲ့ ပတ်သက်လို့ အမှန်အတိုင်း ပြောရလို့ရှိရင်တော့ အခုမှပဲ တိတိကျကျ သိရတော့တာ ဖြစ်ပါတယ်။ ဥပဒေတစ်ခုသည် မိမိတို့လွှတ်တော်က ရည်ရွယ်ထားတာက နိုင်ငံနဲ့ နိုင်ငံသား အကျိုးစီးပွား ကို ဖြစ်ထွန်းစေမယ့် ဥပဒေမျိုး ဖြစ်ရမည် ဆိုတဲ့အတွက် အခုပြည်သူ့ လွှတ်တော်မှာ အတည်ပြုပြဌာန်းခဲ့ တယ် ဆိုပေမယ့် ဒါအဆုံးစွန် မရောက်သေးပါဘူး။ ပြည်သူ့လွှတ်တော် ကဏ္ဍမှာပဲ ရှိပါသေးတယ်။ အဲဒီတုန်းကလည်း လွှတ်တော် ကိုယ်စားလှယ်များ အနေနဲ့ မီဒီယာနဲ့ ပတ်သက်ပြီးတော့ သိပ်ပြီးတော့ နားလည်တဲ့ အနေအထားလည်း မရှိပါဘူး။ မရှိတဲ့အတွက် မိမိတို့ဘက်က နားလည်သလောက်နဲ့ ဒီလိုပြဌာန်းပေးလိုက်ခြင်း ဖြစ်ပါတယ်။ ဒီနေရာမှာလည်း ခုနကပြောသလို တကယ်လို့သာ အဲဒီဥပဒေတွေကို မပြဋ္ဌာန်းခင် သက်ဆိုင်ရာ ကော်မတီတွေမှာ အခုလို စုံစုံညီညီ ခေါ်ပြီးတော့သာ အခုလို စုံစုံညီညီ စည်းဝေးတိုင်ပင် ခဲ့မယ်ဆိုရင် ဒီလိုဖြစ်စရာ အကြောင်းမရှိပါဘူး။ ဒါကိုသင်ခန်းစာ ယူပြီးတော့ လွှတ်တော်တွင်းမှာ ပြဌာန်းတဲ့ ဥပဒေများကို သက်ဆိုင်ရာ ကော်မတီတွေက တာဝန်ယူ ရမယ်။ တာဝန်ယူရမယ့် အခါမှာ ဥပဒေကြမ်း ကော်မတီ၊ ဥပဒေကော်မရှင်၊ သက်ဆိုင်ရာ ၀န်ကြီးဌာန အဖွဲ့အစည်းနဲ့ ကျွမ်းကျင်ပညာရှင်များနဲ့ စိတ်ပါဝင်စားသူများ လာရောက်ဆွေးနွေးဖို့ မူလကတည်းက စီစဉ်လိုက်မယ်ဆိုရင် ဒီလိုမဖြစ်နိုင်ပါဘူး။ သို့ပေမဲ့ အချိန် နောက်မကျသေးပါဘူး။ ဆက်လက်ပြီးတော့ လည်း ဆောင်ရွက်လို့ ရနိုင်တဲ့ အနေအထား ရှိပါသေးတယ်'' ဟု ပြောကြားခဲ့သည်။

ယခုတင်သွင်းထားသော ပြန်ကြားရေးဝန်ကြီးဌာနမှ ရေးဆွဲသည့် ဥပဒေနှင့် စာနယ်ဇင်းကောင်စီ (ယာယီ)မှ ရေးဆွဲသော ဥပဒေတို့ကို ၀န်ကြီးဌာနနှင့် ညှိနှိုင်းကာ လွှတ်တော်သို့ အတူတကွ တင်သွင်းရန် သဘောတူညီမှု ရရှိထားကြောင်း သိရသည်။

သို့သော်လည်း ပြန်ကြားရေး ၀န်ကြီးဌာနမှ စာနယ်ဇင်းကောင်စီအား အသိပေးခြင်း မရှိဘဲ တင်သွင်းခဲ့ပြီး ယင်းဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်မှ အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။ ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့သော ယင်းဥပဒေကြမ်းကို အမျိုးသားလွှတ်တော်တွင် ဆက်လက်ဆွေးနွေး ဆုံးဖြတ် ရမည် ဖြစ်သည်။ ဇူလိုင် ၁၇ ရက်က ပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေးအပြီးတွင် ပြန် ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ရုံးခန်းသို့ အချိန်တစ်နာရီကျော်ကြာ သွားရောက် တွေ့ဆုံခဲ့ကြောင်း သိရသည်။ ယင်းသို့ တွေ့ဆုံမှုမှာ မည်သည့်အကြောင်းကြောင့် တွေ့ဆုံခြင်း ဖြစ်သည်ကို မသိရှိရသော်လည်း ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေကြမ်းကို အမျိုးသား လွှတ်တော်တွင် ဆွေးနွေးရန် ပေးပို့ထားသည့် အချိန်နှင့် တိုက် ဆိုင်နေကြောင်း သိရသည်။
Eleven

No comments:

Post a Comment