Friday 19 July 2013

အခွန်ရှောင်ခြင်းကို လျော့စေလိုသောကြောင့် သွင်းကုန်ပို့ကုန်များအပေါ် ကြိုတင်ဝင်ငွေခွန် နှစ်ရာခိုင်နှုန်း ဖြတ်ရခြင်းဖြစ်

လွန်ခဲ့သည့် ဇွန်လ ၄ ရက်မှစ၍ သွင်းကုန်ပို့ကုန်များအားလုံး၏ အခွန်နှုန်း ထားကို နှစ် ရာခိုင်နှုန်း ဖြတ်ရခြင်းမှာ အခွန်ရှောင်ခြင်းကို လျော့ပါးစေရန် အဓိကရည် ရွယ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
လွန်ခဲ့သည့် ကာလများက သွင်းကုန် ပို့ကုန်များ၏ ၅ ရာခိုင်နှုန်းကို အမြတ်ဟု ယေဘုယျ သတ်မှတ်ထားပြီး ယင်းအမြတ်ထဲမှ ၃၀ ရာခိုင်နှုန်းကို အခွန်အဖြစ် သတ်မှတ်ခဲ့ကြောင်း၊ ထိုအခါ သွင်းကုန် ပို့ကုန်များ၏ အခွန်အခမှာ ၁.၅ ရာခိုင်နှုန်းသာ ကောက်ယူခဲ့ကြောင်း၊ နောက်ပိုင်းတွင် အခွန်ဥပဒေသစ်တစ်ရပ် ပြဌာန်းပြီးချိန်တွင် ယင်းကဲ့သို့ အခွန်ပေးသွင်းမှုကို ရပ်ဆိုင်း လိုက်ကြောင်း ပြည် တွင်းအခွန်များ ဦးစီးဌာနမှ သိရသည်။

“အဲလို ၁.၅ ရာခိုင်နှုန်းကို အခွန်အဖြစ် သွင်းခိုင်းပြီး နှစ်ကုန်သွားရင် အခွန်စည်းကြပ်တယ်။ ပိုနေရင် ပြန် အမ်းပေးတယ်။ လိုနေရင် ထပ်သွင်းခိုင်းတယ်။ အဲဒီကနေ အားလုံး ဖြေလျှော့ပေးလိုက်တဲ့ အချိန် ကျတော့ လိမ်တာတွေ ဖြစ်လာတယ်။ စီးပွားရေးသမားတွေ လက်တွေ့လုပ်ရတဲ့ သဘာဝအရ ဥပမာ- ကိုယ်သွင်းလာတဲ့ ပစ္စည်းက သင်္ဘောဆိပ် မရောက်သေးဘူး။ ဝယ်မဲ့သူက အမြတ်ပေးထားပြီးပြီ။ အဲဒီတော့ တခါတည်း လွှဲလိုက်တယ်။ အဲဒါတွေအတွက် အခွန်ဆောင်ပါ ဆိုရင်  အခွန်ရှောင်ကြ တယ်။ နှစ်ရာခိုင်နှုန်း ကောက်ရတဲ့ အဓိက ရည်ရွယ်ချက်က ပြည်တော် မှာ ဆောင်ပါဆိုရင် စာရင်းတွေ လိမ်ကြတယ်။ လှည့်တယ်၊ ပတ်တယ်။အဲဒီပြဿနာတွေကို ရှင်းချင်တဲ့အတွက် သွင်းသွင်း ပို့ပို့ အားလုံးကို ယေဘုယျ နှစ်ရာခိုင်နှုန်း ဆောင်ရမယ်ဆိုပြီး ဖြစ်လာတာ”ဟု ယင်းက ဆက်လက် ပြောကြား သည်။

ပို့ကုန်ပိုင်းတွင် မြန်မာကျပ်ငွေဖြင့် တင်ပို့ပါက ပို့ကုန်တန်ဖိုး ၏ နှစ်ရာခိုင်နှုန်း၊ နိုင်ငံခြားငွေဖြင့် တင်ပို့ပါက တင်ပို့သည့်နေ့ ငွေလွှဲနှုန်းဖြင့်တွက်၍ ရသည့်တန်ဖိုး၏ နှစ်ရာခိုင်နှုန်းကို ကြိုတင်ငွေအဖြစ် မြန်မာ ကျပ်ငွေဖြင့်သာ ကောက်ယူကြောင်း၊ ထို့အတူ သွင်းကုန်တွင်လည်း အကောက်ခွန် စည်းကြပ် တန်ဖိုး၏ နှစ်ရာခိုင်နှုန်းကိုသာ ကြိုတင်ငွေအဖြစ် ကောက်ယူကြောင်း သိရသည်။

ယင်းကောက်ခံမှုများအတွက် ကုန်စည်များကို ချင်းရွှေဟော် နယ်စပ် ကုန်သွယ်ရေး စခန်းမှတဆင့် တင်ပို့မည်ဆိုပါက ယင်းနယ်စပ် ကုန်သွယ်ရေးစခန်း OSS ရုံးတွင်ပင် ကြိုတင်ဝင်ငွေ ခွန် ပေးဆောင်ရမည်ဖြစ်ပြီး တင်ပို့မည့် ပို့ကုန်တန်ဖိုးအပေါ် ယင်းနေ့၏ နိုင်ငံခြားငွေ လဲလှယ်နှုန်းဖြင့် တွက်ချက်၍ ရရှိသည့် ကုန်စည်တန်ဖိုး၏ နှစ်ရာခိုင်နှုန်းကို ပေးဆောင်ရမည်ဖြစ်ကြောင်း အခွန်ဆိုင်ရာ ဝန်ဆောင်မှုရုံးမှ သိရသည်။

“အဲဒါတွေ ကောက်တာကို သွင်းရမယ့် ရုံးတွေက နယ်စပ် ကုန်သွယ်မှုက သွင်းတာဆိုရင် နယ်စပ် ကုန်သွယ်မှု စခန်းတွေမှာ OSS အဖွဲ့တွေ ရှိတယ်။ အဲဒီ OSS အဖွဲ့တွေမှာ ရှိတဲ့ ပြည်တွင်းအခွန်မှာ သွင်းရတယ်။ နယ်စပ်က သွင်းတာ မဟုတ်ဘဲ ပုံမှန်ကုန်သွယ်မှု အဆင့်နဲ့ သွင်းတာဆိုရင် ကာစတမ်က တစ်ခါတည်း ဖြတ်တယ်။ ရန်ကုန်မြို့က လေဆိပ် ရေဆိပ်တွေက သွင်းတာဆိုရင် ကုမ္ပဏီဆိုင်ရာ အခွန်ရုံးမှာ သွင်းရတယ်။ မန္တလေး လေဆိပ်က သွင်းတာဆိုရင် ပြည်ကြီးတံခွန်မှာ သွင်းရတယ်” ဟု ပြည်တွင်း အခွန်များ ဦးစီးဌာနရှိ မြို့နယ် အခွန်ဦးစီးမှူး တစ်ဦးက ပြောကြားသည်။

သို့သော် ခြွင်းချက်အနေဖြင့် Myanmar Economic Coporation သည် ကာကွယ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ နိုင်ငံပိုင် စီးပွားရေး အဖွဲ့အစည်းဖြစ်သည့်အတွက် ပို့ကုန်၊ သွင်းကုန်လုပ်ငန်း များ ဆောင်ရွက်ခြင်းအပေါ် ကြိုတင်ဝင်ငွေခွန် နှစ်ရာခိုင်နှုန်း ကောက်ခံခြင်း မပြုကြောင်း အခွန်ဆိုင်ရာ ဝန်ဆောင်မှုရုံးမှ ထုတ်ပြန်ကြေညာချက် တွင် ဖော်ပြထားသည်။

ရည်မွန်
မြန်မာ့ခေတ်

No comments:

Post a Comment